၂၀၂၄ ၊ မတ် ၅
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဦးဆောင်မှုနှင့် MAPCO အပါအဝင် အခြားသော ဆန်စပါးကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် စုပေါင်းဖွဲ့စည်းထားသည့် Myanmar Rice Bran Oil Company Limited သည် ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ် ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Myanmar Rice Bran Oil Company Limited သည် ရန်ကုန်စတော့ အိတ်(စ်)ချိန်း- YSX တွင် အစုရှယ်ယာ ထုတ်ဝေရောင်းချသည့် စာရင်းဝင်ကုမ္ပဏီဖြစ်သည်အထိ စီစဉ်သွားရန် ရည်မှန်းထားကြောင်း၊ MRF သည် ဖွဲနုဆီထုတ်လုပ်သည့်လုပ်ငန်းကို စနစ်တကျ ရင်းနှီးမြှုပ်နှံနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကာ MRBO အနေဖြင့် ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ခြင်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
"ပထမဆုံးစက်ရုံကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ အုပ်စုမှာ တည်ဆောက်နေပြီး လုပ်ငန်းတွေကို တစ်နှစ်အတွင်း အပြီးသတ်ဆောင်ရွက် နိုင်ဖို့ရည်မှန်းထားပါတယ်။ စက်ရုံကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ လျာထားဆောင်ရွက်နေပါတယ်။ ဖွဲနုဆီက ဆီကြိတ်သလိုတော့ ဆီတန်းမထွက်ဘူး။ ဖွဲနုကို Solvent Extraction နည်းပညာကိုသုံးပြီး ဆီကြမ်း အရင်ထုတ်ရပါတယ်။ ဆီကြမ်းကို ပြန်လည်သန့်စင်ထုတ်လုပ်မယ့် ဆီချောသန့် စင်စက်ရုံကိုပါ တည်ဆောက်ရပါတယ်"ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။
နေပြည်တော် အနီးတစ်ဝိုက်ဆန် စက်များမှထွက်ရှိသည့် ဖွဲနုများကို ခေတ်မီ နည်းစနစ်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် စားသုံးဆီထုတ်လုပ်မည်ဖြစ်ပြီး တခြား နေကြာ၊ ပဲပုပ်စသည့် ဆီထွက်သီးနှံများအနေဖြင့်လည်း စားသုံးဆီများထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း၊ ဖွဲနုဆီနှင့် စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) ကို တန် ၂၀၀ ဖွဲနုဆီကြမ်းစက်ရုံအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံမှထွက်ရှိလာ သည့် ဖွဲနုဆီကြမ်းကို ပြန်လည်သန့်စင်ထုတ် လုပ်မည့် ဆီချောသန့်စက်ရုံကိုပါ တစ်ပါတည်း တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဖွဲနုဆီကြမ်း၊ ဆီချောနှင့် စားသုံး ဆီထုတ်လုပ်ရေးစက်ရုံ (ပြည်ထောင်စုနယ်မြေ)သည် တစ်နှစ်လျှင် ဆီကြမ်းတန်ချိန် ၉၀၀၀၊ ဆီချောတန်ချိန် ၆၃၀၀ ခန့်ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖွဲနုဆီဆီကြမ်းနှင့် ဆီချော Refinery ပါဝင်သည့် စက်ရုံဖြစ်ကြောင်း၊ ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) အပါအဝင် နိုင်ငံအတွင်း တန် ၂၀၀ ဖွဲနုဆီကြမ်းစက်ရုံ ပေါင်း ၁၁ ရုံ တည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံများတွင် တစ်နှစ် ဆီကြမ်း ၁၁၈၈၀၀ တန် ထွက်ရှိနိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်အနေဖြင့် အလားတူဖွဲနုဆီနှင့် စားသုံးဆီ ထုတ်လုပ်ရေး အစီအစဉ်များ ကို ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။