၂၀၂၃ အောက်တိုဘာ ၁၉
တညင်းကုန်းဈေးတွင် ရောင်းချနေသည့်ဈေးသည်များကို AYA Bank နှင့် UAB ဘဏ်တို့ဖြင့် ချိတ်ဆက်၍ MSME ချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။
တညင်းကုန်ဈေးအတွင်းရှိ ဈေးရောင်းချနေသည့် ဈေးသည်များအား MSME (Loan) ချေးငွေထုတ်ပေးနိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"ဈေးသူဈေးသားတွေ ပထမဦးဆုံး ပမာဏအနေနဲ့ ဈေးသည် ၆၀ လောက်ကို အရင်ရွေးထုတ်ပြီးတော့မှသူတို့ချေးနိုင်တဲ့၊ လုပ်ငန်းတိုးချဲ့နိုင်မယ့် ပမာဏကို တွက်ချက်ပါတယ်။ တွက်ချက်ပြီးတော့မှ ဈေးသည်တစ်ဦးကို သိန်း ၅၀၊ သိန်း ၁၀၀ အထိသတ်မှတ်ထားတယ်။ ဘဏ်ဘက်ကလည်း လိုအပ်တဲ့အချက်အလက်တွေ စိစစ်ပြီးဖြစ်ပါတယ်" ဟု Myanmar Agro Exchange Public. Ltd (MAEX) ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ကြီးက ပြောသည်။
ထို့ပြင် ဈေးသည်ဦးရေ ၆၀ ကျော်ကို လာမည့်သောကြာနေ့တွင်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ကျပ်သိန်းပေါင်း ၁၂,၀၀၀ အထိ ပထမအကြိမ် စတင်ထုတ်ချေးဖို့ စီစဉ်ထားကြောင်း သိရသည်။
ယင်းအပြင် ချေးငွေလျှောက်ထားလိုသူများအနေဖြင့်ဆိုင်းခန်းအနည်းဆုံး သုံးခန်းတွဲရှိသူ၊ ဆိုင်ခန်းအခွန်ဆောင်ထားရှိမှု၊ လုပ်ငန်းနှင့်ပတ်သက်သည့် ကုန်ရောင်းကုန်ဝယ်ပြေစာ၊ လျှောက်ထားသူ မှတ်ပုံတင်၊ လုပ်ငန်းနှင့်ပတ်သက်သည့် ထောက်ခံစာ စသည့်အချက်များသာလိုအပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချေးငွေသက်တမ်းကာလမှာ တစ်နှစ်မှ နှစ်နှစ်အထိဖြစ်ပြီး အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၀ ဒသမ ၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ကြောင်း AYA Bank မှ MSME ချေးငွေဌာန၏ ဒါရိုက်တာဦးတိုးလင်းညွှန့်က ပြောသည်။
မြန်မာအက်ဂရိုအိတ်(စ)ချိန်း(စ)အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် - MAEX မှတာဝန်ယူတည်ဆောက်နေသည့် တညင်းကုန်းလက်ကားဈေးသစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ၊ အဆိုပါ တညင်းကုန်းလက်ကားဈေးသစ်ကြီးကိုစီမံကိန်း အဆင့်လေးဆင့် ပိုင်းခြား၍ တည်ဆောက်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။