အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်းဝင်ရောက် ယှဉ်ပြိုင်ခွင့်ရ

ရန်ကုန်၊ ဇွန် ၁၈
    အာရှဘောလုံးအဖွဲ့ချုပ်မှ  ပထမဆုံးအကြိမ်ကျင်းပမည့် ၂၀၂၄-၂၅ ရာသီ အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြဝတီအမျိုး သမီးအသင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
    မြဝတီ အမျိုးသမီးအသင်းသည် ၂၀၂၃ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့ပြီး ယခုပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။
    အာရှ ဘောလုံးအဖွဲ့ချုပ်သည် ဒေသတွင်း အမျိုးသမီးဘောလုံးအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အမျိုးသမီး ကလပ်ပြိုင်ပွဲကို အဆင့်တိုးမြှင့်ကျင်းပခြင်းဖြစ်ပြီး အသင်းစုစုပေါင်း ၂၀ ကျော်အထိ ယှဉ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲအတွက် မဲခွဲပွဲကို ဇူလိုင် ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
    ပြိုင်ပွဲကျင်းပသည့် ပုံစံအရ  နောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း  ၁၂ သင်းဖြင့်  ကျင်းပမည်ဖြစ်ပြီး ရှစ်သင်းမှာ တိုက်ရိုက်ကစားခွင့်ရရှိထားကာ ကျန်သည့်လေးနေရာကို အသင်း ၁၄ သင်းဖြင့် ခြေစစ်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
    ခြေစစ်ပွဲအဆင့်တွင် မြန်မာအသင်းအပါအဝင် ထိုင်း၊ ဥဇဘက်ကစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဂျော်ဒန်၊ ဟောင်ကောင်၊  လာအို၊ မလေးရှား၊ နီပေါ၊ ယူအေအီး၊ စင်ကာပူ၊ ဘူတန်နှင့် ဆော်ဒီအာရေဗျ ကလပ်အသင်းများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဂျပန်၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်၊ တောင်ကို ရီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ) ကလပ်အသင်းများမှာ နောက်ဆုံး အဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 
    ခြေစစ်ပွဲများကို လေးသင်း နှစ်အုပ်စု၊ သုံးသင်း သုံးအုပ်စုခွဲ၍ သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးနေရာရ တစ်သင်းစီ (လေးသင်း) ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

Total Views ~ 420

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43070

© 2022 - 2025 News. All Rights Reserved.