ရန်ကုန်၊ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)တွင် MSME ကဏ္ဍမှ ပါဝင်မှုရာခိုင်နှုန်းကို တွက်ချက်ထားရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မှာကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ အဆိုပါ ဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ဇန်နဝါရီ ၁၉ ရက်က တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အထက်ပါအတိုင်း မှာကြားခဲ့သည်။
ထို့အပြင် "ထုတ်လုပ်မှု တိုးတက်လျှင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ထုတ်ကုန်ပစ္စည်းများ အမြောက်အမြား ထုတ်လုပ်နိုင်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးအရင်းအနှီးရရှိရေးတို့ကို စီမံဆောင်ရွက်ပေးရမည်" ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နည်းပညာရရှိရေးအတွက် စက်မှုလုပ်ငန်းများနှင့် တက္ကသိုလ်များ ချိတ်ဆက်ဆောင်ရွက်ရ မည်ဖြစ်ပြီး MSME များသည် ဒေသတွင်းရှိ ပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်၍ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က မှာကြားခဲ့သည်။ နဒီ