နေပြည်တော်၊ ဇန်နဝါရီ ၂
ဟံသာဝတီရှေးဟောင်းမြို့ရိုးနှင့် တောင်ငူတံခါးပေါက် ပြန်လည်တူးဖော်နေမှုတွင် မြို့ရိုးအုတ်စီ အုတ်သားများ ပျက်စီးမှုမရှိစေရေး စနစ်တကျဖော်ထုတ်သွားရန်နှင့် တူးဖော်ရရှိသည့် ရှေးဟောင်း ပစ္စည်းများအား ပစ္စည်းအမျိုးအစားအလိုက် စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ သိန္နီတံခါးပေါက်အနီးရှိ ဟံသာဝတီမြို့ရိုး၊ တံခါးပေါက်၊ မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်း အစရှိသည့် အများပြည်သူများ အပန်း ဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တွေ့မြင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ လိပ်ပြာကန် အဆင့်မြှင့်တင်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့သည်။ ပဲခူးမြို့နယ် မဲခုန်ကျေးရွာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘုရင့်နောင်မင်း တရားကြီး စီးနင်းခဲ့သည့်မြင်း ၁၆ ကောင် ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံ၊ အရွယ်အစားအတိုင်း တည်ဆောက်လျက် ရှိသည်။ အေဒီ ၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်၊ ဟံသာဝတီမြို့ တော်သစ်နှင့် ဒုတိယမြန်မာနိုင်ငံအား တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး (ဆင်ဖြူများရှင်)စီးနင်းသည့် ပုံစံတူ ရထားလုံးတော်ကြီး ဖြစ်၍ ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်နိုင်ရေး သမိုင်းပညာရှင် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။ ကွန်းဈာန်