ရန်ကုန်၊ ဇန်နဝါရီ ၂
အကြိမ်(၇၀)မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် ထီလက်မှတ်များရောင်းချရငွေ ကျပ် သန်း ၆၅၀၀ ကျော် ရရှိခဲ့ကြောင်း ဒီဇင်ဘာလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲ၏ ကြေညာချက်အရ သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ကျင်းပမည့် အကြိမ်(၇၀)မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို 'က' အက္ခရာမှ အစဉ်လိုက် 'ဇ'အက္ခရာ အထိ စုစုပေါင်းအက္ခရာရှစ်လုံးအား ခွဲဝေရောင်းချရာတွင် ထီစာအုပ် ၆၅၄၅၄၄ အုပ်အား ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၆၅၄၅ ဒသမ ၄၄၀ ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း ၄၅၈၁ ဒသမ ၈၀၈ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပြီး အဆိုပါ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကို ပြန်လည်ချီးမြှင့်ပေးမည့် ထီဆုငွေတို့မှ ဆုမဲများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အထူးဆုကြီးများအဖြစ် ကျပ်သိန်းငါးထောင်တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်း တစ်ထောင်တစ်ဆု၊ ကျပ်သိန်းငါးရာလေးဆု၊ ကျပ်သိန်းနှစ်ရာငါးဆု၊ ကျပ်သိန်းတစ်ရာ ၁၀ ဆု၊ ကျပ်သိန်းငါးဆယ် ၁၃ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ် ဆယ်သိန်း ၁၅ ဆု ဝေေ၀ဆာဆာ ပဒေသာ ဆုများကို ပြန်လည်ချီးမြှင့်ပေးမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှလည်း ကျပ် ၁၀ သိန်းဆု လေးဆု၊ ကျပ်သုံးသိန်း ဆု ၂၀ ၊ ကျပ်နှစ်သိန်းဆု ၂၀၀၊ ကျပ်တစ် သိန်းဆု ၂၀၀၀ တို့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အကြိမ်(၇၀)မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို ၁-၁ -၂၀၂၅ နံနက်ပိုင်းတွင်လည်းကောင်း၊ (၅) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းဂဏန်း ငါးလုံးသိန်းဆုထီဖွင့်ပွဲကို မွန်းလွဲပိုင်းတွင်လည်းကောင်း အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပခဲ့သည်။ ထို့အပြင် (၅) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်း ဂဏန်း ငါးလုံးသိန်းဆု ထီလက်မှတ်များ၏ စုစုပေါင်းရောင်းရငွေအပေါ်မှ ရာခိုင်နှုန်း ၇၀ အား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ခဲ့ကြောင်း သိရသည်။ နဒီ