ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူမှုပြီးစီး

ရန်ကုန်၊ ဧပြီ ၃၀
    ရွှေတိဂုံစေတီတော်မြတ်ကြီး လုံး တော်ပြည့် ရွှေသင်္ကန်းကပ်လှူမှု ပြီးစီးပြီဖြစ်ရာ ဧပြီ ၂၇ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ရွှေတိဂုံစေတီတော်မြတ်ကြီးဘက်စုံ ပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
    ဧပြီ ၂၇ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာ အလှည့်ကျ သဘာပတိဂေါပကအဖွဲ့ဝင် ဦးသောင်းစိန်ဦးနှင့် ဂေါပကအဖွဲ့ဝင်များက စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပြီးစီးပြီဖြစ်၍ ငြမ်းဖျက်သိမ်းမှုအခြေအနေနှင့် ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးသည် ရွှေတိဂုံစေတီတော်ငြမ်းဖျက်သိမ်းမှု၊ စေတီတော် အနောက်ဘက် စောင်းတန်းရှိ သွပ်ပန်းတဉ်းများဖြင့် ပြုလုပ် ထားသော မြန်မာမှု ပန်းဆွဲလက်ရာများအား ကျွန်းသစ်ဖြင့် ပြုလုပ်ထားသော မြန်မာမှု လက်ရာများဖြင့် ပြောင်းလဲ တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက် ရှိမှု၊ ပြဒါးရှင်ဘုရားအနီးရှိ လဟာပြင် တန်ဆောင်းအတွင်း ရွှေသင်္ကန်း ရောင်မှိန်နေသော ဗုဒ္ဓရုပ်ပွားတော်များနှင့် မျက်နှာကြက်များ ပြန်လည် ပြုပြင် မွမ်းမံ နေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။
    ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့၏ အထင်ကရ စေတီတော်မြတ်ကြီးဖြစ်ပြီး ခေတ်အဆက် ဆက်မင်းများ၊ အစိုးရများနှင့် စေတနာရှင် ပြည်သူများက အစဉ်အဆက် ပြုပြင်မွမ်းမံ ထိန်းသိမ်းခဲ့ကြခြင်း ဖြစ်ကြောင်း၊ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော် ကပ်လှူ ပူဇော်မှုအနေဖြင့် ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင် ငှက်ပျောဖူးတော်ကို ရွှေပြားသင်္ကန်းဖြင့် စတင် ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင် ဒုတိယ ဖောင်းရစ်အထိ ရွှေပြားကပ်လှူပူဇော်ခဲ့ကြောင်း၊ ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ သုံးနှစ် လျှင် တစ်ကြိမ်၊ လေးနှစ်လျှင် တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခဲ့ကြကြောင်း သိရ သည်။
    ထို့နောက် ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ လေးနှစ်လျှင် တစ်ကြိမ်၊ ငါးနှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူပူ ဇော်ခဲ့ကြပြီး ယင်းကာလအတွင်း နာဂစ်မုန် တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ် အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ရသည့် ရွှေပြားများကိုလည်း လဲလှယ်ကပ်လှူ ပူဇော်ခဲ့ကြကြောင်း၊ ၁၉၈၀ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ(နှစ်ပေါင်း ၄၀ ခန့်ကာလအတွင်း) လေးနှစ်လျှင် တစ်ကြိမ်၊ ငါးနှစ်လျှင် တစ် ကြိမ် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြရာ ယခု ၂၀၂၄-၂၅ ခုနှစ်တွင် ကိုးကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော် ပြီးစီးခဲ့ပြီဖြစ်သည်။ ထူးမြတ်

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43055

© 2022 - 2025 News. All Rights Reserved.