ရန်ကုန်၊ မေ ၁၄
မန္တလေးမြို့နယ် ခြောက်မြို့နယ်အတွင်းက ဆောက်လုပ်ဆဲအဆောက်အအုံများ ခေတ္တရပ်နားထားရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိပေး ထုတ်ပြန်ထားသည်။
မတ် ၂၈ ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ကျရောက်သော မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရစသည့် မြို့နယ်ခြောက်ခုအတွင်း ဆောက်လုပ်ဆဲအ ဆောက်အအုံများ၏ ပင်မတိုင်များ ပျက်စီးမှု ရှိမရှိ ပြန်လည်စစ်ဆေးရန် လိုအပ်သည့်အတွက် ခေတ္တရပ်နားထားကြရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားဝင်ဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေး၍ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ပျက်စီးမှုရှိ မရှိစိစစ်ပြီး တင်ပြချက်အပေါ် အဆောက်အအုံ ဆောက်လုပ်ခြင်းအား ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး ပင်မတိုင်များ ပျက်စီးမှုရှိပါက ဆက်လက် တည်ဆောက်ခွင့်မပြုဘဲ ပြန်လည်တည် ဆောက်ရမည်ဖြစ် ကြောင်း အသိပေးထားသည်။
အဆိုပါ အချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ အသိ ပေးကြေညာထားသည်။
"အခုလို အသိပေးထုတ်ပြန်တာ ကောင်းပါတယ်။ ဒီငလျင်မှာ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ ခဲ့ရပြီးပြီ။ အခု ပြန်ပြင်တဲ့ အဆောက်အအုံတွေက အသစ်ဆောက်တာ မဟုတ်တော့ အင်ဂျင်နီယာ ပညာရပ် ပိုသုံးသင့်တယ်။ အဲဒီလို ပိုသုံးရမှာကို ဘာတွက်ချက်မှု၊ စစ်ဆေးမှုမှမပါဘဲ လုပ်မယ်ဆိုရင်၊ လုပ်သားတွေနဲ့ပဲ ပြင်တယ်ဆိုရင် စိတ်ချရမှု အားနည်းတာပေါ့။ ဆောက်လက်စတွေကလည်း တိုင်တွေ နာသွားနိုင်တယ်။ တိုင်တွေနာရက်နဲ့ ဆက်တက်နေရင် အဓိကကတော့ ခြေထောက်မကောင်းဘဲနဲ့ ဝိတ်တွေအများကြီး ထမ်းခိုင်းလို့ရှိရင် လဲနိုင်တာပေါ့။ အင်ဂျင်နီယာတွေရဲ့ စစ်ဆေးမှုလိုတယ်။ ငလျင်ဆိုတာက ကိုဗစ်လိုပါပဲ။ ကိုဗစ်တုန်းက ကိုယ့်ကိုယ်ကိုယ် ရောဂါရှိ၊ မရှိဆိုတာက စစ်ဆေးမှု ခံယူရသေး တာပဲ။ အခု ငလျင်ကလည်း တစ်မြို့လုံးထိတာ ကိုယ့်အဆောက်အအုံ ထိ၊ မထိ စစ်ဆေးသင့်တယ်။ လုံးဝမထိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ အနည်းနဲ့ အများတော့ ထိမှာပါ။ ဒါကြောင့် စစ်ဆေး သင့်ပါတယ်" ဟူ၍ မန္တလေးမြို့ခံ အဆောက်အအုံ အင်ဂျင်နီယာပညာရှင်တစ်ဦးက ပြော သည်။
ယင်းမြို့နယ် ခြောက်မြို့နယ်အတွင်းရှိ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံရသော အဆောက်အအုံပိုင်ရှင်များအနေဖြင့် မိမိတို့အဆောက်အအုံအား ပြန်လည်ပြင်ဆင်လိုသည်များနှင့် ပတ်သက်၍ PE ? RSE လိုင်စင်ရ အင်/ယာများ၏ ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Method Statement နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့်ကုန်ရုံဌာနသို့ ပြန်လည်လျှောက် ထားရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ အသိပေးထားသည်။ နဒီ