ရခိုင့်ဦးဆောင်ပါတီက ပြည်နယ်ဝန်ကြီးချုပ်နေရာရရှိရေး ရည်မှန်းထားပြီး ရခိုင်ပြည်နယ်အတွင်း ၆၃ နေရာလုံး ရွေးကောက်ပွဲ ဝင်မည်

ရန်ကုန်၊ သြဂုတ် ၁၈
    ရခိုင့်ဦးဆောင်ပါတီ (AFP) က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာရရှိရေး ရည်မှန်းထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်ပေါင်း ၆၃ ခုလုံးတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း ယင်းပါတီမှ သိရသည်။
    အခြေခံဥပဒေအရ ရပိုင်ခွင့် အခွင့်ရေးများကို ပြည်သူလူထုဘက်မှ အကြမ်းမဖက်နိုင်ငံရေးနည်းဖြင့် ဖြေရှင်းတောင်းဆိုလျှင်ရသည်ဆိုသည့်အချက်ကို ပြသလိုသည့်အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ပါတီဘက်မှ တင်မြှောက်နိုင်ရေး ရည်မှန်းထားခြင်းဖြစ်ကြောင်း AFP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
    "ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်ဖြတ်ရမယ့် ကာလဖြစ်တော့ လာမယ့်ကာလမှာ အခြေခံဥပဒေအရ အုပ်ချုပ်ပိုင်ခွင့် ရတယ်ဆိုတာ လေးကို ပြချင်ပါတယ်။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲအလွန်ကာလမှာ ပြည်နယ်ဝန်ကြီးချုပ်သည်  ကျွန်တော်တို့ပါတီဘက်ကဖြစ်အောင်တော့ ဦးတည်တာပေါ့။ လွှတ်တော်လည်း ဒီအတိုင်းပေါ့။ ဒါက ဦးတည်ချက်ကို ပြောတာပါ။ တစ်နည်းအားဖြင့် အခြေခံဥပဒေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို ပေးထားတယ်။ လူထုသည်သာလျှင် အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရင် ရတယ်ဆိုတဲ့ Lesson Learn  လေးတွေကို တင်ပြချင်တာပါ။ ဒုတိယတစ်ချက်က ပြည်ထောင်စုလွှတ်တော်မှာလည်းပဲ သူ့ရဲ့ Quota အလိုက် အချိုးကျရတာ ရှိတယ်။ အမျိုးသားလွှတ်တော်ရမှာပေါ့။ ပြည်သူ့လွှတ်တော်ရမှာပေါ့။ အဲဒါနဲ့  ပြည်ထောင် စုနဲ့ပတ်သက်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးတို့၊ ငြိမ်းချမ်းရေးတို့၊ ပြည်ထောင်စုစီမံခန့်ခွဲရေးတို့ တိုင်းရင်းသား ပြည်နယ်တစ်ခုက ပါတီတစ်ခုဖြစ်သော်လည်း ညှိနှိုင်းပြီးမှ အကောင်းဆုံးနည်းနဲ့ လာမယ့်ကာလကို ကျော်ဖြတ်ဖို့ ရည်မှန်း တယ်ဆိုတာကို ပြချင်တာပါ"ဟု ၎င်းက ရှင်းပြသည်။
    ထို့အပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက် တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားသည့် မဲဆန္ဒနယ်များစာရင်း ထွက်ပေါ်ပြီးနောက်ပိုင်းတွင် AFP ပါတီအနေဖြင့် ၆၃ မြို့နယ်လုံး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ယင်းပါတီမှ သိရသည်။
    "မဲဆန္ဒနယ် အကြီးအသေးမထွက်သေးသမျှ ပါတီ‌တွေအနေနဲ့ ဘာမှလုပ်လို့ မရသေးဘူး။ ပြီးတော့ ပထမတုန်းက ၃ မြို့နယ်ပဲလို့ထင်တာ။ ဥပမာ ပြည်သူ့လွှတ်တော်ဆိုရင် FPTP နဲ့ သုံးမြို့နယ်ပဲ လုပ်မယ်လို့ထင်တာ။ နောက်တော့ ၁၇ မြို့နယ်ဆိုပြီး အားလုံးပေါ့၊ ကျန်တဲ့ ၁၄ မြို့နယ်တွေကို လည်း FPTP နဲ့ ပြည်သူ့လွှတ်တော်ကို သတ်မှတ်တယ်ဆိုတာ မဲဆန္ဒနယ်ထွက်မှ သိလာရတာ။ ပိုကောင်းသွား တာပေါ့။ အခု မဲဆန္ဒနယ် ထွက်ပြီ‌ဆိုတော့ ကိုယ်စားပြုတဲ့သူ‌တွေ ရွေးရတော့မှာပေါ့။ ရခိုင်မှာက လွှတ် တော်သုံးရပ်အတွက် ၆၃ နေရာရှိတယ်။ ၆၃ နေရာလုံး ယှဉ်ပြိုင်သွားမှာပါ။ သူ့ရဲ့ပြဋ္ဌာန်းချက်ပါအတိုင်း ပေါ့။ ဥပမာ မောင်တောဆိုရင် မောင်တောဒေသခံတစ်ဦးကို ရအောင်ရှာရမှာပါ။ မြောက်ဦးဆိုရင်လည်း မြောက်ဦးဒေသခံကို ရအောင်ရှာရမှာပေါ့။ ဒီကြားထဲမှာ ရည်မှန်းချက်အတိုင်း ၆၃ နေရာလုံး ဝင်ပြိုင်နိုင်ဖို့ ပါတီအနေနဲ့ လှုပ်ရှားရမှာပါ"ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။
    ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ တောင်ကုတ်၊ မာန်အောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ဂွ၊ သံတွဲ၊ အမ်း စသည့် ၁၇ မြို့နယ်လုံး ရွေးကောက်ပွဲ ကျင်းပရန် မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် UEC က သတ်မှတ်ထုတ်ပြန်ခဲ့သည့် မဲဆန္ဒနယ်များ စာရင်းအရ မြို့နယ် ၁၇ ခုအတွက် ပြည်သူ့လွှတ်တော် (FPTP) မဲဆန္ဒနယ် ၁၇ ခု၊ ရခိုင်ပြည်နယ်အမျိုးသားလွှတ် တော်လွှတ်တော်(FPTP) မဲဆန္ဒနယ် ခြောက်ခုနှင့် PR မဲဆန္ဒနယ်ခြောက်ခု၊ ရခိုင်ပြည် နယ်လွှတ်တော်(FPTP) မဲဆန္ဒနယ် ၁၇ခုနှင့်  PR မဲဆန္ဒနယ် ၁၇ ခုနှင့် ရခိုင်ပြည်နယ်လွှတ်တော် ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် တစ်ခုဟူ၍ မဲဆန္ဒနယ် စုစုပေါင်း ၆၄ နေရာရှိကြောင်း သိရသည်။ AFP ပါတီက ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တစ်ခုကို ချန်၍ ကျန်သည့် ၆၃ နေရာလုံး ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်သည်။
    ရခိုင့်ဦးဆောင်ပါတီကို ၂၀၂၃ ခု နှစ် မေ ၂ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ် ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁၁/၂၀၂၃)ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းပါတီသည် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ၊ ရသေ့တောင် စသည့် ငါးမြို့နယ် ရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်သော်လည်း နယ်မြေ အခြေအနေအရ အမ်း၊ ရမ်းဗြဲ၊ ရသေ့တောင်တို့၏ မြို့နယ်ရုံးများကို စစ်တွေနှင့် ကျောက်ဖြူ မြို့နယ်တို့တွင် ပူးတွဲဖွင့်လှစ်ထားရကြောင်း သိရသည်။ ညီသစ်

Total Views ~ 35

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52237

© 2022 - 2025 News. All Rights Reserved.