ပြည်တွင်း ဖူဆယ်လိဂ်ပြိုင်ပွဲဝင်အသင်းများ ပြည်ပကစားသမားခေါ်ယူမှု မြင့်တက် 

ရန်ကုန်၊ ဇန်နဝါရီ ၈
    MFF Vita Max Futsal League (1)  ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ရှိ MFF Futsal Stadium တွင် ကျင်းပလျက်ရှိပြီး ယခုနှစ်ပြိုင်ပွဲတွင် ယခင်နှစ်ကထက် ပြည်ပကစားသမားခေါ်ယူမှု မြင့်တက်လာကြောင်း ပြည်ပကစားသမားခေါ်ယူမှု မှတ်တမ်းများအရ သိရသည်။ 
    MFF Vita Max Futsal League (1) ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ကျင်းပခဲ့ပြီး စုစုပေါင်းအသင်း ၁၀ သင်းပါ ဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြည်ပကစားသမား ခေါ်ယူမှုအဖြစ် ထိုင်း၊ ဘရာဇီး၊ အာဖဂန်နစ္စတန်၊ အီရန်ကစားသမားများကို ပြိုင်ပွဲဝင်အသင်းများ အပြိုင်အဆိုင်ခေါ်ယူ လျက်ရှိသည်။
    မြန်မာဖူဆယ်လိဂ် (၁) ပြိုင်ပွဲ၏ ထိပ်တန်းကလပ်အသင်းတွေဖြစ်သည့် VUC အသင်း၊ MIU အသင်း၊ MH Dream Team  အသင်းနှင့် YRG အသင်းတို့မှာ ပြည်ပကစားသမားများကို အသီးသီး ခေါ်ယူနေပြီး MIU အသင်းက ထိုင်းကစားသမား Keattisak ကို လည်းကောင်း၊ VUC အသင်းက ထိုင်းက စားသမားများဖြစ်သည့် Tairong နှင့် Tnanasak တို့ကိုလည်းကောင်း၊ YRG အသင်းက အာဖဂန်နစ္စတန်က စားသမား Samimi နှင့် ဘရာဇီးကစားသမား TOTA၊ MH Dream Team မှ အီရန်ကစားသမားများဖြစ်သည့် Alireza bohlouli နှင့် Seyedehsan တို့ကိုလည်းကောင်း အသီးသီးခေါ်ယူထားကြောင်းသိရသည်။ 
    "မြန်မာဖူဆယ်ကလပ် MH. Dre-am Team Futsal Club အတွက် အီရန်ဖူဆယ်ပလေယာနှစ်ဦး ခေါ်ယူပေးနိုင်ခဲ့ပါတယ်။ အသက် (၂၈) အရွယ် အက်ဆန်က အီရန်ဖူဆယ်စီနီယာ လက်ရွေးစင်အဖြစ် ၂၀၁၆ ကနေ ၂၀၂၂ အထိ ကစားခဲ့ပါတယ်။ အက်ဆန်က Fixed နေရာ အဓိကကစားသူပါ။ ဒါပေမဲ့ အီရန် လက်ရွေးစင်အဆင့် ပလေယာဆိုတော့ ခံစစ်၊ တိုက်စစ်စွယ်စုံ ရပါတယ်။ အသက် (၂၉) အရွယ် အလီကတော့ AlA နေရာ ကစားသူ ဖြစ်ပါတယ်။ 
    သူတို့ နှစ်ဦးလုံးဟာ အီရန်သက်တမ်းအလိုက် လက်ရွေးစင်တွေ အတူကစားခဲ့ကြပြီး U20 ကစား ပွဲအပြီးမှာတော့ အလီက ပြည်ပပရိုကလပ်တွေဆီ ထွက်ကစားခဲ့ပါတယ်။ အက်ဆန်ကတော့ ပြည်တွင်း ပရီးမီးယားလိဂ်ကလပ်မှာ ကစားရင်း လက်ရွေးစင် ဖြစ်လာသူပါ။ ဒီ Deal ဟာ ကျွန်တော့် အေဂျင်စီရဲ့ ပထမဆုံးဖူဆယ် Deal လည်း ဖြစ်ပါတယ်။ ပထမဆုံး Deal မှာပဲ လက်ရွေးစင်အဆင့် Quality ပလေယာတွေ မြန်မာ ကလပ်အတွက် ခေါ်ယူပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်"ဟု မြန်မာစပါယ်ရှယ် အားကစား စီမံခန့်ခွဲမှုကုမ္ပဏီမှ လိုင်စင်အေးဂျင့် ဦးရဲနိုင်ဝင်းက ပြောသည်။ 
    MFF Vita Max Futsal League (I) 2024-25 ပြိုင်ပွဲတွင် အသင်းပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ချန်ပီယံရရှိသော အသင်းသည် AFC Futsal Club Championship ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွက် မြန်မာဖူဆယ်အသင်း၏ ရပ်တည်မှု မှာအာရှ အဆင့်(၁၁)တွင် ရပ်တည်လျက်ရှိသည်။ ထူးမြတ်

Total Views ~ 117

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43196

© 2022 - 2025 News. All Rights Reserved.