နေပြည်တော်၊ ဒီဇင်ဘာ ၁၈
၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ကရင်ပြည်နယ် ထက်ဝက်ခန့် ပြုလုပ်နိုင်ခြေရှိကြောင်း ကရင်ပြည်နယ်အတွင်း နိုင်ငံရေး၊ စစ်ရေးအခြေအနေ လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
"ရွေးကောက်ပွဲကိုတော့ ကရင်ပြည်နယ် တစ်ဝက်လောက် လုပ်နိုင်လိမ့်မယ်လို့ ယူဆတယ်။ ဘားအံမြို့ကနေစပြီးတော့ လှိုင်းဘွဲပြီးရင် တပ်မတော်ရှိတဲ့ မြို့နယ်တွေကတော့ လုပ်လိမ့်မယ်။ မလုပ်နိုင်တဲ့နေရာတွေကတော့ ဘုရားသုံးဆူဘက်တွေပေါ့။ အဲဒီတောက်လျှောက်ကတော့ လုပ်နိုင်မယ်မထင်ဘူး။ ရွေးကောက်ပွဲလုပ်ဖို့အတွက်က တပ်မတော်မှ မဟုတ်ဘူး။ BGF/ KNA လို့ ခေါ်ရမှာပေါ့။ သူတို့အုပ်ချုပ်တဲ့ နယ်မြေတွေထဲမှာ ရွေးကောက်ပွဲကတော့ လုပ်လိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့လုပ်မလဲ၊ ဘယ်လိုနည်းနဲ့ ဖြစ်လာမလဲဆိုတာ ခန့်မှန်းရခက်တယ်။ သန်းခေါင်စာရင်းလည်းရအောင် ကောက်သွားတာပဲ။ ပြည်မက လူတွေကတော့ အစိုးရသန်းခေါင်စာရင်းက မှန်တယ် ပြောရမှာပေါ့။ ဒီဘက်မှာလည်း ကျေးရွာအခြေပြု ကောက်တာပဲ။ ဒါပေမဲ့ အဲဒီရလဒ်တွေက ဘယ်လိုရှိ မလဲမသိဘူး။ အစိုးရအနေနဲ့ BGF နယ်မြေထဲအထိ ရွေးကောက်ပွဲ လုပ်လိမ့်မယ်လို့ ယူဆရတယ်။ ဒါကလည်း BGF မှာ ဦးတင်ဝင်းတို့လို လူမျိုး၊ စောချစ်သူ ယောက္ခမလို လူမျိုး အဲဒီလိုလူမျိုးတွေကအစ သူတို့ နယ်မြေတွေမှာ ရွေးကောက်ပွဲတွေရှိလာမယ်ဆိုတာ ပြောတာမျိုး ကြားရတယ်။ လှိုင်းဘွဲဆိုရင်တော့ BGF က အများဆုံးပဲ။ အဲဒီနေရာမျိုးမှာ ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုတော့ ရလဒ်က မသိပေမယ့် ကရင်ပြည်နယ် တစ်ဝက်လောက်ကိုတော့ ရွေးကောက်ပွဲက လုပ်ဖြစ်မှာပါ"ဟု ၎င်းကပြောသည်။
"လတ်တလော ကရင်ပြည်နယ် ကော့ကရိတ်ဒေသတွင် ကုန်စည်စီးဆင်းမှု ပုံမှန်အနေအထားရှိသော်လည်း လက်နက်ကိုင်ပဋိပက္ခ အနည်း အကျဉ်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"လက်ရှိ အခြေအနေမှာတော့ ကုန်သွယ်ရေးက ပုံမှန်ပဲ။ ကျန်ခဲ့တဲ့နှစ်တွေက အတိုင်းပဲ။ ထို့ကော်ကိုး၊ ၁၀၁၈ အဲဒီ လမ်းတွေကနေ ဆင်းတယ်။ အခုက ပိုပိုပြီးတော့ အစိုးရဘက်က အကောက်ခွန် တင်းကျပ်လာတာရှိတယ်။ စစ်ရေးကတော့ကော့ ကရိတ်နောက်ပိုင်းမှာတော့ အရင်က ထက်လှုပ်လာတယ်။ ကော့ကရိတ်မြို့ကြီးက နှစ်ဖက်လုံးက လက်လှမ်းမီတဲ့နေရာ ဖြစ်နေတယ်။ စစ်ရေး လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေတယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်ကတိုင် တိကမမောင်း ဒေသအနီး တပ်မတော်နှင့် ကရင်လက်နက်ကိုင် KNLA နှင့်ပူးပေါင်း PDF၊ BPLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းသတင်းများအရ သိရသည်။ ကွန်းဈာန်