ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဝင်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၁၈
    ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ၌ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်း ရရှိခဲ့ရာ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် CMP စနစ်လုပ်ငန်းများ၊ ဆိုလာစနစ်အသုံးပြုသည့် လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ပြောသည်။
    "ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ CMP စနစ်လုပ်ငန်း၊ တိရစ္ဆာန်အစာ ထုတ်လုပ်တဲ့လုပ်ငန်း၊ စိုက်ပျိုးရေးသွင်းအားစုထုတ်လုပ်တဲ့လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ဆိုလာစနစ်အသုံးပြုတဲ့လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ဖို့ ဖိတ်ခေါ် ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ခွင့်ပြုပေးထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို သတ်မှတ်ကာလအတွင်းမှာ လုပ်ငန်းဆောင်ရွက်ခြင်းရှိ၊ မရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ အပြည့်အဝကောက်ခံရရှိဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
    ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်တစ်ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၈၆ သန်းနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းနှစ်ခုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉၄ သန်း၊ စုစု ပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိသူ ၁၄၀ အား ဖန်တီးပေးနိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 
    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၈၀၂ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၁၀၆၈၄၃ ဒသမ ၈၃၂ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၂၈၅၇ ဦး ဖော်ဆောင်ပေးနိုင်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ်တိုးခြင်း တစ်ခု၊ မြန်မာနိုင်ငံသား ကုမ္ပဏီနှစ်ခုမှ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် နှစ်ဘီး၊ သုံးဘီး တပ်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းနှစ်ခု၊ မတည်ရင်းနှီးငွေ ပမာဏတိုးမြှင့်ခြင်းလုပ်ငန်းတစ်ခု၊ လုပ်သားအင်အား တိုးမြှင့် ခန့်ထားခြင်းလုပ်ငန်းတစ်ခုနှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်းလုပ်ငန်းတစ်ခုတို့ တိုးတက်ဝင်ရောက်ခဲ့သည်။  ကွန်းဈာန်

 

Total Views ~ 127

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43103

© 2022 - 2025 News. All Rights Reserved.