မြန်မာ့နိုင်ငံရေးပြဿနာ အာဆီယံ ကြားဝင်ဖြေရှင်းပေးနိုင်ရန် RCSS တိုက်တွန်း

၂၀၂၄ ၊ ဇန်နဝါရီ ၃၁
    မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေးအနက်ထားပြီး ကြားဝင်ဖြေရှင်းပေးနိုင်ရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်သော သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ကြေညာချက်တွင် ထုတ်ပြန်တိုက်တွန်းထားသည်။
    အဆိုပါ အစည်းအဝေးသို့ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်(CEC) များ၊ ဗဟိုဦးစီးကော်မတီဝင် (CLC)များ၊ ဗဟိုကော်မတီဝင်(CC)များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း ၂၅၆ ဦးတက်ရောက်ခဲ့ကြောင်း၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်နှင့် ၂၈ ရက်တွင် ဗဟိုဌာနချုပ်ရှိရာ လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထို့အပြင် RCSS အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပြည်ထောင် စုမြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
    ဆက်လက်၍ RCSS ထိန်းချုပ်သည့် နယ်မြေများအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း၊ အွန်လိုင်းငွေကြေး လိမ်လည်ခြင်း(ကျားဖျန့်) ပိတ်ပင်တားဆီး ရေးလုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေး လုပ်ငန်းတို့ကိုလည်း ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Total Views ~ 389

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43184

© 2022 - 2025 News. All Rights Reserved.