မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ခရီးစဉ်ဒေသတစ်ခု ဖော်ဆောင်မည်

၂၀၂၄ ၊ ဖေဖော်ဝါရီ ၆
    နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ပြည်ပခရီးသွားများ ဖူးမြော်လည်ပတ်ရာ ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်မည်ဖြစ် ကြောင်း သိရသည်။
    ရုပ်ပွားတော်မြတ်ကြီးမှာ လက်ရှိတွင် ပြည်တွင်းခရီးသွားများ များပြားစွာ အစဉ်မပြတ် လာရောက်ဖူးမြော်လျက်ရှိပြီး ပြည်ပဘုရားဖူး ခရီးသွားလုပ်ငန်းအတွက်လည်း ဆွဲဆောင်မှုရှိသောကြောင့် ရန်ကုန်နှင့်မန္တလေးကဲ့သို့ ပြည်တွင်းပြည်ပ ခရီးသွားများ အစဉ်မပြတ်လာရောက်သည့် ခရီးစဉ် ဒေသတစ်ခုအဖြစ် ဖော်ဆောင်တော့မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦး အောင်အေးဟန်က ပြောသည်။ 
    "မြန်မာနိုင်ငံရဲ့ ခရီးစဉ်တွေမှာ အဓိကအားဖြင့် ဝင်ရောက်လာတာက ရန်ကုန်၊ မန္တလေး အဓိက လာကြတာပေါ့နော်။ နေပြည်တော်ကလည်း နိုင်ငံတကာလေ ကြောင်းလိုင်းတွေ ဆင်းသက်နိုင်တဲ့လေ ဆိပ်ရှိပါတယ်။ သို့သော်လည်း လတ်တလော အခြေအနေမှာတော့ နိုင်ငံတကာလေ ကြောင်းလိုင်းတွေက အဆင်းနည်းနေသေးတဲ့အတွက် နေပြည်တော်ကို ဧည့်သည်လာရောက်မှုက ပြည်တွင်းခရီးသွားတွေပဲ လာရောက်ပြီးတော့ ပြည်ပခရီးသွားလာရောက်မှုက နည်းပါးနေပါသေးတယ်။ တချို့သော  ထိုင်းခရီးသွားဧည့်သည်တွေက မာရဝိဇယ ဘုရားကြီးပေါ်မှာ စိတ်ဝင်စားမှု ရှိပါတယ်။ သို့သော်လည်း သွားရေးလာရေးအတွက် အချိန်တွက်ချက်တဲ့အချိန်မှာ သူတို့ရဲ့ ချမှတ်ထားတဲ့ အချိန်တွေနဲ့ ကိုက်ညီ မှုမရှိသေးတဲ့အတွက် စိတ်ဝင်စားမှုနည်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သက်ဆိုင်ရာ ထိုင်းခရီးသွားကုမ္ပဏီတွေ၊ အခြားခရီး သွားကုမ္ပဏီတွေနဲ့ ပေါင်းစပ်ညှိ နှိုင်းပြီးတော့မှ ရန်ကုန်လာရင်ဘယ်လို၊ မန္တလေးလာရင်ဘယ်လို၊ ပြန်ထွက်ရင်ဘယ်လို၊ နေပြည်တော်ကို ဝင်ရောက်လည်ပတ်မယ်ဆိုရင် ဘာတွေအခက်အခဲရှိမလဲ။ ဘာတွေဖြည့်ဆည်းဆောင်ရွက်ပေးရမလဲ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့မှ နေပြည်တော် ခရီးစဉ် ဒေသတစ်ခုကိုလည်း နိုင်ငံခြားသားခရီးသွားတွေ လာရောက်လည် ပတ်နိုင်ဖို့အတွက်ကို ဒါလေးတွေကို ပေါင်းစပ်ညှိနှိုင်းပြီးတော့ စီစဉ်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်" ပြောသည်။
    ထို့အပြင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ် စေရန်အတွက်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လည်ပတ်စရာကောင်းသော နေရာများအား ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဆိုသည်။ 
    "ခရီးစဉ်ဒေသ မြှင့်တင်ရေးကိုလည်း ဆောင်ရွက်နေတယ်။ နောက် နေပြည်တော်မှာ သွားရောက်လည်ပတ်စရာက ၃၈ နေရာလောက်ထိရှိတယ်။ အဲဒီနေရာတွေက ဘာသာရေးအခြေခံတဲ့ ခရီးစဉ်ဒေသတွေ၊ စိုက်ပျိုးရေး အခြေခံတဲ့ ခရီးစဉ်ဒေသတွေ၊ သဘာဝအလှအပ အခြေခံတဲ့ ခရီးစဉ်ဒေသ တွေ၊ ညီညွတ်မှုကို အခြေခံတဲ့ ခရီးစဉ်ဒေသတွေ တော်တော်များများရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တော်တော်များများ ခရီးသွားကုမ္ပဏီတွေက သိပ်မသိကြသေးဘူး။ မသိတဲ့အတွက် နေပြည်တော် ခရီးစဉ်ဒေသ ဖွံ့ဖြိုးရေးအတွက်ကို ရှင်းလင်းပြီးတော့မှ သူတို့ကို ခေါ်ယူတွေ့ဆုံ ပြီးတော့မှ ရှင်းပြတာတွေ လုပ်နေပါတယ်"ဟု ဦးအောင်အေးဟန်က ပြောသည်။
    အထူးသဖြင့် ပြည်ပခရီးသွားများ၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရ ခြင်း၏ ရည်ရွယ်ရင်းသည် မြန်မာ့မြေပေါ်မှ တန်ခိုးကြီး စေတီ၊ ပုထိုး၊ ရုပ်ပွားတော်မြတ် ကြီးများနှင့် သာယာလှပသည့် တောတောင်ရေမြေများအား ဖူးမြော်လည်ပတ်ရန်ဖြစ်ပေရာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံအနှံ့ လွယ်လင့်တကူသွားလာနိုင်သည့် ဘုရား၊ စေတီ၊ ပုထိုးများသို့ ပြည်ပခရီးသွား သောင်းချီ၊ သိန်းချီ လာရောက်ဖူးမြော်ခဲ့ကြသည်ကို စာရင်းများအရ သိရသည်။
    လာရောက်လည်ပတ်သည့် ပြည်ပမှ ဖူးမြော်လည်ပတ်သူများတွင် ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် ထိုင်း၊ တရုတ်၊ လာအို နိုင်ငံတို့မှ အများဆုံးဖြစ်ကာ အခြားနိုင်ငံပေါင်း ၃၀ ခန့်မှ ခရီးသွားများလည်း လာရောက်ဖူးမြော်လည်ပတ်ခဲ့ကြကြောင်း ဂေါပကအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
    ထို့ကြောင့် ကမ္ဘာ့အမြင့်ဆုံး ရှားပါးစကျင်ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဆိုသည့် ဝိသေသ၊ ကျယ်ဝန်းလှသော ပိဋကတ်ကျောက်စာတိုက်များဖြင့် ကြည်ညိုဖွယ်၊ စိတ်ဝင်စားဖွယ်ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း လည်ပတ်ရာနေရာ ၃၈ နေရာထိ ခရီးသွား ဧည်သည်များ သွားရောက်လည်ပတ်နိုင်သောကြောင့် ရှေ့လျှောက်တွင် ယခုထက်ပိုမို ကျယ်ကျယ်ပြန့်ပြန့် သွားရောက်လည်ပတ် နိုင်ကြရန် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သက်ဆိုင်ရာအဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဆိုသည်။

Total Views ~ 413

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43088

© 2022 - 2025 News. All Rights Reserved.