ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ဘဏ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေး ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
MTB ဘဏ်နှင့် MCEF တို့ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်က MCEF ခန်းမတွင် ကျင်းပခဲ့ပြီး နားလည်မှုစာချွန်လွှာကို MCEF ဥက္ကဋ္ဌ ဦးရှိန်ဝင်းက လည်းကောင်း၊ MTB ဘဏ်ဒုဥက္ကဋ္ဌ ဦးသိန်းဟန်ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အသင်းဝင်များ ၏အနာဂတ် ပိုမိုအောင်မြင်စေရေးနှင့် လုပ်ငန်းဆောင်တာများ အချိန်နှင့် တစ်ပြေးညီ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များအား ကူညီပံ့ပိုးခြင်း (Financing Facility)နှင့် ဘဏ်မှ ချေးငွေထုတ်ချေးခြင်း (Lending)၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် Banking Product များဖြင့် ပံ့ပိုးကူညီပေးရေးဟူသော မြန်မာ့ခရီးသွားဘဏ် (MTB)၏ ရည်ရွယ်ချက်ဖြင့် နှစ်ဦးနှစ်ဖက်၏ ရည်ရွယ်ချက်များ ကူးလူးယှက်နွှယ်၍ အပြန်အလှန် အကျိုးဖြစ် ထွန်းစေရန် အလို့ငှာ MoU ရေးထိုးခဲ့ကြောင်း MTB ဘဏ်မှ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ဆောက်လုပ်ရေး၏ အခန်းကဏ္ဍသည် အဓိကအားထားရသော ကဏ္ဍအဖြစ် ပါဝင်နေသည်နှင့်အညီ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်၏ အသင်းဝင်များအနေဖြင့် နိုင်ငံတော်၏ အဖွဲ့အစည်းများ၊ ကုန်သွယ်မှုလုပ်ငန်းအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၊ ပညာရှင်အဖွဲ့အစည်းများနှင့် ညီညွတ်စွာ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာ့ခရီးသွားဘဏ်နှင့်အတူ လက်တွဲကာ အပြန်အ လှန် အကျိုးဖြစ်ထွန်းစေရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ သတင်းထုတ် ပြန်ခဲ့သည်။ နဒီ