ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ကျောက်ကပ်အစားထိုးရန်လိုအပ်သော ကျောက်ကပ်ရောဂါ လူနာများအား ပြည်တွင်း၌ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ပထမအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ဒီဇင်ဘာ ၁၁ ရက်တွင် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေပြည်တော် ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် နေထိုင်သူ အသက် (၃၀) နှစ်ရှိ အမျိုးသားဖြစ်ပြီး ကျောက်ကပ်လှူဒါန်း သူမှာ ဖခင်တော်စပ်သူ အသက် (၅၄) နှစ် အမျိုးသားဖြစ်သည်ဟု သိရသည်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင် နှစ်ဦး၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် လိုအပ်သော ပြုစုကုသမှုများကို ဆောင်ရွက်နေကြောင်း သိရသည်။
ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ရန်ကုန်တွင် လစဉ် ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ပထမအကြိမ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် တာဝန်ရှိ သူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့်ကျောက်ကပ် အလှူရှင်တို့အား တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထူးမြတ်