မြန်မာသီလဝါမှ အသားတင်အမြတ်ရရှိမှု တိုးတက်၍ ရှယ်ယာတစ်စုအတွက် အမြတ်ဝေစု ကျပ် ၁၉၀ ခွဲဝေပေးသွားမည်

ရန်ကုန်၊ သြဂုတ် ၂၇
    ရန်ကုန်စတော့အိတ်(စ)ချိန်း YSX ၏ စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်သည့် မြန်မာသီလဝါမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အသားတင်အမြတ်ရရှိမှု တိုးတက်၍ ရှယ်ယာတစ်စုအတွက် အမြတ်ဝေစု ကျပ် ၁၉၀ ခွဲဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
    ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ အသားတင်အမြတ်ငွေ ကျပ် ၁ ဒသမ ၃၈၇ ဘီလီ ယံသာ ရရှိခဲ့သော်လည်း ၂၀၂၄-၂၅ ဘဏ္ဍာ နှစ်မှာတော့ ငွေကျပ် ၁၃ ဒသမ ၂၃၁ ဘီ လီယံအထိ တိုးတက်မှု ရရှိခဲ့ကြောင်း သိရသည်။
    "လုပ်ငန်းလည်ပတ်မှု ရလဒ်တွေ တိုးတက်ကောင်းမွန်လာခဲ့သလို နိုင်ငံခြားငွေ အရန်ငွေလဲလှယ်မှု အမြတ်တွေကနေ အကျိုးသက်ရောက်မှုတွေကြောင့် တိုးတက်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ  ဒါရိုက်တာအဖွဲ့ဝင်တွေက အစုရှယ်ယာတစ် စုကို ကျပ် ၁၉၀ အမြတ်ဝေစု ခွဲဝေပေးနိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်"ဟု မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း (MTSH) အများပိုင် ကုမ္ပဏီမှ ဥက္ကဋ္ဌက ပြောသည်။
    ပြီးခဲ့တဲ့နှစ်၌ အမြတ်ဝေစု ကျပ် ၅၀ မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ ဒါရိုက်တာ အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရ  အစုရှယ်ယာတစ်စုလျှင် ကျပ် ၁၉၀ အထိအမြတ်ဝေစု တိုးတက်ခွဲဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
    အစုရှယ်ယာရှင်များကို ခွဲဝေပေးနိုင်သည့် အမြတ်ငွေမှာ ကျပ် ၁၂ ဒသမ ၉ ဘီလီယံရှိပြီး လုပ်ငန်းစု၏ ခိုင်မာသည့် ဘဏ္ဍာရေးအခြေအနေကြောင့် တိုးတက်မှုများအား ဖော်ပြပေးနေခြင်း ဖြစ်ကြောင်းလည်း မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း (MTSH) အများပိုင်ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရသည်။
    သီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း (MTSH) အများပိုင်ကုမ္ပဏီ၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အသားတင် အမြတ်ရရှိမှုသည် ငွေကျပ် ၁၁ ဒသမ ၈ ဘီလီယံအထိ  တိုးတက်မှုရရှိခဲ့ကြောင်း သိရသည်။
    မြန်မာသီလဝါအနေဖြင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်နိုင်ခြင်းနှင့် စက်ရုံအသစ်များ ဆက်လက်တည်ဆောက်နေခြင်းများကြောင့် သီလဝါအထူးစီးပွားရေးဇုန်အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုခိုင်မာစွာရှိနေခြင်းဖြစ်ကြောင်း မြန်မာသီလဝါမှ ပြောကြားထားသည်။
    ဆက်လက်ပြီး မြန်မာသီလဝါအနေဖြင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းနှင့် သက်ဆိုင်သူများကို ရေရှည်တည်တံ့သည့် တန်ဖိုးများကို ပေးအပ်ရန် ခိုင်မာစွာ အာရုံစိုက်ထားကြောင်း မြန်မာသီလဝါ၏ ပြောကြားထားချက်များအရ သိရှိရသည်။  Phyu

Total Views ~ 73

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52237

© 2022 - 2025 News. All Rights Reserved.