Breaking

ခရီးသွားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆေးမြီးတိုနဲ့ကုနေလို့ မရပါဘူး။ သေချာစစ်ဆေးပြီးတော့ ဘယ်နေရာက ဖောက်ပြန်နေလဲဆိုတာ သေချာလုပ်ဆောင်ရမယ် . . .  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာ သက်လွင်တိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ၊ ဩဂုတ် ၇

    ''မြန်မာနိုင်ငံအနေဖြင့် လာမည့်ပွင့်လင်းရာသီတွင် ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ တိုးတက်လာနိုင်ခြေရှိ၊ မရှိ အခြေအနေများ၊ ပြည်တွင်း၌ ငလျင်ကြောင့် ထိခိုက်သွားသည့် နေရာများရှိသည့်အတွက် ခရီးသွားကဏ္ဍကို ပြန်လည်မြှင့်တင်ရန် မည်သို့ဆောင်ရွက်သင့်သည်ဆိုသည့် အချက်များ၊ ပြည်တွင်း လက်ရှိခရီးသွားဝင်ရောက်မှု အခြေအနေများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသက်လွင်တိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

TREND    ။    ။ ပြည်တွင်း ခရီးသွားလုပ်ငန်း အခြေအနေနဲ့ ပတ်သက်ပြီး တိုးတက်လာနိုင်ခြေရှိတယ်လို့ ဆရာပြောခဲ့တာလေး ရှိတယ်။ ဘယ်လိုမျိုး တိုးတက်လာနိုင်တာလဲဆိုတာကို ပြောပြပေးပါဦး။
Dr.TLT    ။    ။
ခရီးသွားက တိုးတက်လာမယ်ဆိုတာက ပြည်ပခရီးသွားတွေက ပျက်သွားတယ်လို့ မရှိဘူး။ အခုက ကျွန်တော်တို့ အားထားတဲ့ တရုတ်ဈေးကွက်နဲ့ ထိုင်းဈေးကွက်က သူတို့ တိုင်းပြည်မှာလည်း မငြိမ်မသက်ဖြစ်နေတော့ အကန့်အသတ်တွေ ရှိသွားပြီ။ ထိုင်းကလည်း ဘယ်လိုသွားမလဲ မသိသေးဘူး။ ရက်ပိုင်းလောက် ဖြစ်သွားတာဆိုတော့။ နောက်တစ်ချက်က တရုတ်ကလည်း သူတို့ဆီမှာက နိုင်ငံခြားငွေကိုကန့်သတ်ထိန်းချုပ်တယ်။ အဲဒါက ကိုဗစ်တုန်းကလည်း ရှိခဲ့တယ်။ ၂၀၂၃ မှာ တရုတ်က ပြန်ပြီးတော့ ဖွင့်ပေးတဲ့အချိန် ထိုင်းက ကောက်စားသွားတယ်။ ထိုင်းက ၁၁ သန်းလောက် ၂၀၂၃ မှာ ရလိုက်တယ်။ သူတို့က အကြိုက်လုပ်နိုင်တာလည်း ပါတယ်။ သူတို့က ပိတ်လှောင်နေရာကနေ၊ ဖွင့်ပေးလိုက်တယ်။ အနီးဆုံးက ထိုင်းဆိုတော့လေ။ ကျွန်တော်တို့လည်း တရုတ်ဈေးကွက်ကိုရဖို့အတွက် မနှစ်ကလည်း ဈေးပွဲတော်တွေ လုပ်ခဲ့တယ်။ သံရုံးအထောက်အပံ့နဲ့ပေါ့။ ဒါပေမဲ့ အခုလာရောက်တဲ့ ခရီးသွားတွေကို ပြန်ပြီးတော့ Review လုပ်ရမယ်။ ခရီးသွားစစ်လား၊ စီးပွားရေးကိစ္စနဲ့ အခြားကိစ္စတွေကြောင့် လာတာလား ဆိုတာကို Review လုပ်ရမယ်။ အဲဒီတော့ ကျွန်တော်က သုတေသနလုပ်ဖို့ပေါ့ Tourist  Marketing  Researches ကို အရင်လုပ်ရမယ်။ အီလည်လည်ကြီးဖြစ်နေတဲ့အချိန်မှာ ဆေးခန်းပြပြီး ဆေးမြီးတိုနဲ့ ကုလို့မရဘူးလေ။ သေချာစစ်ဆေးပြီးတော့ ဘယ်နေရာက ဖောက်ပြန်နေလဲဆိုတာ သိရပြီး သေချာလုပ်ရမယ်။ ကျွန်တော်တို့က သင်တန်းတစ်ခုပေးပြီး Researches လုပ်မယ်။ ပြီးရင် ဖိုရမ်လေးတစ်ခု လုပ်မယ်လို့ စဉ်းစားထား ပါတယ်။ အနောက်နိုင်ငံဈေးကွက်က အခု ဟိုတယ်ခရီး စာရင်းအရတော့ အမေရိကန် အနောက်အမေ ရိကားက အများဆုံးဆိုတော့ လိုက်ကြည့်လိုက်ရင်လည်း ဟုတ်တယ်။ ပြင်သစ်တို့၊ ဂျာမနီတို့က မများဘူး။ ပြီးခဲ့တဲ့ ဧပြီလတုန်းက စပိန်တွေ လာခဲ့တယ်။ ငလျင်ကြီးလှုပ်လို့သာ စပိန်ခရီးသွားတွေက ပျက်သွားတာပေါ့နော်။ လာမယ့် ခရီးသည်တွေက အများကြီးရှိတယ်။ ဗီဇာတွေကလည်း အခက်အခဲ တစ်ခုပေါ့နော်။ Free ပေးလိုက်တာမျိုးဆိုရင် ပိုကောင်းတာပေါ့။ နောက်တစ်ခါ လေယာဉ်တွေပေါ့။ လေယာဉ်တွေက လာတဲ့အခါမှာ ဈေးကြီးတယ်။ ဥပမာ ကျွန်တော်တို့ မန္တလေးကိုသွားမယ်ဆိုရင် မြန်မာနိုင်ငံသားတစ် ယောက်က သုံးသိန်းကျော်နဲ့ရပေမယ့် နိုင်ငံခြား သားတစ်ယောက်က ခြောက်သိန်း ပေးရတယ်။ ဘန် ကောက်ကို ဒီလေယာဉ်ပဲ မြန်မာနိုင်ငံသား အသွားအပြန် ၁၀ သိန်းပဲ နိုင်ငံခြားသားလည်း ၁၀ သိန်းပဲ၊ အဲဒါပေါ့။ ဒီလေယာဉ်၊ ဒီခုံ၊ ဒီဆီပဲ ဒီလမ်းကြောင်းပဲကို နှစ်ဆ၊ နှစ်ဆဈေးကြီးနေတယ်။ အဲဒါတွေက တခြား ဘယ်နိုင်ငံမှာမှ မရှိဘူး။ ထိုင်းမှာလည်း မရှိဘူး။ ဂျပန်မှာလည်း မရှိဘူး၊ အိန္ဒိယလိုနိုင်ငံမှာလည်း မရှိဘူး။ ဒါတွေကို ပြုပြင်ပြောင်းလဲရမယ်။
    နိုင်ငံခြားသားတွေက တတ်နိုင်တာပဲ၊ ဒေါ်လာစားတွေပဲ ဆိုပြီးတော့ အဲဒီလိုတွေးလို့ မရဘူး။ သူတို့လည်း ခရီးသည်တွေပဲလေ။ ဒါမျိုး အချက်လေးတွေ ပြုပြင်ပြောင်းလဲရင် ဈေးတွေ မကြီးတော့ဘူး။ ပြောရရင် အခုက ရွေးစရာတွေကများတယ်။ မြန်မာပြည်ကို အရမ်းကို သံယောဇဉ်ကြီးပြီး လာချင်လို့သာ လူတွေက အခက်အခဲကြား၊ အတားအဆီးကြားက လာရတာ။ လာတဲ့သူအပေါ်မှာ အပြည့်အ၀ ဝန်ဆောင်မှု ပေးနိုင်ရမယ်။ ဝမ်းနည်းဖို့ ကောင်းတာက အကုန်လုံးတက်တက်ကြွကြွနဲ့ ဧည့်ဝတ်ကျေတယ်ဆိုတဲ့ စိတ်ဓာတ်တွေက အခုနောက်ပိုင်းမှာ တော်တော်လျော့နည်းလာတယ်။ လူတော်တွေကလည်း မရှိကြ တော့ဘူး။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ လူငယ်တွေကို အစားထိုးတဲ့အချိန်မှာ Mindset တွေကို ပြုပြင်ဖို့ သင်တန်းတွေပေးရမယ်။ လက်တွေ့မှာလည်း နေရာပေးရမယ်။ အဲဒီလိုမှ ခရီးသွားကဏ္ဍက တိုးတက်လာမှာပါ။


TREND    ။    ။ မန္တလေးမှာလည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတာတွေ ရှိခဲ့တယ်။ အထင်ကရ နေရာတွေလည်း ပါဝင်ခဲ့တယ်။ ဒါတွေကို ပြန်လည်ထိန်းသိမ်းပြီး ခရီးသွားကဏ္ဍတိုးမြှင့်ဖို့ ဘယ်လိုမျိုး အကြံပြုချင်ပါသလဲ။
Dr.TLT    ။    ။
သိပ်မကြာသေးခင်မှာ ခရီးသွားဧည့်သည်တွေက ရွှေကျောင်းကို သွားချင်တယ်။ ရွှေကျောင်းပေါ် တက်လို့မရဘူး။ ထိခိုက်လားဆိုတော့ မထိခိုက်ဘူး။ ဒါပေမဲ့ တိုင်းတာရေးတွေက မရှိဘူး။ ဦးပိန်တံတားဆိုလည်း နှစ်ကန့်က ပြုတ်ထွက်သွားပြီ။ ဘုရားကတော့ လှူမယ့်သူတွေပေါတယ်။ သဒ္ဓါတဲ့ သူတွေ ရှိတော့လေ။ ဒါကတော့ တစ်ကဏ္ဍပေါ့နော်။ တခြားဆိုက်တွေကို ဘယ်သူကပြုပြင်မှာလဲ။ ရှေးဟောင်းတစ်ခု တည်းသွားပြီးတော့ ယဉ်ကျေးမှုဝန်ကြီးဌာနတစ်ခုတည်း သွားလို့မရဘူး။ အလှူရှင်တွေကိုလည်း သူ့ကဏ္ဍအလိုက်လုပ်မယ်။ အဲဒီမတိုင်ခင်မှာ အဆောက်အအုံတွေက ဘယ်လောက်အထိ ခိုင်မှာမှု၊ စိတ်ချရမှု၊ လုံခြုံမှုရှိမလဲ။
    ဟိုတယ်တွေလည်း အဲဒီလိုပဲပေါ့။ မန္တလေးမှာက ခဏခဏလှုပ်နေတော့လေ။ ဟိုတလောကပဲ သီလရှင်ကျောင်းတစ်ကျောင်း ပြိုသွားတယ်။ ဒါမျိုးတွေကြတော့ ထိုင်းမှာဆိုရင် တိုင်းတာရေးအဖွဲ့အနေ နဲ့က အင်ဂျင်နီယာတွေရော၊ ပညာရှင်တွေရော၊ စည်ပင်ပေါ့။ ဒါတွေက ဦးဆောင်ပြီး တိုင်းတာတယ်။ ပြီးရင် စိတ်ချရတယ်၊ Save ဖြစ်တယ်ပေါ့။ ကျွန်တော်တို့ဆီမှာတော့ အဲဒီလိုမျိုး မရှိဘူး။ နေပြည်တော်မှာ တော့ ရှိတယ်။ လာလာကြည့်ကြတယ် ပြောတယ်။ စိတ်ချရတယ်။ နေလို့ရတာတွေကို ကာလာနဲ့ သတ်မှတ်တယ်လို့ ပြောတယ်။ ဟိုတယ်တွေမှာရော စည်ပင်နဲ့ စစ်ဆေးတယ်ဆိုပေမယ့် Third Party  အဖွဲ့က သက်သက်ရှိရမယ်။ စစ်ဆေးမှု ပြုလုပ်ပြီးတော့ လုပ်ရမယ်။ အဲဒါမှ ယုံကြည်မှုရှိမှာလေ။ အဲဒီလို မဟုတ်ဘူးဆိုရင် ကျွန်တော်တို့လည်း ငလျင်လှုပ်ပြီးခါစ ထိုင်းကို ရောက်သွားတယ်။ ဟိုမှာလည်း ပြိုတာတွေရှိတော့ လန့်နေတာပေါ့နော်။ အောက်မှာဓာတ်လှေ ကားနားမှာသူတို့က စိတ်ချလက်ချတက်ပါ၊ သူတို့ အကုန်လုံး ဆောင်ရွက်ထားပါတယ်ပြောတယ်။ ထပ်လည်းမလှုပ် တော့ပါဘူး၊ ဘာမှမဖြစ်တော့ပါဘူး ဆိုတာ ပြထားတယ်။ မန္တလေးမှာက ထပ်လှုပ်နေတယ်။ အကြိမ်ပေါင်းက ၂၀၀ ကျော်သွားပြီ ဆိုတော့လေ။ သူများနိုင်ငံတွေလို လုပ်ပြရမယ်။ အဲဒီလိုမှ မဟုတ်ရင် သူများနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ ဈေးလည်း ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဝန်ဆောင်မှုရော ယှဉ်နိုင်မှာ မဟုတ်ပါဘူး။


TREND    ။    ။ လာမယ်ဆိုရင် တချို့က ပြောနေကြတယ်။ လာဖို့ရှိပေမယ့် လုံခြုံရေး အခြေအနေအရ မလာကြဘူး ပြောနေတာတွေလည်း ရှိတယ်။
Dr.TLT    ။    ။
လုံခြုံရေး အခြေအနေကတော့ လိုအပ်ပါတယ်။ ကျွန်တော်တို့လည်း အမြဲတမ်းပြောတယ်။ ကျွန်တော်တို့ လုပ်ငန်း အတွေ့အကြုံ နှစ် ၃၀ အရမှာ ခရီးသွားဧည့်သည်တွေကို သတ်ပစ်တာ၊ ပြန်ပေးဆွဲတာတို့ မရှိဘူး။ လုတာယက်တာတော့ ရှိတာပေါ့။ ထိုင်းနိုင်ငံတောင်ပိုင်းမှာက ခဏခဏ ဖြစ်တယ်။ ဖိလစ်ပိုင်၊ အိန္ဒိယမှာလည်း ခဏခဏ ဖြစ်တယ်။ ကားဗုံးခွဲတာတွေ၊ ခရီးသွားတွေကို ရည်ရွယ်ပြီး လုပ်တာတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာက အဲဒီလိုမျိုး စာမျက်နှာ မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ထုတ်ပြန်တဲ့ အခါမှာ အားနည်းတယ်။ အဖွဲ့အစည်းတွေရဲ့ တာဝန်ခံမှုက အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ အသင်းအဖွဲ့တွေရဲ့ အသံနဲ့ ဝန်ကြီးဌာနက အသံက မတူဘူး။ 


TREND    ။    ။ ခရီးသွားဧည့်သည် တိုးတက်မှုကရော ဘယ်လောက်ရာခိုင်နှုန်းလောက် ရှိနေပြီလဲ။
Dr.TLT    ။    ။
ခရီးသွားဧည့်သည် ဝင်ရောက်မှုအနေနဲ့ တိုးတက်မှုကတော့ ကျွန်တော်ထင်တယ် ၂၀၂၂ ပြန်အဖွင့်နဲ့ ၂၀၂၃ နဲ့ ၂၀၂၄ မှာ အခြေအနေ မဆိုးဘူး။ ကျွန်တော်တို့လည်း စပိန်၊ ပေါ်တူကီ၊ ဂရိ၊ အိန္ဒိယ တွေလည်းလာတယ်။ အခုနောက်ပိုင်းကြတော့ နည်းသွားတယ်။ ဒါတွေကိုလည်း ပြန်စိစစ်ရမယ်။ အမေရိကန်တွေက အများဆုံးဆိုတော့ မြန်မာနိုင်ငံကိုသွားတဲ့ အမေရိကန်တွေလည်း ဖြစ်နိုင်တာပဲလေ။ အခြား စီးပွားရေးနဲ့လာတဲ့သူတွေလည်း ဖြစ်နိုင်တာပဲ။ ဒါတွေကို သေချာမစိစစ်ဘဲလာတယ်။ များတယ်ပဲ ပြောနေရင် လူကြီးတွေက ခရီးသွားဧည့်သည်တွေက မပျက်ပါဘူး။ လာတယ်ပဲထင်နေမှာလေ။ ၂၀၂၆ မှာ ကျွန်တော်က အမေရိကန်နိုင်ငံတို့ကလာရင် ရက်ရှည်နေတယ်။ တကယ်သုံးတယ်။ ထိုင်းလည်း သူတို့ လုပ်ရည်ကိုင်ရည်တွေက တိုးတက်တယ်ဆိုပေမယ့် အခြားကဏ္ဍလေးတွေတော့ လိုအပ်ချက် ရှိနေသေးတယ်။ ကျွန်တော်တို့ဆီမှာက အခြေခံအဆောက်အအုံနဲ့ မီးဆိုလည်း အပြည့်အ၀ မလာသေးဘူး။ လူတွေရဲ့ စွမ်းရည်တွေလည်း ကျဆင်းတယ်။ အဲဒါတွေက အများကြီး ဖြည့်ရပါဦးမယ်။ နောက်တစ်ခုက နိုင်ငံခြားကိုသွားတဲ့ မြန်မာနိုင်ငံသားတွေလည်း များလာတယ်။ မလေးရှား သွားတဲ့သူတွေလည်း ရှိတယ်။ ဒါက ငွေဖြုန်းတီးတာ မဟုတ်ဘူး။ သူတို့လည်း အရင်းအနှီးလုပ်ပြီးတော့ သွားကြတာ။ မနည်းဘူး။ ကျွန်တော့်သဘောက သွားချင်တဲ့သူတွေသွားပါစေ။ ဒါမှ သူတို့လည်း ပညာရမယ်။ ဘက်စုံအတတ် ပညာတွေ ရကြမယ်။ အချိန်တန်ရင်တော့ သူတို့ ပြန်လာမှာပါ။ ကိုယ့်ဆီမှာလည်း နောက်မျိုး ဆက်သစ်တွေကို မွေးထုတ်ဖို့ လိုပါတယ်။ ဒီမှာလည်းနေ ချင်အောင်ပေါ့။ လုံလုံခြုံခြုံနဲ့ ထိုက်ထိုက်တန်တန် ဝင်ငွေလေးတွေရှိရင် ဘယ်သူမှလည်း မသွားချင်ပါဘူး။ ဒါ လေးတွေကို စိစစ်ပြီး ဆောင်ရွက်ပေးရမယ်။


TREND    ။    ။ ခရီးသွားကဏ္ဍ ဖိုရမ်လုပ်မယ်ဆိုရင် ဘာတွေတိုးတက်ပြောင်းလဲလာမလဲ။
Dr.TLT    ။    ။
သင်တန်း လုပ်မယ်ဆိုတာက ဒီ နယ်ပယ်ထဲမှာရှိမယ့်သူတွေကို ကဏ္ဍအလိုက် သင်တန်းပေးပြီး သူတို့ကိုပြန်ပြီး တာဝန်ပေးမယ်။ လေကြောင်း လိုင်းဆိုလည်း လေကြောင်းလိုင်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ သင်တန်းကျောင်းတွေကို စနစ်တကျတိုးတက်မှုတွေကို အားနည်းချက်၊ အားသာချက် တွေကို Review ပြုလုပ်ပြီးတော့ ဖိုရမ်တစ်ခုလုပ်ရင် နောင်နှစ်ရွေးကောက်ပွဲ နောက်ပိုင်းမှာ ခရီးသွားကဏ္ဍနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဆောင်ရွက်မယ်ဆိုတဲ့ အဖြေထွက်မယ်လို့ ထင်ပါတယ်။ ရောဂါရှာဖွေရေးပေါ့။ ရောဂါကိုတော့ သိပါတယ်။ ဒါပေမဲ့ သူ့အတိမ်အနက်ကို ကြည့်ရမယ်။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေး ရှိရင် ပြောပေးပါဦး။
Dr.TLT    ။    ။
ကျွန်တော်တို့ ခရီးသွားကဏ္ဍကအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ငြိမ်းချမ်းမှ ခရီးသွားကဏ္ဍက ခရီးရောက်သလို ခရီးသွားလုပ်ငန်းကိုလည်း ပြည်နယ်နဲ့တိုင်းတွေမှာ တက်ညီလက်ညီနဲ့ ပြန်လည်လုပ်နိုင်မယ်ဆိုရင် ပြန်လည်တိုးတက်လာမယ်။ ဒီအချိန်က အဆိုးဆုံး အချိန်တစ်ခုကို အေးအေးချမ်းချမ်းနဲ့ ကျော်လွှားနိုင်ဖို့ မျှော်လင့်ပါတယ်။ (သက်မှူး )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48981

© 2022 - 2025 News. All Rights Reserved.