ရန်ကုန်၊ ဇွန် ၂၅
၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ပထမ နှစ်လတာအတွင်း ပဲမျိုးစုံတင်ပို့မှုမှာ တန်ချိန် ၄ ဒသမ ၆၆ သိန်းတင်ပို့နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ကျော်လွန်အောင် တင်ပို့ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်၏ပထမ သုံးလတာအတွင်း စုစုပေါင်းတန်ချိန် ၄ ဒသမ ၃၈ သိန်းတင်ပို့ရန် လျာထားဆောင်ရွက်ခဲ့ရာတွင် နှစ်လအတွင်း အဆိုပါလျာထားချက်ထက် ကျော်လွန်စွာဖြင့် တင်ပို့ထားနိုင်ခဲ့ကြောင်း၊ လက်ရှိဘဏ္ဍာနှစ် တစ်နှစ်တာလုံးအတွက် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၉ သန်း ပြည်ပသို့တင်ပို့ရန် လျာထားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထိုအပြင် ယခုဇွန်လအတွင်း လစဉ် လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေးအတွက် ပဲမျိုးစုံတင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ ကုန်များတွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းစသည် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်ပြီး ပြည်ပဝင်ငွေအများဆုံးရရှိသည့် ပို့ကုန်အမယ်များ ဖြစ်ကြောင်းသိရသည်။
တင်ပို့မှုအနေဖြင့် ဒေသထွက်ပဲများ၏ ရာခိုင်နှုန်း ၂၀ ကို ပြည်တွင်း၌ စားသုံးပြီး ရာခိုင်နှုန်း ၈၀ ကို ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း၊ မတ်ပဲနှင့် ပဲတီစိမ်းကို အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်နှင့် EU နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ အိန္ဒိ ယနိုင်ငံအနေဖြင့် ပြည်တွင်းပဲလိုအပ်ချက် များရှိသောကြောင့် ပဲတင်သွင်းမှုကို ဖြေလျှော့ပေးခဲ့ရာ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေး များကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ကို လာမည့် ၂၀၂၅ ခုနှစ် မတ်လအထိ သက်တမ်းတိုးမြှင့်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံမှ ပဲတင်ပို့သူ လုပ်ငန်းရှင်များ ဈေးကောင်းရရှိနိုင်မည်ဖြစ်သည်။
မတ်ပဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့/ အနောက်)နှင့် မွန်ပြည်နယ်တို့တွင် စိုက်ပျိုးထွက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အနည်းငယ်ထွက်ရှိကြောင်း၊ ပဲစင်းငုံ(အနီ)ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိပြီး ပဲစင်းငုံ(အဖြူ)ကိုတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တို့တွင် အနည်းငယ်ထွက်ရှိကြောင်း၊ ပဲတီစိမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးကြောင်း သိရသည်။