နေပြည်တော်၊ ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် AA ၏ အကြမ်းဖက်လုပ်ရပ်များနှင့် စစ်ရေးချဲ့ထွင်မှုကြောင့် ဒေသခံပြည်သူများ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ရွှေ့ပြောင်း အခြေချနေရကြောင်း ဂွမြို့နယ် ဒေသခံပြည်သူများထံမှ သိရသည်။
ဂွမြို့နယ်ဒေသခံ ပြည်သူအများအပြားမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ပြောင်းရွှေ့အခြေချကြပြီး တချို့သော ဒေသခံပြည်သူများမှာ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြကြောင်း ဂွမြို့နယ် ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။
"အခြေအနေက ဖြစ်တာတော့ ဖြစ်နေကြတယ်။ ကျွန်တော်တို့လည်း ရှောင်နေရတယ်။ ဂွမှာက နေ့တိုင်းလိုလိုချနေတော့ မနေရဲတော့ဘူး။ မြို့ပေါ်မှာ လူမရှိတော့ဘူး။ အစွန်အဖျားရွာလေးတွေလောက်ပဲ ကျန်တယ်။ တစ်စု၊ နှစ်စုလောက်ပဲ ရှိတယ်။ ဂွဘက်က လူတွေက နီးစပ်ရာ ဧရာဝတီ တိုင်းကို ပြောင်းကြတယ်။ တချို့ကလည်း ရန်ကုန်တက်ပြီး အလုပ်လုပ်ကြတယ်။ လုပ်ကိုင်စားသောက်ရတာပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲဗျာ။ ကိုယ်လုပ်ယူလို့မှမရတာ ကံအတိုင်းပဲ။ ဧရာဝတီတိုင်းကို ပြောင်းတာကြာပြီ။ ကျွန်တော်တို့ ငါးလလောက် ရှိပြီ။ သံတွဲမှာ ဖြစ်ကတည်းက ရွှေ့တာ။ ဂွလည်း ဖြစ်လာနိုင်တယ်ဆိုပြီး ရွှေ့တာ။ ဒီမှာတော့ ကျွန်တော် စိုက်ပျိုးရေးပဲ ပြန်လုပ်နေတယ်။ အရောင်းအဝယ်ကတော့ နည်းနည်းပါးပါး လုပ်တယ်။ ကွမ်းလုပ်ငန်း ပြန်လုပ်နေတယ်။ ရခိုင်ဘက်က ကွမ်းကတော့ အဆက်ပြတ်သွားတယ်။ ဂွက ကွမ်းညွှန့်တွေက ပုသိမ်ဘက်ကိုတော့ နည်းနည်းပါးပါး လိုင်းကားနဲ့တင်ရတယ်။ ကွမ်းရွက်တော့ မထုတ်တော့ဘူး။ ကျွန်တော်က အခုဒီမှာ ကွမ်းစိုက်ထားတာ ခူးရတော့မယ်"ဟု ၎င်းကပြောသည်။
AA ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဂွမြို့နယ်ရှိ နေအိမ်မှာ ပျက်စီးဆုံး ရှုံးခဲ့ရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးသို့ ပြောင်းရွှေ့လာသူတစ်ဦးက "အသက်လောက်တော့ ဘာမှအရေးမကြီးဘူး ဆိုတဲ့စိတ်နဲ့ ရှောင်လာကြတာ။ ဒီမှာ ကုန်ကျစရိတ်တွေလည်း ကြီးတယ်။ ကလေးတွေ ကျောင်း ကိစ္စတွေ၊ နေရေးထိုင်ရေးကိစ္စ၊ အိမ်ငှားခကအစ ဈေးကြီးတယ်။ ကလေးတွေလည်း ဒီမှာပဲ ကျောင်းထားတယ်။ အေးချမ်းသွားတဲ့ အချိန်ကျမှပဲ ကိုယ့်နေရာလေး ကိုယ်ပြန်နေမယ်လို့ စဉ်းစားထားတယ်။ ကျွန်တော့်အိမ်ဆိုရင် ပါသွားပြီ။ ပြန်ဆောက်ရင် သိန်း ၄၀၀ လောက်ကုန်မှာ။ တိုင်းရေးပြည်ရေးကလည်း မလွယ်ပါဘူး။ ကျွန်တော်တို့က ၁၁/ ဆိုတော့ ပိုဆိုးတယ်။ ဧည့်စာရင်း အမြဲတိုင်ရတယ်။ အရင်တုန်းက ဂွမြို့နယ်က အေးချမ်းတယ်"ဟု ပြောသည်။
AA ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် NUG / CRPH ကျောထောက်နောက်ခံ မီဒီယာများက ရခိုင်ဒေသရှိ လက်နက်ကိုင် ပဋိပက္ခများသည် ဧရာဝတီတိုင်းဒေသကြီးသို့ ကူးလာနိုင်ကြောင်း အခြေအမြစ်မရှိသည့် သတင်းအတုများ ထုတ်လွှင့်လျက်ရှိသည်။
AA အနေဖြင့် နယ်မြေမကျွမ်းကျင်သည့်အတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းသို့ မည်သို့မျှ ဝင်လာနိုင်စရာမရှိကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။
"AA ကလျှောက်ပြောနေတာပါ။ ချောင်းသာ၊ ငွေဆောင် သူတို့ မပိုင်ပါဘူး။ ပိုင်ဖို့နေနေသာသာ ဟိုဘက် အခြမ်းတောင် သူတို့ လုပ်ကြည့်ပါဦး။ ဟိုဘက်ခြမ်းမှာလည်း လက်နက်ကိုင်က AA တစ်ခု တည်းရှိတာမှ မဟုတ်တာ။ အခြားလက်နက်ကိုင်တွေလည်း ရှိနေတာ။ သူတို့ အဲဒီလောက်ကြီး မလုပ်နိုင်ပါဘူး။ သူတို့ပြည်နယ်ထဲလောက်ပဲ သူတို့လုပ်တာပါ။ အများစိုးရိမ်နေသလို ဧရာဝတီတိုင်းကိုတော့ မလုပ်နိုင်ပါဘူး။ ဧရာဝတီတိုင်းကိုထိရင် ဂွလည်း ငတ်မှာပဲ။ ဂွဆိုတာ ဧရာဝတီတိုင်းကို မှီထားရတာ။ ရှိသမျှ ဆန်ရေစပါး၊ ငရုတ်၊ ကြက်သွန်အားလုံး မှီခိုနေရတာ။ ရခိုင်ဘက်ကထွက်တာ ပင်လယ်ထွက် ငါး၊ ငါးခြောက်လောက်ပဲ ထွက်တာ။ ကွမ်းထွက်တယ်။ စပါးက အဲဒီလောက်မရှိဘူး။ အဓိက ငါးပိ၊ ငါးခြောက်ပဲ ထွက်တာ။ ဆန်ကအစ ဧရာဝတီတိုင်းဘက်က ယူရတာ။ သူတို့ပြောသလိုတော့ ဧရာဝတီတိုင်းကို ကူးလာဖို့ မဖြစ်နိုင်ဘူး။ ရခိုင်ဘက်ကတော့ သူတို့ ကျွမ်းကျင်တဲ့ နယ်မြေလေ။ ဧရာဝတီတိုင်းက ကွင်းပြင်ကြီး။ အေးချမ်းသွားဖို့ပဲ မျှော်လင့်ပါတယ်။ ဘာမှ မဖြစ်စေချင်ပါဘူး။ သတင်းတွေကလည်း တလွဲတွေ တင်ကြတာလည်း ရှိပါတယ်။ ဖွကြတာပေါ့ဗျာ"ဟု ၎င်းကပြောသည်။
ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့ နယ်တွင် နေထိုင်သူတစ်ဦးက "မြေပြင်အနေ အထားမသိဘဲ လာတိုက်ရင် သူပုန်သချိုင်း ဧရာဝတီတိုင်း ဖြစ်သွားမယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေကြတဲ့ ဧရာဝတီတိုင်းကို မဖျက်ဆီးကြပါနဲ့။ စစ်ကို မဖိတ်ခေါ်ကြပါနဲ့" ဟု ပြောသည်။
AA ၏ စစ်ရေးချဲ့ထွင်မှုကို မြန်မာ့တပ်မတော်အနေဖြင့် မည်သို့တုံ့ပြန်ဆောင် ရွက်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ် ပြောဆိုသည်။
"အခုက ရှမ်းမြောက်က ငြိမ်သွားတယ်။ ရှမ်းမြောက်ငြိမ်သွားတော့ အင်အားစုအားလုံးသည် ရခိုင်ကို ရောက်သွားတဲ့သဘောဖြစ်တယ်။ ရှမ်းမြောက်သည် ရှမ်းမန်းစစ်ဆင်ရေးနဲ့ မန္တလေးကို စိတ်ကူး ခဲ့ကြတာကိုး။ အဲဒီဥစ္စာက တရုတ်ရဲ့ အနေအထားနဲ့ ငြိမ်သွားတယ်။ ရှမ်းမြောက်ဘက်က အင်အားစု တော်တော်များများက ရခိုင်ကိုရောက်သွားပုံ ပေါက်တယ်။ အဲဒီတော့ AA ရယ်၊ ရှမ်းမြောက်အင် အားစုရယ်။ PDF တွေရယ် က ရခိုင်ဒေသမှာ ဖြန့်ခွဲပြီးမှ စစ်ဆင်နိုင်တဲ့ အနေအထား ရောက်သွားတယ်။ AA ရဲ့ မြားဦးမှာ PDF တွေ ရှိနိုင်တယ်။ အဲဒီအင် အားစုတစ်ခုက ဧရာဝတီကို ညာသံပေးနေတဲ့ ပုံတော့ပေါက်တယ်။ သို့သော်လည်း AA ရဲ့ ထိုးစစ်က ပြန့်ကျဲနေတဲ့ အခါကျတော့ သူရဲ့ Supply Change ကတော့ နိုင် မနိုင် မပြောတတ်ဘူး။ ဧရာဝတီကို လာမယ်ဆိုတာနဲ့ ဒီဘက်က ပြည်သူတွေက စိုးရိမ်စိတ်များနေတာ တွေ့ရတယ်။ ဒါကို ထိုးစစ်ကို ရပ်တန့် အောင် ဘယ်လိုတုံ့ပြန် လုပ်ဆောင်မလဲ။ သို့မဟုတ် ဟိုဘက်က စစ်ဒေသသုံး၊ လေးခု နောက်တန်းကို ဘယ်လို ထိုးဖောက်မှာလဲဆို တာ မကြားရသေးဘူး။ ကျွန်တော်တို့ကတော့ မဟာဗျူဟာ စစ်ပညာအရ နားမလည်ဘူး။ အမ်းပြီးတော့ အခု ဂွဆိုတဲ့ အသံကြားတယ်။ အဲဒီနောက်မှာ ငသိုင်းချောင်း၊ ဧရာဝတီတိုင်း ရှိတယ်။ အဲဒီဘက်ကို ထိုး ဖောက်လာမှာလားပေါ့။ စိုးရိမ်စိတ်တွေ တွေ့ရတယ်။ လာမယ့် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ မတိုင်ခင် အစိုးရသို့မဟုတ် မြန်မာ့တပ်မတော် ဘာလုပ်မှာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်"ဟု ၎င်းင်းကပြောသည်။
AA ၏ အကြမ်းဖက်လုပ်ရပ်များ၊ စစ်ရေးချဲ့ထွင်မှုများကြောင့် မြန်မာ့တပ်မတော်နှင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားလျက်ရှိရာ ရခိုင်ပြည်နယ် ဂွမြို့နယ်သည် ဧရာဝတီတိုင်း ဒေသကြီးနှင့် အနီးဆုံးမြို့ ဖြစ်ခြင်း ကြောင့် ရခိုင်ပြည်နယ် ဒေသခံများက ဧရာဝတီတိုင်း ဒေသကြီးအတွင်းသို့ ခိုလှုံလာကြခြင်း ဖြစ်သည်။
ယခုအခါ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ဆက်စပ်နေရာများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်မာ့တပ်မတော်အနေဖြင့် လုံခြုံရေးအခြေအနေ တိုးမြှင့်ထားကြောင်း ပြည်တွင်း သတင်းများတွင် ဖော်ပြထားသည်။ ကွန်းဈာန်