ရန်ကုန်၊ ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါအိမ်ရာတွင် ကျန်ရှိသော ခြောက်ခန်းတွဲ ငါးထပ် ၆၁ ခန်း၊ ရှစ်ခန်းတွဲ ငါးထပ် ၂၇ ခန်း၊ စုစုပေါင်း ၈၈ ခန်းကို အတိုးနှုန်း သက်သာသော ချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် ရောင်းချသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
ရောင်းချမည့် အစီအစဉ်အရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ ပူးတွဲပါ ၁၈၉၁ ဦးစာရင်းတွင် ပါဝင်သူများသည် မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန၏ “DUHD Sale Housing Facebook Page Messenger” မှတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
အမည်စာရင်း လက်ခံခြင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက် အတွင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရောင်းချမည့် အိမ်ရာတည်နေရာ၊ အဆောက်အအုံ အမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်း စသည့် ပူးတွဲပါ အချက်အ လက်တို့ကို ကြည့်ရှုလေ့လာပြီး အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ အိမ်ရာအမည်၊ CHID Bank Down Payment Serial No တို့ကို ပြည့်စုံစွာ စာရင်းပေး သွင်းရမည်ဖြစ်ကြောင်း သိရသည်။
စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယား အစောဆုံး အမှတ်စဉ် (၈၈) ဦးအား မဲနှိုက်ခွင့်ပြုမည်ဖြစ်ပြီး အခန်းမဲနှိုက်ပေး ခြင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ အခန်းဝယ်ယူခွင့်ရသူသည် အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ထူးမြတ်