၂၀၂၅ ၊ စက်တင်ဘာ ၄
ကရင်အမျိုးသားအစည်းအရုံး (KNU)ကို မတရားအသင်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၉၂၂/၂၀၂၅ ဖြင့်လည်း ကောင်း၊ အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာ အမှတ်၊ ၁/၂၀၂၅ ဖြင့်လည်းကောင်း သြဂုတ် ၂၈ ရက်က အသီးသီး ထုတ်ပြန်ခဲ့သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာလိုပြီး လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို မလိုလားသူ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ KNU ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း၏ အမြင်အယူ အဆ သဘောထားများကို ဆက်သွယ် မေးမြန်းထားပါသည်။
KNU ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းနှင့် ဆက်သွယ်မေးမြန်းခြင်း
TREND ။ ။ KNU ကို မတရားအသင်းကြေညာခဲ့ပြီး အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်တော့ ဒီအပေါ် အမြင်သဘောထား ပြောပြပါဦး။
SSM ။ ။ NCA ကို ထဲထဲဝင်ဝင် ဆောင်ရွက်လာတဲ့ သူတစ်ယောက်အနေနဲ့က ဒီလို မတရားအသင်းကြေညာခံလိုက်ရတယ်ဆိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါတွေ ဒီလို ဖြစ်လာတာကလည်း အကြောင်းတရားတွေကြောင့် ဒီလိုဖြစ်ပေါ်လာတယ်လို့ပဲ မှတ်ယူမိပါတယ်။ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တယ်ဆိုတာ ဒါက နိယာမပဲလေ။ ကောင်းတဲ့အကြောင်းတရားကို အကြောင်းပြုတော့ ဆောင်ရွက်ခဲ့မယ်၊ လုပ်ဆောင်ခဲ့မယ်ဆိုရင် ကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာပဲလေ။ မကောင်းတဲ့ အကြောင်းတရားကို ဆောင်ရွက်ခဲ့မယ်ဆိုရင် မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာပဲ။ ကျွန်တော်ကတော့ အဲဒီလိုမျိုးပဲ သဘောပေါက်ပါတယ်။ အဲဒီတော့ ဒီလိုအကြမ်းဖက် လုပ်ရပ်တွေလုပ်လို့ ဒီလို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတယ်ဆိုတာကလည်း ဒီလိုဆောင်ရွက်နေတဲ့သူတွေ အသိဆုံး ဖြစ်မှာပါ။ NCA ဖြစ်လာတယ်၊ NCA ပါ သဘောတူညီချက်တွေရှိတယ်။ အဲဒီ NCA သဘော တူစာချုပ်ပါ အချက်အလက်တွေကို KNU က လက်တွေ့လိုက်နာပြီးတော့ မဆောင်ရွက်တဲ့အပေါ်မှာ ဒီလိုဖြစ်လာတာလို့ပဲ ပြောရမှာပါ။ ဒါကြောင့် ဒီအပေါ်မှာ သိပ်ပြီး ဘာမှပြောစရာ မလိုပါဘူး။ အဓိကကတော့ သူ့အလုပ် သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတဲ့ သဘောလို့ပဲ ပြောရတော့မှာပေါ့။

TREND ။ ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုသူတွေ၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေလိုသူတွေ အဖွဲ့အစည်းထဲမှာ ရှိနေတယ်လို့ သိရပါတယ်။ KNU ဟာ ဒီလိုအကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခံလိုက်ရတော့ အဖွဲ့အစည်းရဲ့ အကျိုးဆက်က ဘာဖြစ်လာနိုင်လဲ။
SSM ။ ။ ဒီလို သတ်မှတ်ကြေညာခံလိုက်ရတော့ သက်ရောက်မှုတွေကလည်း အဖွဲ့အစည်းတစ်ခု အတွင်းမှာပဲ သက်ရောက်မှု ရှိမှာပါ။ အခုဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကလည်း ဘာတွေ ဖြစ်နေတယ်ဆိုတာ အားလုံး သိပြီးသားဖြစ်လို့ ဒါတွေက ထပ်ပြီးလည်း ပြောစရာ မလိုတော့ပါဘူး။ အခုလို ကြေညာလိုက်တော့ အဖွဲ့အစည်းမှာ အကျိုးသက်ရောက်မှုပဲ ပြောရမလား၊ ဒီလို ထုတ်ပြန်ခံလိုက်ရတဲ့ အပေါ်မှာ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ တချို့တလေကတော့ နှစ်သက်တဲ့သူတွေလည်း ရှိကြမယ်၊ မနှစ်သက်ကြတဲ့သူတွေ လည်းရှိမယ်။ အဲဒီလိုပဲ ဖြစ်နေမှာပဲ။ ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒရှိနေကြတဲ့ သူတွေကတော့ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်တဲ့အပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်သွားမှာပေါ့။ ဒီလိုမျိုးပဲ အဖွဲ့အစည်းအတွင်းက အကြမ်းဖက်ဆောင်ရွက်လိုတဲ့ ဆန္ဒရှိတဲ့သူတွေကတော့ KNU ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံလိုက်ရတဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ရှိကြမှာပေါ့။ ဒါတွေက သူတို့အတွက်၊ သူတို့ ဆောင်ရွက်လိုတဲ့ ကိစ္စတွေပဲ မဟုတ်လား၊ ဒီလိုပဲ ပြောရတော့မှာပေါ့။ ဘာလို့လဲဆိုတော့ အဖွဲ့အစည်းအတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း သွားလိုတဲ့သူတွေရှိသလို ဒီလိုမျိုး အကြမ်းဖက်တဲ့နည်းလမ်းနဲ့ သွားချင်တဲ့သူတွေ ရှိနေတာကိုး။ ဒီတော့ အခုလိုဖြစ်လာရတဲ့ အကြောင်းအရင်းက အကြမ်းဖက် ဆောင်ရွက်လိုတဲ့သူတွေရဲ့ ဆောင်ရွက်မှုတွေကြောင့် ဖြစ်ပေါ်လာတာလေ။ ရှင်းရှင်းလေး ပြောရရင် အဲဒီလိုမျိုးသူတွေကြောင့် ဖြစ်လာရတာ အဲဒါပါပဲ။ ဒါကြောင့် ဒီလိုကြေညာခံရတဲ့အပေါ်မှာ အကြမ်းဖက် ဆောင်ရွက်လိုတဲ့ သူတွေကတော့ ဝမ်းသာကြမှာပေါ့။ သူတို့က အကြမ်းဖက်ကို ဆောင်ရွက်လိုတဲ့ဆန္ဒရှိတယ်၊ ဆောင်လည်း ဆောင်ရွက်နေကြတာကိုး။ ပြီးတော့ အကြမ်းဖက် ဆောင်ရွက်လိုသူတွေရဲ့ အားက အဖွဲ့အစည်းအတွင်းမှာ များတဲ့အပေါ် အဲဒီကအကျိုးဆက်လို့ပဲ မြင်ပါတယ်။ အမှန်တ ကယ်တော့ ဒီကိစ္စတွေက ပြောရမယ်ဆိုရင် အဝေးကြီးပါပဲ။ ဒီလိုမျိုးဖြစ် ရပ်တွေဟာ တစ်ချိန်တုန်းက KNU ဖြတ်သန်းလာခဲ့တဲ့ ဟာတွေချည်းပဲ။ ဒါတွေကလည်း သူတို့ တကယ်လက်တွေ့၊ ပြန်ပြီးတော့ ကြုံတွေ့ လာပြီးတဲ့နောက်မှာမှ ဒါတွေက သူတို့အတွက် သင်ခန်းစာရရှိသွားမှာပေါ့။ နဂိုကတည်းက KNU ချမှတ် ထားတဲ့ မူဝါဒလမ်းစဉ်အတိုင်းပဲ သွားခဲ့မယ်ဆိုရင် ဒီလိုမတရားအသင်း ဖြစ်ပေါ်လာဖို့ အကြောင်း လုံးဝမရှိဘူး။ KNU က ချမှတ်လိုက်တဲ့ မူဝါဒ ပေါ်လစီ၊ တကယ် KNU ရဲ့မူ၊ အရင့်အရင်က ဖထီးတို့ ဆောင်ရွက်ခဲ့တဲ့ ဝါဒလမ်းစဉ် အဲဒီအတိုင်းပဲ သွားမယ်ဆိုရင် ဒီလို မတရားအသင်းကနေ ပယ်ဖျက်ပြီးသား မို့လို့ ဒီလိုရဖို့၊ ပြန်ပြီးတော့ မတရားအသင်း ဖြစ်ပေါ်လာဖို့အကြောင်း လုံး၀မရှိဘူးလို့ မြင်ပါတယ်။ အခုလက်ရှိ လုပ်ဆောင်နေသူတချို့ကတော့ အဲဒါတွေကို မမီခဲ့လို့ပဲ။ ဒါတွေကို မမီခဲ့တော့ သင်ခန်းစာရယူဖို့ နည်းနည်း အားနည်းနေတယ်လို့ ပြောရမှာပါ။ မီလည်းမီခဲ့မယ်၊ ဒီဟာတွေကို သင်ခန်းစာအနေနဲ့ ရယူခဲ့မယ်ဆိုရင် ဒါတွေ မဖြစ်ရအောင် ငါတို့ဘယ်လိုမျိုး ဆောင်ရွက်ကြရမလဲ ဆိုတာ သိကြမှာပေါ့။ အခုဟာက အဲဒီလိုမျိုးလည်း သင်ခန်းစာ မယူနိုင်ဘူး ဖြစ်နေတယ်။ သူတို့ရဲ့ ဆောင်ရွက်လိုတဲ့ဆန္ဒကိုပဲ အဓိကထား ဆောင်ရွက်လိုက်တော့ ဒီလိုအကျိုးဆက် ဖြစ်လာတာပေါ့။ အဲဒီလိုမျိုးပဲ ကျွန်တော် ထင်ပါတယ်။ အရင်တုန်းက ပြဿနာရပ်တွေကို နိုင်ငံရေးနည်းအရ အကြမ်းမဖက် အနုနည်းနဲ့ပဲ သွားမယ်ဆိုပြီး ချမှတ်ခဲ့တော့ ဒီလိုမျိုးကိစ္စ ဘယ်ဖြစ်တော့မလဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေး နွေးညှိနှိုင်းအဖြေရှာတဲ့ လမ်းကြောင်းကိုသာ သွားခဲ့မယ်ဆိုရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူးလေ။
TREND ။ ။ အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အကြမ်းဖက်နည်းလမ်းကို မလိုလားတဲ့၊ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်လိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ကရော ဘာဆက်လုပ်သင့်လဲ။
SSM ။ ။ အဲဒါကတော့ အဖွဲ့အစည်းမှာ ဆောင်ရွက်နေကြတဲ့သူတွေ အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့က ငြိမ်းချမ်းလိုတယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆောင်ရွက်သွားမှာပေါ့။ ဒါကြောင့် အဖွဲ့အစည်းအတွင်းမှာ ဆောင်ရွက်နေကြတဲ့သူတွေအပေါ်မှာပဲ မူတည်ပါတယ်။ အရင်က KNU မှာ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေ ရှိပြီးသားပဲ။ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့ဖြေ ရှင်းဖို့ နဂိုချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်အတိုင်း ပြန်သွားဖို့ကတော့ အဖွဲ့အစည်းမှာ ဆောင်ရွက်နေကြတဲ့ သူတွေအပေါ်မှာပဲ မူတည်ပါတယ်။ သူတို့က ငြိမ်းချမ်းလိုတယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆောင်ရွက်သွားမှာပေါ့။ ဗုဒ္ဓတရားနဲ့ ပြန်ကြည့်ရင် ၃၈ ဖြာ မင်္ဂလာတရားတော်ထဲမှာ ရှိပါတယ်။ အဲဒီမင်္ဂလာတရား နဲ့အညီ ဆောင်ရွက်ဖို့လိုတာပေါ့။ ဒါက ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်လိုတဲ့ ပုဂ္ဂိုလ်တွေရော၊ အကြမ်းဖက်နည်းနဲ့ ဆောင်ရွက်လိုကြတဲ့ သူတွေရော အားလုံးကိုဆိုလိုတာပါ။ အဓိကကတော့ NCA လမ်းကြောင်း အတိုင်းပဲ သွားကြရမယ်၊ အဲဒီလို သွားကြဖို့ဆိုရင် သူတို့က ရှိထားပြီးသား လမ်းကြောင်းအပေါ်မှာ ဆက်ပြီးတော့ သွားသင့်တယ်၊ သွားဖို့ပဲလို အပ်တာပါ။ အစကတည်းက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေ ချင်သူ၊ ငြိမ်းချမ်းလိုသူတွေ အနေနဲ့ကလည်း အကြမ်းဖက်နည်းလမ်းကို မကြိုက်ဘူးဆိုတာကို ပြရမယ်။ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းနဲ့ ဆောင်ရွက်မှုကို ကြိုက်တာဆိုတာကို ပြဖို့လိုပါတယ်။ ငြိမ်းချမ်းလိုတယ်ဆိုရင် အကြမ်းဖက်နည်းနဲ့ ဆောင်ရွက်လိုသူတွေနောက် မလိုက်ဖို့လိုတယ်။ အကြမ်းဖက်လုပ်ငန်း လုပ်တဲ့သူတွေနဲ့ မတူဘူးဆိုတဲ့ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်တွေကို ပြန်ပြီးတော့ ဖော်ဆောင်ပေးဖို့ လိုတယ်။ NCA လမ်းကြောင်းအတိုင်း လုပ်ပြဖို့၊ ဒီလိုမျိုး အကြမ်းဖက်လုပ်ငန်းကို ဆောင်ရွက်နေကြတဲ့ သူတွေနဲ့ ကင်းကင်းရှင်းရှင်း နေကြရမယ်။
TREND ။ ။ အကြမ်းဖက်အုပ်စု မကြေညာခင်ကာလတွေမှာ KNU က ရွေးကောက်ပွဲကို မဖြစ်စေလိုသလို ကရင်ပြည်သူလူထု၊ ကရင်လက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့ ရွေးကောက်ပွဲပါဝင်ခြင်း မပြုဘဲ ဆန့်ကျင်သွားဖို့ လှုံ့ဆော်ထားတာ ရှိပါတယ်။ ဒီအပေါ် အမြင်လေး ပြောပြပါဦး။
SSM ။ ။ အဲဒါတွေက သူတို့ရဲ့အမြင်ပါ။ အဲဒါကို သိချင်ရင် သူတို့ကိုမေးရမှာပေါ့။ ရွေးကောက်ပွဲဆိုတာ လိုအပ်လို့လုပ်တာပဲ။ လိုအပ်ချက်အရ လုပ်တဲ့အပေါ်မှာ ဘာမှပြောစရာမလိုဘူးလို့ မြင်ပါတယ်။ လုပ် သင့်လုပ်ထိုက်တဲ့ အလုပ်မို့လို့ အစိုးရက ဆောင်ရွက်နေတာပဲ။ ပြီးတော့ ကရင်ပြည်နယ်မှာ မဖြစ်စေချင်ဘူးဆိုတာကလည်း သူတို့ရဲ့ဆန္ဒပါ။ ရွေးကောက်ပွဲလုပ်လို့ရတယ်၊ မရဘူးဆိုတာက ဒေသအခြေအနေ၊ အနေ အထားအရ အကောင်အထည် ဖော်သွားမှာပါ။ သူတို့က အဲဒီလို ပြောလိုက်တာနဲ့ ရွေးကောက်ပွဲ မဖြစ်ဘူးဆိုတာက ဘယ်ဟုတ်မလဲ။ သူတို့ပြောတာက သူတို့ဆန္ဒပါ။ လူထုတွေ ဘက်ကတော့ လူ့သဘောသဘာဝအရ ရွေးကောက် ပွဲနဲ့ပတ်သက်ရင် စဉ်းစားမှုတွေ၊ ယုံကြည်မှုတွေ အမျိုးမျိုးရှိနေပါ တယ်။ မဲထည့်မယ့်သူတွေက ရှိနေကြသလို၊ မရှိတဲ့သူကလည်း မရှိဘူး။ ဒီနေ့အခြေအနေက အဲဒီလို ဖြစ်နေတာကိုး။ ကရင်ပြည်နယ်မှာလည်း အဲဒီလိုပါပဲ။ မဲထည့်ချင်တဲ့သူ ရှိသလို၊ မဲမထည့်ချင်တဲ့သူ တချို့လည်း ရှိကောင်းရှိနေနိုင်တာပေါ့။ ဒါပေမဲ့ သူတို့ပြောလို့ ရွေးကောက်ပွဲ မဖြစ်ဘူး၊ လုပ်လို့မရဘူး ဆိုတာမျိုးကတော့ မဖြစ်နိုင်ပါဘူး။
TREND ။ ။ ရွေးကောက်ပွဲကို လက်မခံဘူး၊ ရွေးကောက်ပွဲမှာ ပါတဲ့သူတွေကို ]အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ ဖြစ်မယ်ဆိုပြီး KNU က ပြောဆိုထားတာ ရှိပါတယ်။ ဒီအပေါ် ဘယ်လိုမှတ်ချက်ပြုချင်လဲ။
SSM ။ ။ အမှန်ကတော့ ဒါတွေက ပြောရမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုပေါ့။ ယုံကြည်မှုလည်း မရှိဘူး။ အစိုးရလုပ်ဆောင်တာကို အကောင်းလည်း မမြင်နိုင်ဘူး။ အဆိုးချည်းပဲ မြင်တဲ့အပေါ်မှာ ဒါတွေက ဖြစ်နေတာလည်း တောက် လျှောက်ပဲဟာ။ အဲဒီတော့ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတွေ အားနည်းနေမယ်၊ တစ်ဖက်နဲ့တစ်ဖက် အာဃာတတရားတွေ ကြီးမားနေမယ်ဆို ရင် အဲဒီလိုပဲ ဖြစ်နေတယ်လို့ပဲ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေက တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြောဆို ဆောင်ရွက်မှပဲ ကောင်းမှာပါ။ ဒါမှလည်း နှစ်ဖက်လုံးအတွက် အကျိုးများမှာပါ။ အဓိကကတော့ အဖွဲ့အ စည်းအတွင်းမှာ NCA သဘောထားက အရင်ကတည်းက ရှိထားပြီးသားဆိုတော့ ဒါက ပြောစရာမလိုဘူး။ တစ်ဖက်နဲ့တစ်ဖက် ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ပြီးတော့၊ တစ်ဖက်နဲ့တစ်ဖက် ပြန်ပြီးတော့ ယုံကြည်မှုတွေ၊ အဓိကကတော့ အဖွဲ့အစည်းအတွင်းမှာ NCA သဘောထားတွေ၊ NCA သဘောတူညီချက်တွေက အရင်ကတည်းက ရှိထားပြီးသားပါ။ အရင်ကတည်းက သဘောထားတွေ ရှိထားပြီးသား ဆိုတော့ ဒါက ပြောစရာ မလိုဘူး။ တစ်ဖက်နဲ့တစ်ဖက် ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် တွေ့ဆုံမှုတွေ ပြန်လည်ပြီးတော့ ဆောင်ရွက်ကြဖို့ပဲ လိုအပ်တာပေါ့။ အဲဒီလိုပဲ မျှော်လင့်ပါ တယ်။
TREND ။ ။ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရတော့ ဒီအနေအထားဟာ KNU အတွက် တွေ့ဆုံရေးလမ်းကြောင်းက ဘယ်လိုအခြေအနေလို့ သုံးသပ်ချင်လဲ။
SSM ။ ။ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရတော့ KNU ဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ နည်းနည်း ပိုဝေးသွားတာပေါ့။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့ နီးစပ်ဖို့ ပိုပြီးခက်ခဲသွားတာပေါ့။ အရင်က အခြေအနေဆိုရင် နည်းနည်းလွယ်သေးတယ်လို့ ပြောရမယ်၊ အခုက ဝေးသွားတာပေါ့။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ နှစ်ဖက်လုံးကို ပြန်ပြီးတော့ မေတ္တာရပ်ခံ ချင်တာပေါ့။ ယခင်လုပ်ဆောင်လာခဲ့တဲ့ NCA လမ်းကြောင်းကို ဆက်လက်ဆောင်ရွက်ဖို့ မေတ္တာရပ်ခံရုံက လွဲရင် ဘာမှပြော စရာမရှိဘူးပေါ့။ ပြောလို့လည်း မတတ်တော့ဘူး။ ဒီလို အခြေအနေဖြစ်လာဖို့ကလည်း ကြာကောင်း ကြာနိုင်ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲတွေက မျက်စိတစ်မှိတ် လျှပ်တစ် ပြက်အတွင်း ပြောင်းလဲသွားတာတွေလည်း ရှိမှာပေါ့။ ဒါကြောင့် ကြာတယ်ဆိုပေမယ့်လည်း ပြောင်းလဲလာတဲ့အပေါ်မှာ အမြန်ဖြစ်သွားတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်။
TREND ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့တွေဟာ ပိုလိုချင်တယ်ဆိုတဲ့သဘောမျိုး KNU/KNLA-PC တာဝန်ရှိသူတစ်ဦး ပြောထားတာရှိပါတယ်။ အဲဒီအပေါ် အမြင်လေးပြောပြပါဦး။
SSM ။ ။ ဒီနိုင်ငံတွင်းမှာ နေထိုင်နေကြတဲ့ ဘယ်သူမဆိုပါ။ ဒီလိုမျိုးပေါ့၊ စိုးရိမ်စိတ်တွေနဲ့ ပူပင်သောကတွေနဲ့ မလုံခြုံမှုတွေဖြစ်နေတဲ့ ပတ်ဝန်းကျင်နဲ့ နေထိုင်နေရတာ၊ အဲဒီလို အခြေအနေကြီးမှာ သွားလာနေချင်ကြတဲ့သူ ဘယ်သူမှမရှိဘူး။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားလာ လုပ်ကိုင်စားသောက်ချင်ကြပါတယ်။ မြန်မာ့တပ်မတော်သားတွေရော၊ NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရောပေါ့။ အဓိကကတော့ ပြည်သူလူထုတွေက ပိုပြီးတော့ ငြိမ်းချမ်းချင်ကြပါတယ်။ ဆိုတာကတော့ ငြိမ်းချမ်းရေးကို ပိုလိုချင်တယ်ဆိုတာက လက်နက်ကိုင်အဖွဲ့တွေထက် ပြည်သူလူထုက ငြိမ်းချမ်းရေးကို အဓိက ပိုလိုချင် ကြမှာပါ။ ပြည်သူလူထုတွေကပဲ အဓိက ငြိမ်းချမ်းရေးကို ပိုလိုချင်ကြတယ်လို့ပဲ မှတ်ချက်ပြုချင်ပါတယ်။
TREND ။ ။ နဂိုကတည်းကသာ KNU ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်အတိုင်းပဲ သွားခဲ့မယ်ဆိုရင် ဒီလိုမတရားအသင်း ဖြစ်ပေါ်လာစရာအကြောင်းမရှိဘူးဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာမယ့်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းကြဖို့ ဖြည့်စွက်ပြီး ပြောကြားပေးပါဦး။
SSM ။ ။ ဒီလို ဖြစ်ပျက်ပြောင်းလဲလာတဲ့အပေါ်မှာ တစ်နေ့မှာတော့ ဒီလမ်းကြောင်းကို ပြန်မြင် တွေ့လာရမှာပါ။ အခု လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ဆောင်ရွက်လာတာ များလာလို့ရှိရင် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ ကြုံတွေ့လာပြီးတဲ့နောက်မှာ သူတို့ သဘောပေါက်လာမှာပါ။ ဒီ့ထက် ကောင်းမွန်တဲ့ လမ်းကြောင်းကို ရှာဖွေပြီးတော့ ဆောင်ရွက်လာမှာပေါ့။ ဒီလို ဖြစ်ပျက်ပြောင်းလဲလာတဲ့အပေါ်မှာ တစ်နေ့မှာတော့ ဒီလမ်းကြောင်းကို ပြန်မြင်တွေ့လာရမှာပါ။ အခု လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ဆောင်ရွက်လာတာ များလာလို့ရှိရင် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ ကြုံတွေ့လာပြီးတဲ့ နောက်မှာ သူတို့သဘောပေါက်လာမှာပါ။ ဒီ့ထက်ကောင်းမွန်တဲ့ လမ်းကြောင်းကို ရှာဖွေပြီးတော့ ဆောင်ရွက်လာမှာပေါ့။ အပြောင်းအလဲဆိုတာကတော့ ရှိနေစမြဲပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ မျှော်လင့်တဲ့ NCA လိုမျိုး အလားသဏ္ဌာန်တူတဲ့ အခြားပေါ့၊ အပစ်ရပ်ပြီးတော့မှ ပြဿနာကို နိုင်ငံရေးနည်းနဲ့တွေ့ဆုံ ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုး တစ်ခုပြန်ပြီးတော့ ဖြစ်ပေါ်လာရမှာပါ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )