၂၀၂၄ ဇွန် ၂၆
ရေနံ့သာခင်ခင်ကြီး ဇာတ်လမ်းတွဲနှင့် ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့သည့် သရုပ်ဆောင် ဝေလာရီက ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးမည့် 'အတ္တကမ်းပါး' ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ ထို့ကြောင့် 'အတ္တကမ်းပါး'ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မှုနှင့်အတူ ပရိသတ်များမေးနေသည့် ရှင်မွေလနှင့် ဝေလာရီ 'တွဲနေကြပြီလား'စသည့်များနှင့်ပတ်သက်၍ ပြောကြားနေမှုများကို သရုပ်ဆောင်ဝေလာရီနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
သရုပ်ဆောင် ဝေလာရီနှင့် တွေ့ဆုံမေးမြန်းခြင်း . . . . . .
TREND ။ ။ 'အတ္တကမ်းပါး' ရုပ်ရှင်ကားမှာ ပါဝင်ဖြစ်ပုံလေး ပြောကြားပေးပါဦး။
WLY ။ ။' အတ္တကမ်းပါး' ရုပ်ရှင်ဇာတ်ကားကြီးက ဝေလာအတွက် လုပ်ကွက်ရတဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးပါ။ လုပ်ရမယ့်အပိုင်းတွေလည်း များတယ်။ ကိုရှင်မွေလနဲ့ အိမ်ထောင်သည်ဆိုပေမယ့် အကြောင်းပြချက်မရှိဘဲ ကွဲတဲ့ပုံစံလေးပေါ့နော်။ ဝေလာတို့ သရုပ်ဆောင်တာ နည်းနည်းလေးလည်း ခက်တယ်။ ဝေလာ့အတွက်လည်း ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဟဲဗီးဒရာမာဆိုတော့ ဝေလာ့အတွက် လုပ်ရတာခက်တယ်။ သေချာလေးလည် လုပ်ကွက်ရတဲ့ဇာတ်ကားကြီးအနေနဲ့ ရိုက်ကူးမယ်။ အခုပြောသလို လုပ်ကွက်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် သေချာကြိုးစားသွားမှာပါ။
TREND ။ ။ မေမြင့်မိုရ်နဲ့က တွဲရိုက်ဖူးတာ တွေရှိလား။
WLY ။ ။ မမမေလေးနဲ့က ဝေလာက ရှေ့မှာ'လေပတ်ကား'ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မနှစ်က ရိုက်ဖူးတယ်။ မမမေနဲ့လည်း အဲ့ဒီကနေစပြီးတော့ ခင်သွားတာပါ။ ပြီးတော့ 'စာရိတ္တ'မှာလည်း မမမေနဲ့ဆုံတော့ ဆုံတယ်။ ဒီကားမှာကြတော့ မမမေနဲ့က ဒရာမာပုံစံလေး ရိုက်ရမှာပါ။ 'လေပတ်ကား'မှာကြတော့ ဟာသကား။အခုကားက အစုံအပြိုင်လိုပုံစံမျိုးနဲ့ ကလဲ့စားချေတဲ့ကား အနေနဲ့ ရိုက်ရမှာ။ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်ကို ဖုံးထားကြတယ်။ ပြီးတော့ အတ္တတွေနဲ့ပေါ့။ အမေတွေက လျှို့ဝှက်ချက်တွေဖုံးပြီးတော့ ကိုယ့်အတ္တတွေနဲ့ ပိတ်လှောင်နေတဲ့ကားပေါ့နော်။ ဇာတ်အိမ်ကတော့ အရမ်းမိုက်ပါတယ်။ ဇာတ်လမ်းကို ဖတ်ရင်းနဲ့ ကြက်သီးတွေတောင်ထတယ်။

TREND ။ ။ အဲဒါဆိုရင် ကိုယ့်အတွက် တာဝန်တော်တော်ကြီးလား၊ နောက် ရှင်မွေလနဲ့ရော သရုပ်ဆောင်ရတာလေး ပြောပြပေးပါဦး။
WLY ။ ။ ကြိုးစားရမှာပေါ့။ အကြောင်းပြချက်မရှိ တစ်ကားတည်းနဲ့ အသားကျသွားတာ။နောက် ကိုကြီးက ပြဿနာမရှိပါဘူး။ မောင်နှမတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မိသားစုလိုဖြစ်နေပါပြီ။ မမ မေလေးရော၊ ကိုကြီးရှင်မွေလရောက ရုံးကပဲဆိုတော့လည်း ကိုယ့်ထက်ဝါ ရင့်အစ်ကိုတွေ၊ အစ်မတွေဆိုတော့ ဝေလာ့ကိုလည်း လက်တွဲခေါ်ပါတယ်။ ချစ်ရတဲ့အစ်ကို၊ အစ်မတွေနဲ့ပဲ သရုပ်ဆောင်ရမှာဆိုတော့ ပျော်လည်း ပျော်ပါတယ်။ အမှတ်တရလည်း ဖြစ်ပါတယ်။ ရုံးက သုံးယောက်လုံး ရုပ်ရှင်ဇာတ်ကားရိုက်တယ်ဆိုတာ ဆုံဖို့က မလွယ်ဘူးလေ။
TREND ။ ။ ရှင်မွေလနဲ့ နှစ်ယောက်တွဲနေ ကြပြီးလားဆိုပြီးမေးနေကြတယ်နော်။
WLY ။ ။ ဝေလာနဲ့ ကိုကြီးက မတွဲပါဘူး။တချို့ကြတော့လည်း ဝေလာ့ကို Messanger မှာလာ ပြောကြတယ်။ စတိုရီလေးတွေ တင်တဲ့အောက်မှာ တွဲလိုက်ပါလားဆိုတာမျိုးတွေ လာပြောကြတယ်။ တကယ်က အဲဒီလိုမျိုးမဟုတ်ဘူး။ အနုပညာအလုပ်လုပ်တဲ့ သူအချင်းချင်း၊ နယ်ပယ်တူတဲ့သူအချင်းချင်း၊ Free တူတဲ့ သူအချင်းချင်း၊ ယောကျ်ားလေးနဲ့ မိန်းကလေးက ချစ်ကြိုက်သွားကြရင် သရုပ်ဆောင်ရတာ မကောင်းတော့ဘူး။ ဒါက ဝေလာ့အမြင်ပါ။ ချစ်ကြိုက်သွားပြီးတော့ သရုပ်ဆောင်ကောင်းတဲ့သူတွေလည်း ရှိပါတယ်။ ချစ်ကြိုက်ပြီးတော့ လမ်းခွဲပြီးရင် သရုပ်ဆောင်ရတာ အရမ်းအားနာတယ်။ ပြောရမှာတွေတောင် မပြောတတ်တော့ဘူး။ အဲဒီလိုမျိုးဆိုတော့ သရုပ်ဆောင်ရတဲ့အခါမှာ ကိုယ့်ရဲ့ အစ်ကိုတွေလိုပဲ သဘောထားတယ်။ မင်းသားတွေအကုန်လုံးကလည်း ဝေလာ့ပုံစံကို ကြည့်ပြီးတော့ ဘယ်သူမှ မကြိုက်ဘူး။ ဝေလာ့ကိုကြည့်ပြီး စိတ်ကုန်သွားကြတယ်။ ရေနံ့သာခင်ခင်ကြီးရိုက်တုန်းက သုံးနှစ်လောက် ဝေလာ့ကို မင်းသားတွေက တွေ့ရလို့စိတ်ကုန်သွားပြီ။ အဲဒီမှာ ဝေလာ့ကိုကြည့်ပြီး စိတ်ကုန်သွားပြီ။ ဝေလာ့ကို ဘယ်သူ မှမကြိုက်ဘူး။ ကိုသာထက်ညမ်းတို့၊ ကိုကြီးရှင်မွေလတို့ဆိုလည်း အစ်ကိုလိုပဲ၊ သူတို့လည်း ဝေလာ့ကို ညီမလေး တစ်ယောက်လိုပဲ။ နောက် ဝေလာက အနေအထိုင်က ယောကျ်ားလေးနဲ့တူတယ်။ သူတို့တွေနဲ့က ယောကျ်ားလေးလိုပေါင်းလို့ရတယ်။ မိန်းကလေးလို ကတော့ သူတို့လည်းမကြိုက်ဘူး။ ဝေလာလည်း ကိုယ့်အစ်ကိုလိုပဲ သဘောထားတယ်။ မိန်းကလေး ဆန်ဆန်မနေတတ်တာ။ အိမ်မှာလည်း အစ်ကိုတွေနဲ့ပဲ နေတာဆိုတော့လေ။

TREND ။ ။ ပရိသတ်တွေကရော ဝေလာ့ကို လာမေးတဲ့သူတွေရှိလား။
WLY ။ ။ မေးတဲ့သူတွေရှိပါတယ်။ ဝေလာတို့က အနုပညာအလုပ်တွေ အများကြီးလုပ်မှာဆိုတော့ ရေရှည်လည်း ကြည့်ရတယ်။ တစ်ယောက်နဲ့တစ်ယောက် မောင်နှမစိတ်ပဲရှိတယ်။ အဖြူထည်လေးတွေဆိုတော့ သရုပ်ဆောင်ရတာ ပိုကောင်းပါတယ် အဲဒီလိုမျိုးသတ် မှတ်ထားကြတာပေါ့။ အဲ့ဒါဆိုရင် ဘယ်ကာရိုက်တာပဲလာလာ သရုပ်ဆောင်လို့ရတယ်။ သရုပ်ဆောင်ဆိုတော့ ဘယ်ကာရိုက်တာပဲလာလာ သရုပ်ဆောင်နိုင်ရမယ်ဆိုတဲ့စိတ်ရှိတယ်။ နောက် ရုံးမှာလည်း စည်းကမ်းချက်တွေ ချမှတ်ထားတယ်။ အချင်းချင်းမတွဲရဘူးတို့၊ စည်းကမ်းချက်တွေ ထုတ်ထားတာရှိတယ်။ အဲ့ဒါကိုလည်း ကြောက်ပြီးတော့ မထားရဲတာလည်း ပါတယ်။
TREND ။ ။ ရေနံ့သာခင်ခင်ကြီးကရော အခု နောက်ပိုင်း ဝေလာအခန်းတွေ ကျန်သေးလား။
WLY ။ ။ ရေနံ့သာခင်ခင်ကြီးကတော့ ဝေလာရဲ့ အပိုင်းပြီးသွားပြီဆိုတော့ ပရိသတ်တွေက လွမ်းနေတဲ့အပိုင်းတွေလည်း ရှိတာပေါ့နော်။ ဒါကြောင့် ပုံလေးတွေ ပြန်တင်ပေးဖြစ်တယ်။ အဲဒီလိုမျိုးလေးတွေတော့ ပြန်ပြီးလုပ်ပေးဖြစ်တယ်။ ရေနံ့သာခင်ခင်ကြီးကိုလည်း အားပေးခဲ့တဲ့အတွက် ပရိသတ်တစ်ဦးတစ်ယောက်ချင်းကိုလည်း ဝေလာကအရမ်းကို ကျေးဇူတင်ပါတယ်လို့ ပြောချင်ပါတယ်။
TREND ။ ။ ပရိသတ်ကြီးကို နှုတ်ဆက်စကား လေးပြောပေးပါဦး။
WLY ။ ။ အခုပြောတဲ့ စကားတွေထဲမှာ အမှားပါသွားရင် နားလည်ပေးပါလို့။ အချိန်လည်း အရမ်းမရလို့ အင်တာဗျူးမြန်မြန်လေး ဖြေလိုက်ရလို့ပါ။ ဝေလာလည်း ဒီဇာတ်ကားကြီးကို အကောင်းဆုံးကြိုးစားသွားပါ့မယ်လို့။ ဇာတ်ကားရုံတင်ရင် အားပေးပါဦးလို့။ ၇ လပိုင်းမှာလည်း ဝေလာတို့ သရုပ်ဆောင်ထားတဲ့ နို့ထမင်းဇာတ်ကားကြီး ရုံတင်ပါမယ်။ အဲ့ဒီဇာတ်ကားကြီးကို လာရောက်အားပေးပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။
( သက်မှူး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )