ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မြန်မာရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific and Cultural Organization- UNESCO) ၏ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်အဖြစ် ဒီဇင်ဘာ ၅ ရက်တွင် သတ်မှတ်ခံရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ သတ်မှတ်ခံရခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပထမဆုံးတရားဝင် ပါဝင်နိုင်ခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) မှာ ပါဝင်နိုင်ရေးအတွက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အဆိုပြုစာတွဲ (Nomination File) ကို UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကော်မတီ (Committee of Intangible Cultural Heritage) သို့ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တွင် ပေးပို့တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်သည် UNESCO ၏ လူသားမျိုးနွယ်ကို ကိုယ်စားပြုသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) အတွက် အဆိုပြုစာတွင် ပါဝင်လာခဲ့ပြီး ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ပြုလုပ်လျက်ရှိသည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံ၌ တရားဝင် ဆုံးဖြတ်ပေးခဲ့ ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းတွင် ထည့်သွင်းသတ်မှတ်ခံရခြင်းကြောင့် ကမ္ဘာက ပိုမိုသိရှိလာနိုင်ခြင်း၊ မျိုးဆက်သစ် နောင်လာနောက်သားများကို လက်ဆင့်ကမ်း အမွေပေးအပ်နိုင်ခြင်း၊ အတာသင်္ကြန်ကို ရိုးရာမပြတ် ထိန်းသိမ်း ကျင်းပနိုင်ရေးအတွက် ပြည်သူလူထု အသိအမြင် ပိုမိုပွင့်လန်းလာစေခြင်း၊ မြန်မာနိုင်ငံ၏ အခြားသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းများနှင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။ သက်မှူး