ရန်ကုန် ဇူလိုင် ၁၇
မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့်ဒေသများ ရေပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် နယ်မြေခံတပ်မတော် သားများနှင့် ဒေသခံအဖွဲ့အစည်းများ ပူးပေါင်းကာ မြို့ရွာသန့်ရှင်း ရေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဟုမ္မလင်းမြို့ ဟုမ္မလင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်းတွင် သန့်ရှင်းသာယာလှပရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆပ် ကော်မတီအဖွဲ့ဝင်များ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။ ဟုမ္မလင်း အမက(၁) ကျောင်းဝင်းတွင် ရေစုပ်ထုတ်ခြင်း၊ ရေတွင်း၊ ရေကန်နှင့်လှောင်ကန်များကို ကလိုရင်းဆေးခတ်ခြင်း၊ အမှိုက်နှင့် ရေဆိုးရေညစ်များ၊ နုန်းနှင့်ရွှံ့မြေများသန့်ရှင်းရေး စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီး မြတ်မင်းသန့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဝင်များခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်လံကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် ကက်သာစံပြ ကျေးရွာတွင် ဇူလိုင် ၁၃ ရက်က ပြန်လည်ထူထောင်ရေး လုပ်ငန်းဆပ်ကော်မတီဝင်များက ကက်သာကျေးရွာရှိ အဓိကလမ်းမကြီးများ၊ ဈေး၊ အထက(ကက်သာ) ကျောင်းဝင်းတွင် သစ်ပင်များ၊ ခုတ်ထွင်ရှင်းခြင်း၊ အမှိုက်နှင့် ရေဆိုးရေညစ်များ၊ နုန်းနှင့်ရွှံ့မြေ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် ချင်းတွင်း မြစ်ရေကျဆင်းမှုကြောင့်၊ ဟုမ္မလင်းခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မ တီမှကြီးမှူး၍ မြို့နယ် သဘာဝဘေးအန္တ ရာယ် စီမံခန့်ခွဲရေးကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံကျောင်းများ အမြန်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဟုမ္မလင်း ရပ်ကွက်ရှိ အများပြည်သူနှင့် သက်ဆိုင်သော အဓိကလမ်းမကြီးများ မြို့မဈေး၊ အားကစား ရုံ၊ အားကစားကွင်း သောက်သုံးရေရယူသည့် ဘုရားကုန်းဆင်း ပတ်ဝန်းကျင်၊ ကားဂိတ်၊ ရေဆိပ်များ၊ ဘုန်းကြီးကျောင်းများ၊ အဓိကကျသော ရေနုတ်မြောင်းများ၊ အမှိုက်နှင့် ရေဆိုးရေညစ်များ၊ နုန်းနှင့်ရွှံ့များ၊ လူနှင့်ပတ်ဝန်းကျင်ကို သဘာဝဘေးဒုက္ခဖြစ်သော အရာများကို ဖယ်ရှားရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ် ရေမြင့်တက်ကာ ခန္တီးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခန္တီးမြို့နယ် အတွင်းရှိ ဇီးဖြူကုန်းရပ်ကွက်၊ နာဂရိုးရာ ကွင်း၊ နှစ်ချင်းအသင်းတော်ခရစ်ယာန် ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (ဇီးဖြူကုန်း)နှင့် မြသိန်းတန်စေတီတို့ရှိ ရေ ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း မြစ်ရေဝင် ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရေကြီးမှုဖြစ်စဉ်ကြောင့် မြစ်ရေကြီးမှုနှင့်အတူ ပါရှိလာသည့် နုန်း၊ သဲနှင့်အ မှိုက်များအား ဖယ်ရှားရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး နယ်မြေခံ တပ်မတော် သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မော်လိုက်မြို့နယ်၊ ညောင်ဝန်းဘုရားကုန်း၊ ညောင်ပင်သာဘုန်းကြီးကျောင်း၊ အားကစား ခန်းမဟောင်းတို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ ဇူလိုင်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နိုင်ကြောင်းနှင့် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့များ တွင် လက်ရှိရေမှတ်များထက် မြင့်တက်လာ နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။