၂၀၂၃၊ ဒီဇင်ဘာ ၂၀
သတ်မှတ်ချက်များနှင့်အညီ ငွေပြန်လည် ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရအရေး ယူသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန် ထားပြီးဖြစ်သဖြင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ၄၅ ရက်အတွင်း လည်းကောင်း၊ အာရှနိုင်ငံများအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့ သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၂၂ ဖြင့် ထုတ်ပြန်ထားသည်။ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ ပေးသွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြလိုပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒီဇင်ဘာလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် ၂၆/၂၀၂၃ အရ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေ ပမာဏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ် မှတ်ငွေ လဲလှယ်နှုန်းဖြင့် လဲလှယ်ရောင်းချရ မည်ဖြစ်ပြီး အဆိုပါ ငွေပမာဏအား အလုပ် လုပ်ရက် တစ်ရက်အတွင်း သက်ဆိုင်ရာ ဗီ လိုင်စင်ရဘဏ်မှ မြန်မာကျပ်ငွေဖြင့်လဲလှယ် ပေးမည်ဟု ထုတ်ပြန်ထားသည်။
ပို့ကုန်ရငွေ၏ ပို့ကုန်ရငွေပမာဏ ၃၅ ရာခိုင်နှုန်း၊ ၆၅ ရာခိုင်နှုန်း အစီအစဉ်သည် ၆-၁၂-၂၀၂၃ ရက်နှင့် နောက်ပိုင်း ထွက်ရှိသော ED များအတွက် ဝင်ရောက်လာမည့် ပို့ကုန်ရငွေများအတွက်သာ ဖြစ်ကာ ၆-၁၂-၂၀၂၃ ရက်အရှေ့ပိုင်း (ဒီဇင်ဘာလ ၅ ရက် - ၄ ရက်စသည်) ED များအတွက် ဝင်သည့်ငွေများကို ယခင် ရာခိုင်နှုန်း ၅၀၊ ၅၀ အစီအစဉ်ဖြင့်သာ လဲလှယ်နိုင်မည် ဖြစ် ပါသည်။
နိုင်ငံခြားငွေကြေးဈေးကွက် (On-line Trading Platform) တွင် နိုင်ငံခြားငွေ ဝယ်ယူထားသူများအနေဖြင့် ဝယ်ယူထားသည့် နိုင်ငံခြားငွေအား ပို့ကုန်ရငွေဝင်ရောက် သည့်နေ့မှစ၍ တစ်လအတွင်း ပြန်လည်လွှဲ ပြောင်းသုံးစွဲရမည်ဟု သိရသည်။