နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း

ရန်ကုန်၊ သြဂုတ် ၁၃
    နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သြဂုတ်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
    နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေ ပြင်ဆင်သည့်ဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရ ယာယီသမ္မတ(တာဝန်)ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၂ / ၂၀၂၅ ဖြင့်  ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ 
    နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၃ ၌ ပြဋ္ဌာန်းထားသော နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများနှင့် ယင်းတို့၏ အဓိပ္ပာယ်များနှင့် စပ်လျဉ်း၍ ပြင်ဆင်အစားထိုးထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
    နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေ ပုဒ်မ ၃ ကို ၃။ (က) နိုင်ငံတော်အထိမ်း အမှတ်တံဆိပ်၏ အလယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မြေပုံ ပါရှိသည်။ အရွက် ၁၄ ရွက်စီ ပါဝင်သော သပြေခက်များသည် မြေပုံ၏ တစ်ဖက်တစ်ချက်စီတွင် ပါရှိသည်။ နိုင်ငံတော်မြေပုံသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နယ်နိမိတ်ပုံ သဏ္ဌာန်ကိုလည်းကောင်း၊ သပြေခက်များသည် အောင်အတိတ် အောင်နိမိတ်ဆောင် ခြင်းကိုလည်းကောင်း ကိုယ်စားပြုသည်ဟူ၍ အစားထိုးရမည်ဟု ဖော်ပြထားသည်။
    ထို့အပြင် (ခ) သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာ့လက်ရာ ကေသရာဇာ ခြင်္သေ့တစ်စီးစီရှိသည်။ လက်ဝဲဘက်ရှိ ခြင်္သေ့သည် လက်ဝဲဘက်သို့လည်းကောင်း၊ လက်ယာဘက်ရှိ ခြင်္သေ့သည် လက်ယာဘက်သို့လည်းကောင်း မျက်နှာမူလျက်ရှိသည်။ ခြင်္သေ့နှစ်စီးသည် အချုပ်အခြာအာဏာပိုင်စိုးခြင်း၊ ရဲရင့်ခြင်း၊ လုံ့လဝီရိယရှိခြင်းနှင့် ဘေးအန္တရာယ်ဟူသမျှကို ကြီးသည်၊ ငယ်သည်မဟူ တူညီသော အားထုတ်မှုဖြင့် နှိမ်နင်းခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ ခြင်္သေ့နှစ်စီးကို နိုင်ငံတော်မြေပုံ၏ တစ်ဖက်တစ်ချက်တွင် ရံထား ခြင်းမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဟူ သောအဓိပ္ပာယ်ကို ဖော်ညွှန်းသည်ဟူ၍ အစားထိုးရန် ဖော်ပြထား သည်။
    ယင်းအပြင် (ဂ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူသော စာတမ်းကို နိုင်ငံတော်အထိမ်း အမှတ်တံဆိပ် အောက်ခြေဖဲပြားပေါ်တွင် ဖော်ပြထားသည်။ ပြည်ထောင်စုဟူသောစာတမ်းကို လက်ဝဲဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း၊ သမ္မတဟူသောစာတမ်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြေပုံအောက်ရှိ အလယ်ဗဟို တွင်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဟူ သော ထိပ်တွစာတမ်းကို လက်ယာဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း ထားရှိသည်  ဟူ၍လည်းကောင်း၊ (ဃ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏င် ကြယ်လက်တံငါး ခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။ ကြယ်သည် ကောင်းကင်၌ ကိုယ်ပိုင်ပကတိအလင်းရောင်ဖြင့် ထင်ရှားသကဲ့ သို့ မြန်မာနိုင်ငံသည်လည်း အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံအဖြစ် ရပ်တည်သည်ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်ဟူ၍ လည်း ကောင်း အစားထိုးရမည်ဟု ဖော်ပြထားသည်။
    ထို့အတူ (င) ကြယ်၏ တစ်ဖက် တစ်ချက်တွင် မြန်မာ့ရိုးရာကနုတ်ပန်းများဖြင့် ပုံဖော်ထားသည့် မြန်မာပန်းပုံသဏ္ဌာန် ပန်းခက်ပြားများရှိသည်။ ပန်းခက်ပြားများသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေ အနှစ်မြင့်မားခြင်းနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့်ရပ်တည် ခြင်း ဟူသောအဓိပ္ပာယ်ကို ဖော်ညွှန်းသည်ဟူ၍ လည်းကောင်း၊ (စ) နိုင်ငံတော်အထိမ်း အမှတ်တံဆိပ်ကို အောက်ခံအနီရောင်ပေါ်တွင် ရွှေဝါရောင်ဖြင့် ပုံဖော်ထားပြီး တံဆိပ်၏ ကောက်ကြောင်းမျဉ်းများကို အနက်ရောင်ဖြင့်ရေးဆွဲထားသည်။ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပာယ်ကို လည်းကောင်း၊ ရွှေဝါရောင်သည် မြတ်နိုးတန်ဖိုးထား အပ်ခြင်းဟူသော အဓိပ္ပာယ်ကို လည်းကောင်း ဖော်ညွှန်းသည်ဟူ၍ လည်းကောင်း အစား ထိုးရမည်ဟု  ပြင်ဆင်သည့်ဥပဒေတွင် ဖော်ပြထားသည်။
    နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (ခ) ပါ 'ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း'ဆိုသည့် စကားရပ်ကို 'ပြောင်းလဲစေရန် ပြင်ဆင်၍ အသုံးပြုခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း'ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟုလည်း နိုင်ငံတော်အထိမ်း အမှတ်တံဆိပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ဖော်ပြထားသည်။ နဒီ

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49336

© 2022 - 2025 News. All Rights Reserved.