နိုင်ငံရေးပါတီ ၅၂ ပါတီနှင့် NSPNC တို့ ရွေးကောက်ပွဲနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများ ဆွေးနွေးပွဲ ပြုလုပ်မည်

နေပြည်တော်၊ ဒီဇင်ဘာ ၃
    ဒီဇင်ဘာလ ၅၊ ၆ ရက်တွင် နေပြည်တော်၌ နိုင်ငံရေးပါတီ ၅၂ ပါတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)တို့ ရွေးကောက်ပွဲနှင့်လုံခြုံ ရေးဆိုင်ရာ အစီအမံများ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 
    အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။ "ရွေးကောက်ပွဲဆိုင်ရာ အနာဂတ်ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး၊ နောက်တစ်ခုက မဲရုံလုံခြုံရေးပေါ့၊ ရွေးကောက်ပွဲနှင့်လုံခြုံရေးဆိုင်ရာ အစီအမံများ ဆွေးနွေးပွဲပါ။ NSPNC က ဖိတ်တာ။ ကျွန်မတို့ကတော့ ဖက်ဒရယ်ကို ဆွေးနွေးမယ်။ လုံခြုံရေးပိုင်းကတော့ ကျန်တဲ့ပါတီတွေကလည်း ဝိုင်းဝန်း ဆွေးနွေး အကြံပေးကြမှာဆိုတော့ ကျွန်မတို့က မပြောတော့ဘူး။ အစိုးရပိုင်းကလည်း လုံခြုံရေးက လုပ်ရမှာဆိုတော့။ ပါတီတွေကတော့ လက်ရှိကိုယ့်ဒေသ အခြေအနေအပေါ် မူတည်ပြီး အကြံပေးကြမှာ။ အရင်တုန်းက NSPNC နဲ့ နိုင်ငံရေးပါတီ ၁၆ ပါတီနဲ့ တွေ့တာများတယ်။ ၅၂ ပါတီက အရင်တစ်ခေါက်က စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းတဲ့ပွဲရယ်။ အခုတစ်ကြိမ်ရယ် တွေ့ဆုံတာပါ။ NSPNC နဲ့ တွေ့ဆုံ မှုတွေမှာ တိုးတက်မှုတွေ ရှိပါတယ်။ အရင်တုန်းက ကိစ္စတစ်ခုကို ဆွေးနွေးရင် ကြာတယ်။ အခုကတော့ အဆင်ပြေပြေ ရှိတယ်။ နားလည်မှုပိုရှိတယ်၊ ပါတီတွေ တင်ပြချက်တွေကိုလည်း လက်ခံပေးတယ်"ဟု ၎င်းကပြောသည်။ 
    လက်ရှိ နိုင်ငံရေးပါတီများ အားလုံးက စစ်ရေးဘောင်ကျဉ်း၍ နိုင်ငံရေးဘောင်ကို ကျယ်စေချင်ပြီး ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ပြုလုပ်လိုသည့် စိတ်ဆန္ဒရှိကြကြောင်း ကရင်ပြည်သူ့ ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။ 
    "သီအိုရီအရတော့ စစ်ဘောင်ကျဉ်းပြီး နိုင်ငံရေးဘောင်ကျယ်ရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ စစ်ဘောင်က ကျယ်နေသေးတယ်။ နိုင်ငံရေးဘောင်ကို မချဲ့နိုင်သေးဘူး။ ဟိုဘက်ကလည်း မရဘူး။ အဆုံးထိလုပ် မယ်ဆိုတော့ ဒီဘက်ကလည်း ဘယ်လျှော့ မလဲ။ လက်နက်ကိုင်ထားတဲ့ လူတွေအားလုံး မလျှော့ကြရင် ပြည်သူလူထုကကြားက နင်းပြားပဲဖြစ်မှာ။ ဒီဘက်ကတော့ လျှော့တဲ့ အနေနဲ့ PDF ကိုတောင် နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာတွေ လုပ်တယ်။ သူတို့က မလာတဲ့အပြင် စစ်ရှိန်တောင် တိုးမယ့်သဘောရှိတယ်။ ဘယ်လိုလုပ်မလဲ။ အဆုံးထိ မိုက်တွင်း နက်နေကြရင်တော့ မတတ်နိုင်ဘူး။ အဖြေကတော့ နှစ်ဖက်လုံး ဖြေလျှော့ပြီး ညှိနှိုင်းစေချင်တယ်။ ဟိုဘက်ကလည်း ထောက်ပံ့ကြေးတွေ ရနေတော့ မလျှော့ချင်ဘူး။ သူတို့က အဆုံးထိ သွားမယ်ဆိုရင် ဒီဘက်ကလည်း ဘယ်လျှော့မလဲ။ ရွေးကောက်ပွဲကလည်း လုပ်မယ်ဆိုတာ ရွေးကောက်ပွဲကို ဖျက်ချင်တဲ့ သူတွေကလည်း ရှိနေတာ။ အဲဒီ အန္တရာယ်တွေကလည်း ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သဘောထားကလည်း လိုအပ်သေးတာပဲ။ ဒီလိုပဲနေလို့ကတော့ ဘာအဖြေမှ မထွက်ဘူးလေ။ အန်တီတို့ပါတီတွေ အားလုံးကတော့ စစ်ဘောင်ကို ချုံ့စေချင်ကြပြီ။ လူထုက အခု ဘာလုပ်ရမှန်း မသိဘူး။ ရွေးကောက်ပွဲကတော့ ပါတီအားလုံးက စိတ်အားထက်သန်ကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စိုးရိမ်စိတ်တွေ ရှိကြတယ်။ မျှော် လင့်တာကတော့ အရပ်သားအစိုးရ ဖြစ်လာဖို့ပါ"ဟု ၎င်းကပြောသည်။ 
    ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။  ကွန်းဈာန်

Total Views ~ 201

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43741

© 2022 - 2025 News. All Rights Reserved.