၂၀၂၄ ၊ မတ် ၂၀
AFC Futsal Asian Cup 2024 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် မတ် ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ စခန်းသွင်းလေ့ကျင့်မှုများကို စတင်ပြုလုပ် နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဖူဆယ်နှင့်သဲ သောင်ပြင်ကော်မတီမှ သိရသည်။
ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်ချုပ်နည်းပြအဖွဲ့ဝင် ကိုးဦး၊ ကစားသမား ၂၀ ဖြင့် သုဝဏ္ဏအား ကစားကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများအဆောင်တွင် စခန်းသွင်း လေ့ကျင့်နေခြင်းဖြစ်ကာ ပြိုင်ပွဲအကြို ကြိုတင်ပြင်ဆင်မှုအနေဖြင့် မတ်လ ၃၀ နှင့် ၃၁ ရက်များတွင် အာဖဂန်နစ္စတန်အသင်းနှင့် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ(N.I.S 1)တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဧပြီ ၁၇ ရက်မှ ၂၈ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Futsal Asain Cup 2024 (အာရှဖူဆယ်ပြိုင်ပွဲနောက်ဆုံးအဆင့်)ပွဲစဉ်များသို့ သွားရောက်သတင်းရယူမည့် မီဒီယာများအနေဖြင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး ပြိုင်ပွဲသို့ သွားရောက်သတင်းရယူလိုသည့် မီဒီယာသမားများအနေဖြင့် ဧပြီ ၃ ရက် နောက်ဆုံးထား၍ ကိုယ်ရေးအချက်အလက် နှင့် မိမိသတင်းရယူလို သော Designation (ဥပမာ - Photographer, Editor, Reporter, Broadcaster) အစရှိသဖြင့် ပြည့်စုံစွာ ဖြည့်စွက်ရ မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသော ယင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Huamark Stadium နှင့် Bangkok Arena တို့တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asain Cup 2024 ပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။