ရွေးကောက်ပွဲ ကျင်းပနိုင်မှသာ နိုင်ငံရေး သဘောထား ကွဲလွဲနေမှုများ ပြေလည်စေနိုင်မည်

နေပြည်တော်၊ မေ ၁၄
    ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့် မဲဆန္ဒနယ် သတ်မှတ်ခြင်းများအတွက် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ဆောလျင်စွာ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောသည်။ 
    "ရွေးကောက်ပွဲစနစ်နှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်းများအတွက် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များ ဆောလျင်စွာ ထုတ်ပြန်ပေးဖို့ လိုအပ်လျက်ရှိပါတယ်။ မဲဆန္ဒနယ်၊ ရွေးကောက်ပွဲစနစ်နှင့် မဲပေးခြင်းများအကြောင်း အသိပညာပေးခြင်းများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တက်ညီလက်ညီ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
    အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှသာ ပြည်သူလူထုအကြား နိုင်ငံရေးအရ သဘောထားကွဲလွဲနေမှုများ အတိုင်းအတာတစ်ခုအထိ ပြေလည်စေနိုင်မည်ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားများ၏ မဲပေးပိုင်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်၊ နိုင်ငံသားအခွင့်အရေးကို ရရှိမည်ဖြစ်ကြောင်း ဒေါ် သက်သက်ခိုင်ကပြောသည်။
    "ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနိုင်ဖို့၊ အထွေအထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မှသာ ပြည်သူလူထုအကြား နိုင်ငံရေးအရ သဘောထားကွဲလွဲနေမှုများ အတိုင်းအတာတစ်ခုအထိ ပြေလည်စေနိုင်မှာဖြစ်တယ်။ ရွေးကောက်ပွဲအပြီး ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်အဆင့်ဆင့် ပေါ်ပေါက်လာပြီး အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာသုံးရပ် ခွဲဝေကျင့် သုံးလာနိုင်ခြင်းနဲ့အတူ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အပြန်အလှန်ထိန်းကျောင်းခြင်း ယန္တရားလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်ရေး ပိုမိုကောင်းမွန်လာစေခြင်းနဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်ခြင်းဆိုတဲ့ အကျိုးကျေးဇူးများလည်း ရရှိလာနိုင်မှာ ဖြစ်လို့လာမယ့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့ကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့  တိုက်တွန်းပါတယ်"ဟု ၎င်းကပြောသည်။
    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောကြားထားသည်။ ကွန်းဈာန်

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43780

© 2022 - 2025 News. All Rights Reserved.