ရန်ကုန်၊ ဇန်နဝါရီ ၂
KBZPay အကောင့်အချို့ ငွေလိမ်အထုတ်ခံရသည့် ဖြစ်စဉ်များကို အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းထုတ်ဖော်သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသုံးပြုသူများအတွက် လုံခြုံစိတ်ချရသည့် ငွေကြေးဝန်ဆောင်မှုများ ရရှိစေရေးသည် KBZPay ၏ အဓိက ဦးစားပေးဖြစ်ပြီး လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ်ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များ ရှိနေမှုအပေါ် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ သတိပေးချက်အဖြစ် ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း အသိပေးထားပြီး ယင်းဖြစ်စဉ်များကို လည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းထုတ်ဖော်သွားမည်ဟု အသိပေးထား သည်။
ထို့အပြင် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးနှင့် ငွေကြေးဆိုင်ရာ အချက်အလက်များအား လုံခြုံစိတ်ချစွာထားရှိရန် အရေးကြီးကြောင်း ကမ္ဘောဇဘဏ်မှ ထပ်မံ သတိပေးထားပြီး PIN နံပါတ်သည် ဒစ်ဂျစ်တယ် ငွေကြေးလုံခြုံစိတ်ချရမှုရှိစေရန် အရေးကြီးသည့် ဒစ်ဂျစ်တယ် သော့တစ်ချောင်း ဖြစ်၍ PIN နံပါတ်အား မိတ်ဆွေအပေါင်းအသင်းများဖြစ်စေ၊ မိသားစုဝင်များဖြစ်စေ၊ ဘဏ်ဝန်ထမ်းများဖြစ်စေ၊ ကုန်သည် (Merchant) များဖြစ်စေ မည်သူနှင့်မျှ လုံး၀ (လုံးဝ) မျှဝေခြင်းမပြုရန် သတိပေးထားသည်။
OTP နှင့် PIN ထက် ပိုမိုကောင်းမွန်သော နည်းပညာလုံခြုံမှုအားထပ်မံတိုးမြှင့်ရန်အတွက် Biometric Identification နှင့် Device-Based Notification ကဲ့သို့ လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်သွားရန် ဆောင်ရွက်လျက်ရှိပြီး အသုံးပြုသူများ၏ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် ပိုမိုလုံခြုံမှု ရှိစေရန် KBZPay မှ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မသမာသူများမှ ငွေကြေးလိမ်လည်ရယူရန် ပြုလုပ်တတ်သည့် ကြိုးပမ်းမှုများနှင့် ပတ်သက်၍လည်း အလေးဂရုပြုကြပါရန် တိုက်တွန်းထားပြီး အယောင်ဆောင် အက်ပလီကေးရှင်းများနှင့် လင့်ခ်များ၊ အယောင်ဆောင် ဖုန်းခေါ်ဆိုမှု များနှင့် Message များမှတစ်ဆင့် မသမာသူများသည် လူကြီးမင်း၏ အချက်အလက်များအား ၎င်းတို့ထံသို့ ရောက်ရှိစေ ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်လှည့်စားလေ့ရှိသည့်အတွက် Google Play Store သို့မဟုတ် Apple App Store ကဲ့သို့သော ယုံကြည်စိတ်ချရသည့် အရင်းအမြစ်များမှသာလျှင် KBZPay app ကို Download ၍ ကမ္ဘောဇဘဏ်မှ တိုက်တွန်းထားသည်။ နဒီ