ရန်ကုန်၊ ဒီဇင်ဘာ ၃
ပြည်သူ့ပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပါတီရုံးပေါင်း ၁၃ ခု ဖွင့်လှစ်ထားပြီ ပါတီရုံးပေါင်း ၃၀ အထိ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ယင်းပါတီမှ သိရသည်။
လက်ရှိအချိန်အထိ တိုက်ကြီး၊ မင်္ဂလာဒုံ၊ လှည်းကူး၊ လှိုင်သာယာ (အရှေ့)၊ လှိုင်သာယာ (အနောက်)၊ လှိုင်၊ ရွှေပြည်သာ၊ သန်လျင်၊ ကျောက်တန်း၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ မှော်ဘီ၊ ရန်ကင်း စသည့် မြို့နယ် ၁၃ ခုတွင် ပါတီရုံးခန်းများ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
"လက်ရှိ ရုံးဖွင့်ပြီးတော့ ရုံးထိုင်နေတာက ရုံးပေါင်း ၁၃ ခုပေါ့။ နောက်ထပ် ခုနစ်ရုံး ထပ်ဖွင့်ဖို့ ရှိတယ်။ အဲဒီခုနစ်ရုံးကတော့ ဒီဇင်ဘာနဲ့ လာမယ့် ဇန်နဝါရီလအတွင်းမှာ ဖွင့်မှာပါ။ ကျွန်တော်တို့က ရန်ကုန်တိုင်းမှာ မြို့နယ် ၃၀ ဖွင့်မှာ အခု ၁၃ ခုဖွင့် ထားပြီးပြီဆိုတော့ ကျန်တဲ့ ၁၇ ခု ထဲကနေ ခုနစ်ခုကို ထပ်ဖွင့်မှာ။ ၁၇ ခုလုံးကတော့ ပြင်ဆင်နေတယ်။ အရင်ဆုံးပြီးတဲ့ မြို့နယ် ခုနစ်ခုကို ဒီဇင်ဘာ၊ ဇန်နဝါရီမှာ အပြီးဖွင့်မှာပါ။ အခုဖွင့်ထားတဲ့ ရုံး ၁၃ ခုလုံး ရုံးထိုင်နေ ပြီ။ ဒေသခံပြည်သူလူထုက သူတို့လိုအပ်တဲ့ အကူအညီတွေ လာတောင်းမယ်ဆိုရင် အဲဒီ မြို့နယ်ရုံးတွေကနေ ဆောင်ရွက်ပေးနေတယ်။ ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးချင်တယ်။ အကြံပေးချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ မြို့နယ်ရုံးတွေမှာ လာပြီးတော့ ပြောဆိုဆွေးနွေးလို့ရတယ်"ဟူ၍ ဦးလှဌေးက ဆက်ပြောသည်။
ပြည်သူ့ပါတီသည် ပုဇွန်တောင် မြို့နယ်တွင် ပြည်သူ့ပါတီ ဗဟိုဌာနချုပ်ဖွင့်လှစ်ပြီး မင်္ဂလာ တောင်ညွန့်မြို့နယ်တွင် ယင်းပါတီ၏ ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းလှစ်ထားသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ နယ်၊ ညောင်တုန်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင်လည်း မြို့နယ်ပါတီရုံးခန်းများ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ညီသစ်