ရွှေတိဂုံစေတီတော် ဝတ္ထုကံမြေအတွင်း ဘုရားဖူးများ အဆင်ပြေစေရန် စီမံထားသည့် လုပ်ငန်း ၁၄ မျိုးကို  ဈေးပြိုင်စနစ်ဖြင့် ချထားပေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇
    ရွှေတိဂုံစေတီတော် ဝတ္ထုကံမြေအတွင်း ဘုရားဖူးများ အဆင်ပြေစေရန် ဂေါပကအဖွဲ့မှ စီမံဆောင်ရွက်ထားသည့် လုပ်ငန်း ၁၄ မျိုးကို ဈေးပြိုင်စနစ်ဖြင့်ချထားပေးမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
    ဈေးပြိုင်စနစ်ဖြင့် ချထားပေးမည့် လုပ်ငန်းများမှာ ဓာတ်ပုံလုပ်ငန်း၊ ရွှေဆိုင်းရောင်းချခြင်း လုပ်ငန်း၊ စားသောက်ဆိုင်လုပ် ငန်းများ၊ လက်ဆောင်ပစ္စည်းရောင်းချခြင်းလုပ်ငန်း၊ ပန်းဆိုင်ရောင်းချခြင်း လုပ်ငန်းများ၊ နိဗ္ဗာန်ကုန်ရောင်းချခြင်း လုပ်ငန်းများ၊ အုန်းပွဲ/ငှက်ပျောပွဲ ရောင်းချခြင်း လုပ်ငန်း၊ အုန်းသီး/ထန်းသီး ခူးဆွတ်ရောင်းချခြင်းလုပ်ငန်း၊ ကားကွင်းများ၌ ထီကားရပ်နား ရောင်းချခြင်း လုပ်ငန်းများ၊ ကုန်မျိုးစုံဆိုင် ရောင်းချခြင်းလုပ်ငန်း၊ ဂုဏ်ပြုလွှာမှန်ပေါင် သွင်းခြင်းလုပ်ငန်း၊ Money Exchange Counter နှင့် ATM စက်ဖွင့်လှစ်ခြင်းလုပ်ငန်း၊ သရက်သီး၊ ပိန္နဲသီး ခူးဆွတ်ခြင်းလုပ်ငန်း၊ ATM စက်တပ်ဆင်ခြင်း လုပ်ငန်းတို့ဖြစ်သည်။ အဆိုပါ လုပ်ငန်းများသည် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်အတွက် ယင်းလုပ်ငန်းများကို ဈေးပြိုင်စနစ်ဖြင့် ချထားပေးမည်ဖြစ်၍ လုပ်ငန်းဆောင်ရွက်လို သူများသည် ဈေးနှုန်း အဆိုပြုလွှာပုံစံနှင့် စည်းကမ်း ချက်တစ်စုံလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ဂေါပကအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူပြီး ဒီဇင်ဘာ ၁၇ ရက်တွင် သတ်မှတ် ချိန်အတိုင်း ဈေးနှုန်းအဆိုပြုလွှာ တင်သွင်း နိုင်ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ အသိပေးကြေညာထားသည်။
    ထို့အပြင် ဒီဇင်ဘာ ၂ ရက်မှ ၁၃  ရက်၊ မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား ၍ ဈေးနှုန်းအဆိုပြုလွှာ စည်းကမ်းချက်များ ရောင်းချပေးမည်ဖြစ်ပြီး အာမခံငွေများကို မြန်မာ့စီးပွားရေး ဘဏ်ဘဏ်ခွဲ (၄)တွင် ပေးသွင်းခြင်းအပါအဝင် အသေးစိတ်အချက်အလက်များကို အဆိုပြုလွှာတင်သွင်းသူများ လိုက်နာရန် စည်းကမ်းတွင် ထည့်သွင်းဖော်ပြ ပေးမည်ဟု ရွှေတိဂုံစေတီတော်၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ အသိပေးထားသည်။
နဒီ

Total Views ~ 137

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43230

© 2022 - 2025 News. All Rights Reserved.