၂၀၂၄ ၊ မတ် ၂၈
နိုင်ငံရေးသမားကောင်းမှ တိုင်းပြည်ကောင်းမည်ဖြစ်သဖြင့် နိုင်ငံရေးသမားကောင်းများ မွေးထုတ်ပေးနေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားလိုက်သည်။
မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမ၌ ပြုလုပ်သော မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပါတီဝင်အသစ် ၁၇၄၁ ဦး၏ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"မိမိတို့ပါတီဟာ သမိုင်းလိုအပ်ချက် နိုင်ငံတော်လိုအပ်ချက်အရ ဖြစ်တည်လာခဲ့သည့် သမိုင်းကြောင်းကောင်းသည့် အသင်း/ပါတီကြီးဖြစ်ကြောင်း၊ နိုင်ငံရေးသမားကောင်းမှ တိုင်းပြည် ကောင်းမည်ဖြစ်၍ မိမိတို့ ပါတီအနေဖြင့် ပါတီဝင်နိုင်ငံရေးသမား ကောင်းများအား မွေးထုတ်ပေးလျက်ရှိ ကြောင်းနှင့် လက်ရှိ မိမိဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ပြည်သူများ၏ အနာဂတ်ဘဝများ တိုးတက်စေရန် ရေတိုရေရှည် လုပ်ငန်းစီမံချက်များ ချမှတ် ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း"ပြောကြားခဲ့သည်။
ထို့အပြင် ''ပါတီဝင်တစ်ဦး ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုလည်း အပ်နှင်းပါကြောင်း၊ ပါတီဝင်များဖြစ်ကြပြီဖြစ်သည်နှင့်အညီ ပါတီအပေါ်ကို သစ္စာစောင့် သိရမည်ဖြစ်ပါကြောင်း၊ မိမိတစ်ဦး တစ်ယောက်မှသည် ပြည်သူအများ ပါဝင်လာအောင် စည်းရုံးဆောင်ရွက်နိုင်သော စည်းရုံးရေးသမား ကေဒါကောင်းများဖြစ်အောင် ကြိုးစားနိုင်ကြပါစေကြောင်း" ပြောကြားခဲ့သည်။
အဆိုပါ ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသည့် ဒေါက်တာမောင်သင်း၊ ဒေါက်တာ အောင်မြတ်ဦး၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ ဦးတင့်လှိုင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦး အောင်ကျော်မိုးနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင်များ၊ မြို့နယ်များမှ တာဝန်ရှိသူ များ၊ ပါတီဝင်အသစ် ၁၇၄၁ ဦးတို့ တက် ရောက်ခဲ့ကြကြောင်း သိရသည်။