VITA MAX Futsal League-1 ပြိုင်ပွဲ ဒီဇင်ဘာလ ၂၉ ရက်တွင် စတင်ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅
    ပြည်တွင်း၌ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဖူဆယ်လိဂ်-၁ ပြိုင်ပွဲကို ယခုနှစ်တွင် VITA MAX Futsal League-1 ပြိုင်ပွဲအမည်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များကို ယခုလ ၂၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ သိရသည်။
    VITA MAX Futsal League-1 ပြိုင်ပွဲတွင် အသင်းပေါင်း ၁၀ သင်းနှင့် VITA MAX Futsal League-2 ပြိုင်ပွဲတွင် အသင်းပေါင်း ၁၂ သင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ MAX Futsal League-2 ပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များကို ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ VITA MAX Futsal League-1 ပြိုင်ပွဲ၏ ပထမအကျော့ပွဲစဉ်များကို ဒီဇင်ဘာ ၂၉ ရက်တွင်လည်းကောင်း စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
    VITA MAX Futsal League 1 & 2 (၂၀၂၄)ပြိုင်ပွဲ၏ ပထမအကျော့ အပြာင်းအရွှေ့ဈေးကွက်ကို  နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပြီး VITA MAX Futsal League 1 & 2 ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပထမအကျော့အတွက် ကစားသမားသမား အပြောင်းအရွှေ့များ စတင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
    ၂၀၂၃ ဘောလုံးရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံမှာ VUC FC ဖြစ်ပြီး ယခုနှစ် အပြောင်းအရွှေ့ရာသီတွင် အဓိက ကစားသမားအများစု အသင်းပြောင်း ရွှေ့သွားခဲ့သည့်အတွက် ချန်ပီယံကာကွယ်ခွင့်ကို ရုန်းကန်သွားရဖွယ် ရှိနေသည်။ ကျင်းပမည့် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ပြည်တွင်း ဖူဆယ်ကလပ်အသင်းအများစုမှ ကစားသမား အင်အားဖြည့်တင်းမှု အပြိုင်အဆိုင်ပြု လုပ်လျက်ရှိသည်။
    ယခုနှစ် ဖူဆယ်လိဂ် မစတင်မီ ပရိသတ်အများစု စိတ်ဝင်စားသောအပြောင်းအရွှေ့မှာ VUC FC မှ မြန်မာ့လက်ရွေးစင်ကစားသမားနှစ်ဦးဖြစ်သူ အောင်ဇင်ဦးနှင့် ငြိမ်းမင်းစိုးမှာ MH DREAM TEAM သို့လည်းကောင်း၊ VUC FC မှ မြန်မာ့လက်ရွေးစင်ကစားသမား နိုင်လင်းထွန်းကျော်၊ ဝေဇင်ဦး၊ ထွဋ်ဝေထွန်းနှင့် မျိုးမြင့်စိုးတို့မှာ YRG FC  သို့ ပြောင်းရွှေ့သွားခဲ့သည်။   ထူးမြတ်

Total Views ~ 166

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43438

© 2022 - 2025 News. All Rights Reserved.