ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသရှိ ခရီးသွားလာရေး နေရာသစ်များသို့ ခရီးသွားများ လာရောက်လည်ပတ်မှုများပြားလာပြီး ခရီးသွားလုပ်ငန်းများကလည်း ခရီးစဉ်သစ်များတွင် ထည့်သွင်းရေးဆွဲခြင်း၊ ဒေသခံခရီးသွား လုပ်ငန်းများကလည်း ခရီးစဉ်သစ်များ လိုက်ပါပို့ဆောင်ခြင်းများ ပြုလုပ်ပေးနေရကြောင်း ကလောမြို့မှ ဒေသခံခရီး သွားလုပ်ငန်း ဝန်ဆောင်မှုပေးနေသူ တစ်ဦးက ပြောသည်။
ကိုဗစ်ကာလမတိုင်မီကာ ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသသို့ခရီးသွားများ လာရောက်လည်ပတ်ရာတွင် ကလော၊ အောင်ပန်း၊ ပင်းတယ၊ တောင်ကြီး၊ အင်းလေးဒေသများသို့သာ လာရောက်လည်ပတ်လေ့ရှိပြီး ယခုအခါ ရွာငံဒေသရှိ ရေပြာအိုင်၊ ဂဏန်းကျရေတံခွန်၊ ရေပြာစမ်း၊ မိန်းမရဲ တောင် ဒေသများအပါအဝင် ခရီးစဉ်နေရာသစ်များကိုပါ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။
"အရင်ကဆို တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကလော လောက်ပဲလည်ကြတာလေ။ အခုကတော့ ရွာငံတစ်ကြောလည်း အသွားများကြတော့ ရန်ကုန်ကလာတဲ့ ခရီးသွားကားတွေကလည်း ခရီးစဉ်တွေထဲထည့် ဆွဲလာကြတယ်။ ရေပြာအိုင်တို့၊ ရေပြာစမ်းတို့၊ ဂဏန်းကျတို့ နောက်ပြီး မိန်းမရဲ သခင်မ တောင်တို့ပေါ့။ တချို့ကလည်း ခရီးသွားကား နဲ့မသွားဘဲ ကိုယ်ပိုင်အစီအစဉ်နဲ့ လာကြတယ်။ ဒီရောက်မှတစ်ဆင့် ကျွန်တော်တို့လို ဒေသခံ ဧည့်လမ်းညွှန်တွေရဲ့ အစီအစဉ်နဲ့ သွားကြတယ်။ အခု ထပ်ပေါ်တာကတော့ နောင်တရားနားက လာဗင်ဒါ စမ်းသပ်စိုက်ခင်းကို ခရီးသွားတွေ လာရောက်တာများတယ်"ဟု ကလောဒေသခံ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။
နောင်တရားဒေသရှိ လာဗန်ဒါ (lavender) ပန်းခင်းကို လာရောက်လည်ပတ် သူများပြားလာပြီး ပန်းခင်းသည် ထိုင်းနိုင်ငံ မယ်ဖာ့လုံ စီမံချက်မှ စမ်းသပ် စိုက်ပျိုးထားသည့် ပန်းခင်းတစ်ခုလည်း ဖြစ်ပြီး စိုက်ပျိုး ထားသည့် ခုနစ်ဧကခန့်ရှိကြောင်း သိရသည်။ ထူးမြတ်