ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံတစ်ခု သင့်တော်သည့် အချိန်တွင် ကျင်းပနိုင်ရေး  သုံးပွင့်ဆိုင်တွေ့ ဆုံပွဲတွင် အဆိုပြုခဲ့ဟု ဦးကိုကိုကြီးပြော 

ရန်ကုန်၊ သြဂုတ် ၂၈
    ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံတစ်ခု သင့်တော်သည့်အချိန်တွင် ကျင်းပနိုင်ရေးအတွက် သုံးပွင့်ဆိုင်တွေ့ဆုံပွဲ၌ အဆိုပြုခဲ့ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ နေပြည်တော်တွင် သြဂုတ် ၂၃ ရက်က တွေ့ဆုံ၍ သုံးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးစဉ် ယင်းသို့ အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
    (အခု ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးပမ်းနေခြင်းသည် ပဏာမကြိုးပမ်းချက်သာ ဖြစ်တယ်။ ကျွန်တော်တို့က ထပ်ပြီးတော့ တင်ပြတယ်။ နောင်သင့်တော်တဲ့အချိန်မှာ၊ အကယ်၍ ရွေးကောက်ပွဲတွေ ဘာတွေဖြစ်သွားပြီး လွှတ်တော်တွေ ပေါ်လာပြီးတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံတစ်ခု ကျင်းပဖို့ အဲဒီ တွေ့ဆုံပွဲမှာ အဆိုပြုခဲ့တယ်။ အဲဒါကျတော့ ပါတီ‌တွေချည်းပဲ မဟုတ်တော့ဘူး။ အရင်တုန်းကဆိုရင် လက်နက်ကိုင်တွေလည်းပါတယ်။ တတ်သိပညာရှင်တွေလည်းပါတယ်။ ပါပြီးတော့ ပြည်ထောင်စု သဘောတူညီချက်တွေရဖို့အတွက် လုပ်တဲ့နေရာမှာ နိုင်ငံရေး ပါတီတွေ သက်သက်မဟုတ်ဘူး။ အဲဒီလို ကျယ်ပြန့်တဲ့ ညီလာခံတစ်ခု၊ ဖွဲ့စည်းပုံတစ်ခုလုံးကို ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံတစ်ခု၊ ဒါကို အချိန်ကိုအတိအကျသတ်မှတ်လို့ မရသေးပေမယ့် သင့်တော်တဲ့အချိန်မှာ ကျင်းပခြင်းအားဖြင့် အခုဆွေးနွေးပွဲတွေမှာ မပါသေးတဲ့ ပုဂ္ဂိုလ်တွေပါ ပါဝင်ပြီးတော့ ကျယ်ပြန့်တဲ့ ဆွေးနွေးမှုဖြစ်ဖို့ ဒါကို အဆိုပြုခဲ့တယ်"ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သြဂုတ် ၂၅ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည် ။
    ထို့အပြင် ယခင့်ယခင် ရွေးကောက်ပွဲများကာလ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ကြိုတင်သဘောတူညီမှု၊ ကြိုတင်ညှိနှိုင်းမှုများ မပြုလုပ်ခဲ့၍ နိုင်ငံရးပြဿနာများ ပေါ်ပေါက်ခဲ့ရသည့်အတွက် လက်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များ တွေ့ဆုံမှုများတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ မကျေလည်မှုများ ကို ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
    "ပထမတစ်ကြိမ် ကျွန်တော်ဆွေးနွေးတယ်။ အသေးစိတ် ချပြလို့မရ‌သေးပေမယ့် သဘောတူချက် အတော်လေးရခဲ့တယ်။ အခု ဒုတိယအကြိမ်‌ဆွေးနွေးပြီးတော့ ပြန်လာတယ်။ နောက်ထပ် သဘောတူညီချက် တချို့ထပ်ရခဲ့တယ်။ တချို့ကိစ္စတွေကတော့ မူအားဖြင့် သဘောတူညီတယ်။ အသေးစိတ်ကို ဆက်လက်ဆွေး‌နွေးမယ်။ တချို့ကိစ္စတွေ ကျတော့ သူ့သဘောထား ကိုယ့်သဘောထား မတူညီတဲ့အတွက်ကြောင့် သူ့သဘောထားကိုလည်း မှတ်တမ်းတင်တယ်။ ကိုယ့်သဘောထားကိုလည်း မှတ်တမ်းတင်တယ်။ ဆုံးဖြတ်ချက်အဆင့်ကို မရောက်သေးတဲ့အချက်တွေ လည်းရှိခဲ့တယ်။ အဲဒါတွေကိုလည်း အနည်းဆုံး နှစ်လတစ်ကြိမ်လောက် ဒီလိုမျိုး ဆွေးနွေးပွဲတွေလုပ်မယ်လို့ သဘောတူလျာထား ထားတာဖြစ်တဲ့အတွက်ကြောင့် နောက် အကြိမ်တွေမှာ ဆက်ပြီးတော့ ဆွေးနွေး မယ်။ အဲဒီလို ဆွေး‌နွေးတဲ့အခါမှာ အရင့်အရင်တုန်းက ပြင်လို့မရတဲ့အချက်တွေ ပြင်နိုင် မယ့်အခွင့်အလမ်း ပေါ်လာတယ်။ ပြင်တာကတော့ ကာယကံမြောက် လွှတ်တော်ပေါ်လာမှ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ကြိုတင်သဘော တူထားတာတွေကို ဟိုမှာ ထပ်ငြင်းစရာ မလိုတော့ဘူး။ အဲဒါကို တစ်ခါတည်း ဆုံးဖြတ်ချက်ချပြီးတော့ တရားဝင် ပြင်ဆင်မှုဆက်လုပ်မယ်။ သို့သော် အဲဒီပြင်ဆင်မှုက ပြီးပြီလားဆိုတော့ မပြီးသေးဘူး။ အမေရိကန်ဖွဲ့စည်းပုံ အနှစ် ၂၀၀ ကျော်တယ်၊ ပြင်လို့မဆုံးဘူး။ ပြင်နေ တုန်းပဲ။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို ဟိုတုန်းကဆွဲထားတဲ့ စိတ်ကူးစိတ်သန်းနဲ့ နောက်ကာလတွေမှာ ပေါ်ပေါက်လာတဲ့ နည်းပညာပြောင်းလဲမှုတွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ တောင်းဆိုမှုတွေဆိုတာ အမြဲတမ်းပြောင်းနေတာ။ အဲဒီတော့ သွေးထွက်သံယိုမရှိဘဲနဲ့ ပြင်နိုင်ဖို့ဆိုရင် အဲဒီဖွဲ့ စည်းပုံကို စဆွဲကတည်းက ခိုင်မာတဲ့ အား လုံးနဲ့ ယေဘုယျကျ‌တဲ့ အခြေခံမှုတွေ ထည့်သွင်းနိုင်ဖို့လိုတယ်။ စဆွဲကတည်းက တစ်ဖက်သတ်ဆွဲထားမယ်ဆိုရင် ပြင်ဖို့ခက်တယ်၊ သို့သော် ပြင်ရမယ်။ တောင့်ခံလို့မရဘူး။ အခုဟာက တောင့်ခံလို့ဖြစ်တဲ့ ပြဿနာတွေ အများကြီးပါတယ်"ဟု ဦးကိုကိုကြီးက ပြော သည်။
    ထို့အပြင် ပြုပြင်ပြောင်းလဲရေး စဉ်းစားရာတွင် အနှစ် ၂၀ စာလား၊ အနှစ် ၃၀ စာ စသည်ဖြင့် အနာဂတ်နိုင်ငံတော်အတွက် စဉ်းစားကြရမည်ဖြစ်၍ ရေတို၊ ရေ လတ်၊ ရေရှည်အတွက် နယ်ပယ်အသီး သီးမှ ခေါင်းဆောင်များ တတ်သိပညာရှင်များပါ ဝင်သည့် ညီလာခံတစ်ခု‌၊ ဆွေးနွေးပွဲတစ်ခု ပြုလုပ်နိုင်ရန်လည်း သုံးပွင့်ဆိုင် တွေ့ဆုံပွဲတွင် အဆိုပြုခဲ့ကြောင်း သိရသည်။ ယင်းအဆိုပြုချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံထက် ပိုမိုကျယ်ပြန့်ပြီး စီးပွားရေးပြုပြင် ပြောင်းလဲမှု၊ လူမှုရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံတကာအ ပြောင်းအလဲများ ချိတ်ဆက်ပြီး နိုင်ငံကို ရေရှည်အတွက် ဆွေး‌နွေးညှိနှိုင်းနိုင်ရန် သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွင် ထည့်သွင်းဆွေးနွေး အဆိုပြုခဲ့ခြင်းဖြစ် ကြောင်း ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ညီသစ်

Total Views ~ 134

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43196

© 2022 - 2025 News. All Rights Reserved.