ရန်ကုန်မြစ်ကို မြို့လယ်ကောင် ပို့ပစ်နိုင်သည်ဆိုသော ဒလမြို့တွင် ဝယ်လက်မရှိသည့်မြေများ ဈေးမတန်တဆ အော်နေ

နေပြည်တော်၊ ဇန်နဝါရီ ၁၅
    ဒလမြို့နယ်တွင် လက်ရှိအချိန်၌ မြေဈေးနှုန်းများ မြင့်တက်လျက်ရှိနေသော်လည်း ဝယ်သူမရှိကြောင်း ဒလမြို့နယ် ဒေသခံများနှင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ 
    လတ်တလော အခြေအနေအရ ဝယ်သူမရှိသော်လည်း မြို့ပေါ်ရပ်ကွက် ဂရန်မြေ ပေ ၂၀'x ၆၀' ကို ငွေကျပ် သိန်း ၂၀၀၀ ပေါက်ဈေး ရှိနေကြောင်း ဒလမြို့နယ် အိမ်ခြံမြေ အကျိုးဆောင် ဦးရာဇာစိုးက ပြောသည်။ 
    "ဒလအိမ်ခြံမြေကတော့ အဝယ်မရှိဘူး။ အေးနေတယ်။ ကျွန်တော်တောင် ငါးကွက်ကိုင်ထား တာ။ အရောင်းတင်ထားတယ်။ အဝယ်မဆင်းဘူး။ ဒီဈေးတန်းနဲ့က မလွယ်ဘူးလေ။ ဈေးတွေသာ ခေါ်နေကြတာ တံတားကတော့ ၂၀၂၅ အကုန်မှ ပြီးနိုင်တယ်။ လက်စသတ်မယ် ထင်တာပဲ။ ရေ လည်တိုင်တော့ ဆွဲနေပြီ။ လောလောဆယ်က အရောင်းတွေပဲရှိမယ်။ အဝယ်မဆင်းဘူး။ အဝယ်အေး ပေမယ့် ဂရန်ကွက် တွေက သိန်း ၂၀၀၀ ပတ်လည်လောက် ပေါက်တယ်။ ၂၀'x ၆၀' ကို သိန်း ၂၀၀၀ လောက်ပေါက်တယ်။ အဲဒါက ဂရန်ပေါက်တွေ။ ပါမစ်မြေကတော့ သိန်း ၂၀၀၊ ၃၀၀ လောက် လျော့တယ်။ တော်တော်များများ အခုမဝယ်ရဲကြသေးဘူး။ ရွာမြေတွေ၊ ပုံစံ (၇) လေးတွေလောက်ပဲ အရောင်းအဝယ် ဖြစ်တယ်။ အဲဒါလေးတွေက သိန်း ၁၀၀ ပတ်လည်လောက်လေးတွေ ဖြစ်နေတယ်။ အောင်းတဲ့ သူတွေကလည်း အဲဒါမျိုးပဲ အောင်းကြတာ။ ဒလနဲ့ဆက်စပ်နေတဲ့ ကော့မှူး၊ ကွမ်းခြံကုန်း အဲဒီဘက်မှာ ဖြစ်တယ်။ လမ်းမကြီးရဲ့ ရွာအနောက်ခြမ်းတွေ။ လယ်မြေဆိုတာလည်း ပုံစံ (၇)ကို ပိုင်းရောင်းကြတာ"ဟု ၎င်းကပြောသည်။ 
    ရန်ကုန်-ဒလ မြစ်ကူးတံတား စတင်အကောင်အထည်ဖော်စဉ် ကာလများက ဒလမြို့နယ်တွင် အိမ်ခြံမြေ အရောင်းအဝယ်များ ပေါများခဲ့သော်လည်း ယခုအခါ တံတားကြီး တည်ဆောက်ပြီးစီးမည့် အချိန် ကာလနှင့် နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေကြခြင်းကြောင့် ဝယ်လက်မရှိကြောင်း ဒလမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 
    "ဝယ်လက်က စောင့်နေတယ်ဆိုတာက တံတားအခြေအနေနဲ့ နိုင်ငံရေးအခြေအနေကို စောင့် ကြည့်နေတာ။ အခြေအနေက ဘယ်လိုလာမလဲ မသိသေးလို့။ မူဝါဒ ဘယ်လိုလာဦးမလဲဆိုတာလည်း စောင့်ကြည့်နေတာ။ တကယ်တော့ ဒလမြေက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုလုပ်လို့ အကောင်းဆုံး ကာလ။ မိနစ်ပိုင်းအတွင်းကို ရန်ကုန်ကို ရောက်တဲ့နေရာ။ နောက်တစ်ခုက Second City ရန်ကုန်ရဲ့ ဒုတိယမြို့တော်။ သူက ကိုရီးယားပရောဂျက်မှာ ဟိုအရင်ကတည်းက Plan ရှိတယ်။ ရန်ကုန်မြစ်ကို ရန် ကုန်မြို့လယ်ကောင်ကို ပို့မယ်ပြောထားတာကိုး။ တချို့က ရယ်တာပေါ့။ ရန်ကုန်မြစ်ကြီးကို မြို့လယ် ကောင်ကို ဘယ်လိုပို့မလဲပေါ့။ တကယ်တမ်း ဆိုလိုရင်းက တစ်ဖက်မှာ ရန်ကုန်၊ တစ်ဖက်မှာက ရန်ကုန်ရဲ့ ဒုတိယမြို့တော် ဒလနဲ့ဆက်စပ်တဲ့နေရာတွေ အားလုံးပါတယ်"ဟု ၎င်းက ပြောသည်။ 
    ၂၀၂၀ ပြည့်နှစ်က ရန်ကုန်မြစ် တစ်ဖက်ကမ်း စီမံကိန်းများရှိနေသည့် ဒလမြို့အတွင်းဘက်တွင် ပေ ၂၀ x ၆၀ မြေ ကွက်တစ်ကွက်ဈေးနှုန်းမှာ ကျပ်သိန်း ၃၀၀ ဝန်းကျင်ပေါက်ဈေးရှိခဲ့သည်။  တပင် ရွှေထီး၊ ကျန်စစ်သား၊ ရာဇသင်္ကြန် စသည့် ရပ်ကွက်များအတွင်းရှိ ပေ ၂၀ x ၆၀ မြေတစ်ကွက်၏ အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ်သိန်း ၂၅၀ မှ သည် သိန်း ၃၀၀၊ ၃၅၀ အထိ ပေါက်ဈေးရှိခဲ့ သည်။ 
    ထိုအပြင် ဒလ-တွံတေးလမ်း၊ ကမ်းနားလမ်းနှင့် ဓနုတ်လမ်းစသည့် (ပထမတန်းစား- ပေ ၁၀၀) လမ်းမတန်းတို့တွင် ၄၀_၆၀ မြေကွက်တန်ဖိုး ကျပ်သိန်း ၅၅၀၀ နှင့် ၇၀၀၀၊ ၈၀၀၀ ကြားရှိခဲ့ပြီး မှော်စက် လမ်းမကြီး၊ သံလွင်လမ်း၊ မလိခလမ်းစသည့် (ဒုတိယတန်းစား ပေ ၈၀)လမ်းမတန်းတို့ တွင် ၄၀ x ၆၀ မြေကွက်တန်ဖိုး ပျမ်းမျှအနိမ့်ဆုံးဈေး ကျပ်သိန်း ၁၅၀၀ အထက်ပေါက် ဈေးရှိခဲ့သည်။ 
    လယ်ကွက်ဈေးနှုန်းအနေဖြင့် ဒလတစ်မြို့လုံး၏ ချောင်အကျဆုံး လယ်မြေ ၁ ဧကလျှင် သိန်း ၆၀ ရှိပြီး လမ်းမတန်းရှိ လယ်ကွက်များမှာ သိန်း ၆၀ မှ သိန်း ၂၀၀၀ ရှိခဲ့သည်။ ထိုစဉ်က မြေကွက် အရောင်း အဝယ်ထက် ဒလ စမတ်စီးတီး (အိမ်ရာ) စီမံကိန်းဖော်ဆောင်ရန် လျာထားသည့် လယ်ကွက်များမှာ ပို၍ အရောင်းအဝယ် သွက်ခဲ့ကြောင်း သိရသသည်။ 
    အဆိုပါ အိမ်ရာစီမံကိန်းသည် ဒလနာရီစင်မှ ခြောက်မိုင်ပတ်လည် လယ်မြေကွက်များဖြစ်ပြီး Phase 1 ,2, 3, 4 ဟူ၍ အပိုင်းလေးပိုင်းခွဲခြား သတ်မှတ်ထားကြောင်း သိရသည်။ လယ်မြေများသည် ကွင်းအမှတ် အပေါ်မူတည်ကာ တစ်ဧက အနိမ့်ဆုံးဈေး နှုန်းများအဖြစ် Phase 1 အနိမ့်ဆုံးဈေးသိန်း ၂၈၀၊ Phase 2 အနိမ့်ဆုံးဈေးသိန်း ၂၀၀၊ Phase 3  အနိမ့်ဆုံးဈေးသိန်း ၁၆၀၊ Phase 4 သိန်း ၁၃၀ အထိ ပေါက်ဈေး ရှိခဲ့ကြောင်း သိရသည်။
ကွန်းဈာန်

 

Total Views ~ 146

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43228

© 2022 - 2025 News. All Rights Reserved.