၂၀၂၄ မေ ၁၅
ကျွန်တော် တကယ့်ကို ဇွဲရှိရှိနဲ့ နှစ်ပေါင်းများစွာ ယုံကြည်ချက်တစ်ခုနဲ့ ဒါဟာဇာတ်ကောင်းတစ်ခုဖြစ်တယ်ဆိုတာကို ပရိသတ်ကို ချပြချင်လို့ ကျွန်တော် သုံးခါတိတိ ဝယ်ခဲ့ရတယ်။ ဇာတ်ညွှန်းရေးချိန်ကလည်း တော်တော်များများကို အချိန်ယူထားတဲ့ဇာတ်ဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုကိုတော့ အပြည့်အဝရချင်ပါတယ်ဆိုတဲ့ အကယ်ဒမီ ဒါရိုက်တာဝိုင်းနဲ့ တွေ့ဆုံမေးခြင်းကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
မေး ။ ။ တခုတ်တရနဲ့ ပတ်သက်ပြီး အမှတ်တရ စကားလေးပြောပေးပါဦး။
ဖြေ ။ ။ တခုတ်တရကိုလာပြီး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အနုပညာရှင်ရော၊ ပရိသတ်တွေရော ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ တခုတ်တရ ဇာတ်ကားကြီးကို ဖန်တီးဖြစ်ပုံလေး ပြောကြားပေးပါဦး။
ဖြေ ။ ။ တခုတ်တရကို ဖန်တီးဖြစ်တဲ့အပေါ် ဝမ်းသာပီတိဖြစ်မိပါတယ်။ တခုတ်တရ နာမည်လေးကလေ ကိုယ်ကိုယ်တိုင် ဒီဇာတ်ညွှန်းကိုရွေးခဲ့တဲ့အပေါ်မှာ အခက်အခဲတွေ့ခဲ့ပါတယ်။ ပထမဦးဆုံး ဒီဝတ္ထုကို စဝယ်တာက ၂၀၁၂ မှာ စဝယ်တယ်။ သုံးနှစ်ဝယ်ရတယ်။ သုံးနှစ်ပြည့်သွားတော့ ပိုက်ဆံက ဆုံးသွားပြန်ရော၊ ၂၀၁၅မှာ တစ်ခါထပ်ဝယ်တယ်။ ဒါပေမဲ့ ဇာတ်ညွှန်းရွေးတဲ့အချိန်မှာ ကျွန်တော်မကြိုက်ဘူး။ကျွန်တော်မကြိုက်တာကို ပရိသတ်ကို ချမပြချင်ဘူး။ အဲဒီတော့ နောက်သုံးနှစ်က ဆုံးသွားပြန်ရော။ အဲဒီတော့ နောက်ဆုံးတစ်ခေါက်ကြတော့ ဆရာ့ကိုပြောတယ် ဒီတစ်ခါတော့ နှစ်နဲ့တော့မရောင်းပါနဲ့ တစ်ကြိမ်ရိုက်ကူး ခွင့်နဲ့ရောင်းပါလို့ ကျွန်တော့်အနေနဲ့က သုံးကြိမ်ရှိပြီလေ ဝယ်တာ။ သူကလည်း ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ရေးတဲ့အချိန်မှာ ကျွန်တော်ထင်တာထက် ခက်ခဲတယ်။ ဒီဇာတ်ညွှန်းရေးတဲ့အချိန်က အားလုံးပေါင်း ၁၀ လနဲ့ ၁၁ လ ကြားမှာရှိပါတယ်။ ဒါတောင် ကျွန်တော်ဘာအလုပ်မှ မရှိတဲ့အချိန်မှာ ၁၁ လတိတိရေးရတဲ့ ဇာတ်ညွှန်းပါ။ ဒါကြောင့်မို့လို့ ဒါလေးကို တစ်ခုတ်တရလို နာမည်ပေးဖြစ်တာပါ။ အခုကြည့်ပြီးတဲ့ အချိန်မှာလည်း ဆယ်လီတွေရဲ့ ပြောတာပြန်ကြားရတော့ ကိုယ်ကြိုးစားခဲ့ရတဲ့အတွက် အရမ်းဝမ်းသာ ပါတယ်။
မေး ။ ။ ဇာတ်ညွှန်းရေးတဲ့ကာလက ရက် ရှည်တာက ဘာကြောင့်လဲ။
ဖြေ ။ ။ အဓိက ဒီကားက ဒရမ်မာဆိုပေမယ့် ဇာတ်လမ်းကို မြှုပ်ကွက်လေးတွေနဲ့ ရိုက်ကူးချင်တယ်။ ဒရမ်မာလို ဆင်းဆင်းကြီး မသွားချင်ဘူး။ အဲဒီလိုမသွားချင်တဲ့အတွက် ဇာတ်ရဲ့ပွိုင့်တွေကို ကစားချင်တာဖြစ်တဲ့အတွက် ရှင်းရှင်းပြောရရင် ဆင်းပွိုင့်ကိုသုံးခု ပုံပြီးတော့မှ တစ်ပုံချင်း ပြန်ကောက်တဲ့အခါလည်း ပြန်ကောက်ရတယ်။ အများကြီးပေါ့ အဓိကအဲ့ဒါ ခက်ခဲစေတာ။ ရိုးရိုးဒရမ်မာဆိုရင် သူ့ဝတ္ထုတိုင်း ပြန်ရေးရင် လွယ်လွယ်လေး။ သူ့ဝတ္ထုအတိုင်း ပြန်မကောက်ချင်ဘဲ အချိန်တိုင်းအချိန်တိုင်း ပရိသတ်ကို ဖမ်းစားချင်တာဖြစ်တဲ့အတွက် ခက်ခဲတယ်။
မေး ။ ။ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုဝိုင်းကို အဆွဲဆောင်နိုင်ဆုံးက ဘယ်အခန်းဖြစ်မလဲ။
ဖြေ ။ ။ ဒီဇာတ်မှာ ကျွန်တော့်ကို အဆွဲဆောင်နိုင်ဆုံးကို ပြောပြရရင် ထက်ထက်ထွန်း ပထမဦးဆုံးပေါ်လာတဲ့ အခန်းရယ်။ ထက်ထက်ထွန်းကနေ အရှိုင်းကနေပြီးတော့ နောက်ထပ် ဇာတ်ကွက်တွေမသိအောင် မြှုပ်ကွက်တွေနဲ့ သွားနေတာပေါ့နော်။ အဲဒီလို သွားနေရတာ ကျွန်တော့်အတွက် အရမ်းပင်ပန်းတယ် ဇာတ်ညွှန်းက။ အဓိကတော့ မိုးဟေကိုကို စပြောကတည်းက။ ဒီဇာတ်ညွှန်းမှာပါတဲ့အတိုင်း ဆံပင်မညှပ်ပေးရင် မရိုက်နိုင်ပါဘူးပေါ့။ ဘာလို့ဆိုတော့ ဆံပင်ညှပ်တာက ကြည့်ရင်တော့အခန်းက ဘာမှမပါဘူး။ ဒါပေမဲ့ အရာအားလုံးကို စွန့်လွှတ်မယ့် မိန်းမတစ်ယောက်ဆိုတော့ တစ်ခုခုတော့ စွန့်လွှတ်မှဖြစ်မယ် အဲဒီအချိန်မှာ။ သူ့ကိုယ်သူ စိတ်အခြေအနေအရ သူဟာတစ်ခုခု လုပ်မယ်၊ ထွက်ပေါက်တစ်ခုကို ပေးရတော့မယ်။ အဲ့ဒီထွက်ပေါက်က သူအမြတ်နိုးဆုံးဆံပင်ကို ဖြတ်ချပြီးတော့ သူ့စိတ်ကို သူပြောင်းတာ။ သူ့စိတ်ကို သူပြန်ပြီးတော့ လုပ်တာပေါ့နော်။ အဲဒီတော့ အဲ့ဒါကိုပေါ်လွင်စေချင်တာ။ ဒါကြောင့် သူနဲ့ကျွန်တော် ညှိပေးတယ်။ ညှိတဲ့အခါမှာလည်း အဆင် ပြေပါတယ်။ ဇာတ်ညွှန်းဖတ်ပြီးတော့လည်း ဒီအပေါ်မှာ ဘာမှမပြောဘူး။ ကြားထဲကနေ ကိစ္စလေးတစ်ခုပဲ ညှိရတာ ရှိတာပေါ့နော်။
မေး ။ ။ မိုးဟေကိုအနေနဲ့ ဆံပင်ညှပ်တဲ့အခန်းကို လက်ခံလိမ့်မယ်ဆိုတဲ့အပေါ် စိုးရိမ်စိတ်ဖြစ်ခဲ့သေးလား။
ဖြေ ။ ။ ဆံပင်ညှပ်တဲ့အခန်းကို လက်ခံလားဆိုတော့ ကျွန်တော်က လက်ခံခြင်း၊ လက်မခံခြင်းကို မသိဘူး။ ကျွန်တော်က ဆံပင်ညှပ်တာကို လက်ခံတဲ့ မင်းသမီးနဲ့ရိုက်မှာ။ သူငြင်းရင်သူ့ကို ကျွန်တော်ကျောခိုင်းရမှာပဲလေ။ ဘာလို့ဆို ကျွန်တော်က ဇာတ်အပေါ်မှာ သစ္စာရှိရမှာလေ။ သူ့အနေနဲ့လည်း ချက်ချင်းတော့ လက်မခံဘူး။ သူ့အနေနဲ့လည်း တော်တော်စဉ်းစားပါတယ်။ စဉ်းစားတယ်ဆိုတာ ဆံပင်ညှပ်တဲ့အပေါ်မှာစဉ်း စားတာမဟုတ်ဘူး။ သူ့ဇာတ်အပေါ်မှာ သူကြိုက်တယ်။ ဒါပေမဲ့ သူ့ဇာတ်ရဲ့ အချိုးအကွေ့တစ်ခုကို သူ့အနေနဲ့ စိတ်ထဲမှာ မတင်မကျဖြစ်တာ။ အဲ့ဒီပေါ်မှာလည်း သူမတင်မကျဖြစ်တာကို ဖြေရှင်းပေးသွားတာက ကျွန်တော်တို့ အမုန်းညစာစားပွဲမှာ ဖြေရှင်းပေးသွားတာ။ အဲ့ဒီမှာ သူ Clear ဖြစ်သွားတာ။
_1715749330.jpg)
မေး ။ ။ ထက်ထက်ထွန်းကြတော့ရော ဘယ်လိုမျိုး ရွေးခဲ့တာလဲ။
ဖြေ ။ ။ ထက်ထက်ထွန်းကိုတော့ ကျွန်တော်ပဲရွေးတာပါ။ ကျွန်တော့်အနေနဲ့က လူငယ်ခြေသွက်လေးကိုလိုချင်တာ။ ကျွန်တော် ပင်ပန်းမယ်ဆိုတာသိတယ်။ ထက်ထက်ထွန်းက နည်းနည်းအိုဗာဖြစ်မယ်ဆိုတာလည်း သိတယ်။ ငါသူ့ကို ဘယ်လောက်အထိ ထိန်းနိုင်မလဲ။ ဒါပေမဲ့ လိုက်တာက သူနဲ့လိုက်တာ။ ဒီကားကြည့်ပြီးတဲ့သူလည်း သိမှာပဲ။ သူနဲ့လိုက်တယ်လေ။ လိုက်တဲ့အချိန်မှာ သူ့ကိုထိန်းရမှာက ကျွန်တော်လုပ်ရမယ့် အရာပေါ့နော်။ အဲဒီတော့ ငါရွေးမယ်ကွာဆိုတော့ ကိုဝိုင်း သူဟုတ်လို့လားတဲ့ ငိုရင်လည်း မျက်တောင်က ပုတ်ခတ်ပုတ်ခတ်နဲ့တဲ့ ဖလပ်ဖလပ်ဖြစ်နေတယ်။ ကိုဝိုင်း စိတ်ကြိုက်ဖြစ်လို့လားတဲ့။ မဟုတ်ဘူး။ ငါရွေးမှာလို့ ငါ ထိန်းရမှာပေါ့။ ဘာလို့ဆိုသူနဲ့ လိုက်နေတာဆိုတော့ အရေးကြီးတာလိုက်ဖို့ အရေးကြီးတယ်လေ။ အဲဒီတော့ ကျွန်တော်လည်း သူ့ကိုရွေးပြီးတော့ ကျွန်တော်ပဲ ကိုယ်တိုင်စကားပြောခဲ့တာ။ ထက်ထက်ထွန်းက ဘာလဲဆိုရင် အရင်ဟာတွေရဲ့ ရိုက်ခတ်မှုကတော့ ရှိနေဦးမှာပဲ သူက တဖြည်းဖြည်း ပြင်သွားဖို့ပဲလိုတာ။ ကျွန်တော့်ကားမှာလည်း ကျွန်တော်ပြင်နိုင်ရင်ပေါ့။ ၁၀၀ ရာခိုင်နှုန်းတော့ မပြင်နိုင်ဘူး။ ကျွန်တော်ဝန်ခံတယ်။ သူအရင် အိုဗာဖြစ်တဲ့ ၃၀၊ ၄၀၊ ၅၀ ရာခိုင်နှုန်းလောက်တော့ ပြင်လိုက်နိုင်တယ်လို့တော့ ကျွန်တော်ထင်တယ်။ အကုန်လုံးပြင်နိုင်ဖို့ကတော့ ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်။ ကျွန်တော် စိတ်တိုင်းကျပါတယ်။ စိတ်တိုင်းမကျတာ မရှိပါဘူး။ ဥပမာ သူတို့နှစ်ယောက်တွေ့တဲ့ အခန်းပေါ့။ နှစ်ရက်တိတိ ရိုက်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းပါ။ ကျွန်တော် ဒီဇာတ်ဝင်ခန်းမှာ စိတ်တိုင်းကျကို ရိုက်ခဲ့တာပါ။ စကားပြောတွေလည်း ပြင်ထားတာရှိပါတယ်။ စကားပြောတွေက ကျွန်တော် ၁၁ လ ရေးရတယ်ဆိုကတည်းက ဒါတွေပါတယ်လေ။ တစ်ခုခုဆိုရင် အရမ်းရှည်တာမျိုး မသွားချင်ဘူး။ ဒါပေမဲ့ ရှည်သင့်တဲ့ အခန်းတော့ရှိတာပေါ့။ ဇာတ်ကို ချည်နေတဲ့ အခန်းတွေက နည်းနည်းရှည်တာ လက်ခံတယ်။ ကျွန်တော့်ရဲ့ အရင်က ကားတွေထက်တော့ ကွဲသွားတာတော့ တွေ့ရမှာပါ။ ဒါပေမဲ့ ကျွန်တော့်ပရိသတ် တွေသိတဲ့ ရင်ဘက်ထဲကဓားလို ခံစားချက်မျိုးတော့ ရမယ်လို့တော့ ထင်ပါတယ်။
မေး ။ ။ မိုးဟေကိုနဲ့ပတ်သက်ပြီး တခုတ်တရမှာ အကယ်ဒမီရမယ်ဆိုပြီး ပြောနေနဲ့အပေါ် ဘယ်လိုမြင်လဲပြော ပေးပါဦး။
ဖြေ ။ ။ ကျွန်တော်သူ့ကို ရစေချင်ပါတယ်။ ရစေချင်တယ်ဆိုတာက သူကြိုးစားထားတယ်လေ။ အရင်ကားတွေနဲ့မတူဘဲ မိန်းမတစ်ယောက်သိပ်မြတ်နိုးတဲ့ ဆံပင်တစ်ခုကို ဖြတ်တယ်။ နောက်သူပေးတဲ့ ရက်ပေါင်းကလည်း မနည်းဘူး။ အစမ်းလေ့ကျင့်တဲ့ ကာလတင်မနည်းဘူ။ ၁၂ ရက်လောက် လုပ်ရတယ်။ ပြီးတဲ့အခါမှာ ဒီလိုကာလက ၂၅ ရက် ဂျူတီလောက် ရိုက်ရတယ်။ သူသေချာ ကြိုးစားထားတဲ့အပေါ်မှာ တန်ပြန်တဲ့တစ်ခုတော့ ရစေချင်ပါတယ်။ မိုးဟေကိုက စရိုက်ကတည်းက ပြောတာအမြဲနားထောင်တယ်။ ဘယ်တော့မှ ဘာမှမပြောဘူး။
မေး ။ ။ ပရိသတ်ကြီးကို စကားလက် ဆောင်လေးပြောပေးပါဦး။
ဖြေ ။ ။ စောစောက ပြောသလိုပါပဲ။ ဒီဝတ္ထုဆိုရင် ကျွန်တော်တကယ့်ကို ဇွဲရှိရှိနဲ့ နှစ်ပေါင်းများစွာ ယုံကြည်ချက်တစ်ခုနဲ့ ဒါဟာ ဇာတ်ကောင်းတစ်ခုဖြစ်တယ်ဆိုတာကို ပရိသတ်ကိုချပြချင်လို့ ကျွန်တော် သုံးခါတိတိ ဝယ်ခဲ့ရတယ်။ ဇာတ်ညွှန်းရေးချိန်ကလည်း တော်တော်များများကို အချိန်ယူထားတဲ့ ဇာတ်ဖြစ်တဲ့အတွက် ပရိသတ်အား ပေးမှုကိုတော့ အပြည့်အဝရချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
( သက်မှူး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )