၂၀၂၃ ဧပြီ ၂၅
ထိုင်းနိုင်ငံမှာ လိင်အာသာဖြေအရုပ်တွေ တရားဝင်ဖြစ်စေရမယ်လို့ ဒီမိုကရက်တစ်ပါတီက ကတိပြုခဲ့ပြီး အဲဒီအရုပ်တွေဟာ တခြားလိင်အပျော်အပါးလိုက်စားတာထက် အကျိုးကျေးဇူး ပိုများစေတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီပါတီအနေနဲ့ ထိုင်းနိုင်ငံအတွင်း ဘေးကင်းစိတ်ချရတဲ့ လိင်အရုပ်ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ငန်းတစ်ခုအနေနဲ့ ထူထောင်နိုင်ရေး ပံ့ပိုးသွားမယ်ဆိုတဲ့ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီရပ်တည်ချက်နဲ့ပတ်သက်လို့ ပါတီရဲ့အမှုဆောင်တစ်ဦးလည်းဖြစ်၊ အစိုးရလက်ထောက်ပြောခွင့်ရှိသူလည်း ဖြစ်တဲ့ ရာချာဒါဒန်နာဒီရက်က ပြောကြားခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းစာဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
လိင်အရုပ်တွေကို အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) နဲ့ ထိုင်းစက်မှုလုပ်ငန်း စံချိန်စံညွှန်းဌာန (TISI) တို့က တရားဝင်ထုတ်ကုန်အဖြစ် သတ်မှတ်ပေးရင် အဲဒီထုတ်ကုန်တွေရဲ့အရည်အသွေးနဲ့ ဘေးကင်းစေရေး စံချိန်စံညွှန်းတွေကို ထိန်းကျောင်းပေးသွားမယ်လို့ သူက ကတိပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ လိင်အရုပ်တွေ ထုတ်လုပ်ဖြန့်ချိတာကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၈၇ နဲ့ တားမြစ်ထားတဲ့အစား တရားဝင်ဖြစ်လာစေဖို့၊ ထိန်းချုပ်ကုန်စည်အဖြစ် ခွဲခြားသတ်မှတ်ပေးဖို့ လုပ်ဆောင်သွားမယ်လို့ မစ္စရာချာဒါက ဆက်လက်ပြောကြားခဲ့ပါတယ်။
ထိန်းချုပ်ကုန်စည်အဖြစ် တရားဝင်ဖြစ်လာရင် အသက် ၁၈ နှစ်နှင့်အထက်ရှိသူတွေ လွတ်လပ်စွာ ဝယ်ယူနိုင်ခြင်း၊ ရောင်းဝယ်ဖောက်ကားနိုင်ခြင်း ရှိလာစေမယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
လိင်အရုပ်တွေကို ဂျပန်၊ စင်ကာပူ၊ ဂျာမနီနဲ့ ချက်သမ္မတနိုင်ငံတွေမှာ တရားဝင်ထုတ်ကုန်အဖြစ် အသိအမှတ်ပြုတဲ့အတွက် တိုင်းပြည်တွင်ငွေ များစွာရရှိကြတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
ထိုင်းမှာ အဲဒီအရုပ်တွေ တရားဝင်ခွင့်ပြုဖို့ အရင်ကလည်း အဆိုပြုချက်ရှိခဲ့ရာမှာ ထောက်ခံသူတွေနဲ့ အတိုက်အခံလုပ်သူတွေကြားမှာ အခြေအတင် ဆွေးနွေးခဲ့ကြဖူးပါတယ်။
အဲဒီအရုပ်တွေဟာ လိင်ကိစ္စနဲ့ပတ်သက်တဲ့ မှုခင်းတွေကို လျှော့ချနိုင်တဲ့အပြင် ကွာရှင်းပြတ်စဲထားတဲ့ အိမ်ထောင်သည်ဟောင်းတချို့အတွက် အထောက်အကူပြုတယ်လို့ ယုံကြည်ထားကြပါတယ်။