မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်ရေးကို အမြဲထောက်ခံရပ်တည်အားပေးလျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်သမ္မတ ရှီကျင့်ဖျင် မှပြောကြား

၂၀၂၅ ၊ ဩဂုတ် ၃၀ 

  မြန်မာနိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးကို တရုတ်နိုင်ငံက အမြဲထောက်ခံရပ်တည်အားပေးလျက်ရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping မှ  ပြောကြားခဲ့သည်။
 တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့( ဩဂုတ် ၃၀ )ဒေသစံတော်ချိန် ညနေ၅ နာရီတွင် တီယန်ကျင်းမြို့ရှိ တီယန်ကျင်းဧည့်ဂေဟာ ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

  ယင်းသို့ တွေ့ဆုံဆွေးနွေးစဉ် ယခုကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - Sco SUMMIT 2025)နှင့်တရုတ်ပြည်သူများ၏ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်အသိအမှတ်ပြုသည့်အတွက်ကျေးဇူးတင်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ H.E. Mr. Xi Jinping မှ  ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် SCO အဖွဲ့၏ ဆွေး နွေးဖက်နိုင်ငံဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့သည့်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နှင့်မြန်မာသည် ခိုင်မာသည့်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်ရေးကို အမြဲထောက်ခံရပ်တည်အားပေးလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ဆောက်မှုများကိုလည်း ထောက်ခံပြီး မြန်မာပြည်သူလူထုဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံအေးအတူပူအမျှအသိုက်အ ဝန်းတည်ဆောက်ရေးကို ခိုင်မာစွာ ရပ်တည်လျက်ရှိကြောင်း၊ နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်အတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping မှ ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ဖက်ဆစ်အား ၁၉၄၅ ခုနှစ်မတ်လ ၂၇ ရက်နေ့တွင် စတင်တော်လှန်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်၏ တပ်မတော်နေ့ကို ဖက်ဆစ်အားတော်လှန်ခဲ့သည့် မတ်လ ၂၇ ရက်ကိုသတ်မှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌နှစ်(၈၀)ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည့် အလေးထားရသောညီလာခံဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလတွင်SCO ၏ ဆွေးနွေးဖက်နိုင်ငံဖြစ်လာပြီး အစည်းအဝေးများ စတင်တက်ရောက်ခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံပေးစေလိုကြောင်း၊ယခုတွေ့ဆုံဆွေးနွေးမှုမှသည် နှစ်နိုင်ငံအကြား ကောင်းမွန်သည့် ဆက်ဆံရေးကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆွေးနွေးပြော ကြားခဲ့သည်။

Total Views ~ 69

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52232

© 2022 - 2025 News. All Rights Reserved.