ရန်ကုန်၊ ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပြီး အလောင်းစွန့်ပစ်ခံရသည့် အသက်(၂၆) နှစ်အရွယ် မဇာခြည်ဦး၏ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်ဒီဇင်ဘာ ၂၇ ရက်က မဇာခြည်ဦးသည် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်း သဇင်မင်းရိပ်သာ၊ အမှတ် F-102 တွင် ဖွင့်လှစ်ထားသော IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းသို့ ကုသမှုခံယူရန်သွားရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ဒဂုံ မြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလောင်းပြန်လည် တွေ့ရှိခဲ့ပြီး သေဆုံးမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
"ဖြစ်စဉ်ကတော့ လူပျောက်ကို ကျောက်တံတား ရဲစခန်းမှာ တိုင်တယ်။ နောက်ဒဂုံဆိပ်ကမ်းမှာ အလောင်းပြန်တွေတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့တယ်။ စစ်ဆေးမှုအရတော့ မေ့ဆေးပေးတဲ့ပမာဏ များတယ်လို့ ယူဆရတယ်။ ဖြစ်စဉ်ဖြစ်ပြီးကတည်းက ဆေးခန်းပိုင်ရှင်ရော၊ ဆရာဝန်ရော ထွက်ပြေး တိမ်းရှောင်သွားပါတယ်။ ခုတော့ ရဲတပ်ဖွဲ့က ဆရာဝန်နောက်ကို လိုက်နေပါပြီ။ ကျန်တဲ့သူတွေ ဖမ်းဆီးရမိရေးဆောင်ရွက် နေပါတယ်"ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။
နယ်မြေခံသတင်းများအရ အခင်းဖြစ်သည့်နေ့တွင် IRIS Beauty Clinic ပိုင်ရှင်များမှာ သင်္ဃန်းကျွန်းရှိ ငှားရမ်းထားသော တိုက်ခန်းကို ပြန်လည်အပ်နှံပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် အလှအပရေးရာ ဆရာဝန် ဖြစ်သူမှာလည်း တစ်ပါတည်း တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်ထူးမြတ်