UEC ၏ တိုက်တွန်းချက်ကို အလေးအနက်ထား၍ ဧရာဝတီတိုင်းသို့ ပါတီစည်းရုံးရေးဆင်းရန် ကရင်ပြည်သူ့ပါတီ ပြင်ဆင်နေ

နေပြည်တော်၊ ဒီဇင်ဘာ ၂၅
    ဧရာဝတီတိုင်းဒေသကြီးတွင် ပါတီစည်းရုံးရေး လုပ်ဆောင်ရန်အတွက် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။ 
    စိုးရိမ်တာကတော့ ရှိတယ်။ ကိုယ့်လူတွေက ဘယ်လောက် သတ္တိရှိကြမလဲ၊ ဘယ်လောက်ခံ နိုင်ရည်ရှိကြမလဲတော့ မသိဘူး။ ဧရာဝတီတိုင်းက အရင်တုန်းက ငြိမ်သက်နေတယ်လို့ နာမည်ရထားတာ။ အခု စိုးရိမ်မှုတွေရှိတယ်။ ကိုယ့်လူတွေက နဂိုကတည်းကလည်း စိုးရိမ်စိတ်တွေ ရှိ တယ်။ နည်းနည်းလေး ငြိမ်နေတုန်းကတော့ သူတို့ သိပ်မပူကြဘူး။ ပါတီအနေနဲ့ ဒေသဖွံ့ဖြိုးရေးကတော့ လုပ်နေတယ်။ စည်းရုံးရေးကတော့ ဒီပုံစံအတိုင်းဆိုရင် မလွယ်လောက်သေးဘူးထင်တယ်။ လက်ရှိအစိုးရကနေ တစ်ခုခုကို ရှင်းအောင် လုပ်နိုင်မှပဲ လုပ်လို့ရမယ်ထင်တယ်။ တချို့ကတော့ ဖေဖော်ဝါရီကို စောင့်ကြည့်မယ် ဆိုတာမျိုး ပြောကြတယ်။ ကျွန်မတို့ကလည်း ရှင်းရှင်းပြောရရင် မီးစင်ကြည့်ကရမှာပဲဟု ၎င်းင်းကပြောသည်။ 
    လက်ရှိ နစကအစိုးရကို ဆန့်ကျင်သည့် အင်အားစုများနှင့် အကြမ်းဖက်သမားများကလည်း ရွေးကောက်ပွဲကို မဖြစ်မြောက်စေရန် ကြံရွယ်လျက်ရှိပြီး ခြိမ်းခြောက်မှုများ ရှိသော်လည်း ပါတီဝင်များအနေဖြင့် စိတ်ဓာတ်ကြံ့ခိုင်ရန် လိုအပ်ကြောင်း နမ့်ခင်အေးဦးက ပြောသည်။ 
    ဆန္ဒကတော့ ပြည်တွင်းမှာရှိတဲ့ သူတွေ သက်သောင့်သက်သာနေနိုင်အောင်၊ အခွင့်အရေးလေးတွေ မဆုံးရှုံးရအောင် ပါတီကို ဆက်လုပ်တာ။ အများအကျိုးအတွက် ဆိုပေမယ့် ခြိမ်းခြောက်မှုတွေကတော့ ရှိနေတာပါပဲ။ ပျက်အောင် ဖျက်မယ်ဆိုတာလည်း ကြားနေတယ်။ တစ်ဖက်ကလည်း အားလုံးပါဝင်ရေး ဖြစ်ဖို့လိုတယ်ဆိုတာ ပြောတယ်။ အခုကတော့ အခြေအနေတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ အဓိကတော့ စိတ်ဓာတ်ခိုင်ခိုင်မာမာ ရှိဖို့လိုတယ်။ ဧရာဝတီတိုင်းမှာ တောင်သူတွေက ဘာမှသိပ်မသိကြဘူး။ တိုင်းပြည် မတည်ငြိမ်တာကို အကြောင်းပြုပြီး အဲဒီလူ တွေအပေါ်မှာ လုပ်စားနေကြတဲ့ သူတွေက လည်း ရှိတယ်။ အဲဒါတွေကို တတ်နိုင်သလောက်ကူညီဖို့ ကြိုးစားနေကြတာပဲ။ တိုင်းပြည်က အဲဒီလို ဖြစ်နေတာတော့ မကောင်းဘူး။ တစ်ခုခုတော့ လုံလုံခြုံခြုံဖြစ်ဖို့ လိုအပ်မယ်။ ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုတာလည်း အင်မတန်အရေးကြီးတယ်ဟု ၎င်းင်းကပြောသည်။ 
    လတ်တလော အခြေအနေအရ ရခိုင်ဒေသတွင် AA နှင့် ပူးပေါင်း PDF အဖွဲ့များက အကြမ်းဖက်မှုနှင့် စစ်ရေးချဲ့ထွင်မှုများကြောင့် ဧရာဝတီတိုင်းဒေသကြီးကို ကူးစက်လာနိုင်သည်ဟူသော ကောလာဟလ သတင်းများကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက်ရှိသည်။ 
    ကရင်ပြည်သူ့ပါတီအနေဖြင့် လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေကြောင်း သိရသည်။ 
    ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို မငြိမ်းချမ်းသည့် အညိုရောင်ဒေသများမှအပ ငြိမ်းချမ်းသည့် အဖြူရောင်နယ်မြေများတွင် ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။   ကွန်းဈာန်

Total Views ~ 178

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43466

© 2022 - 2025 News. All Rights Reserved.