၂၀၂၅ ၊ ဩဂုတ် ၇
ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk 2025 နှင့် ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 တို့တွင် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့အဖြစ် တက်ရောက်၍ ဆွေးနွေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းနှင့် ဆက်သွယ်၍ လက်ရှိ နိုင်ငံရေးအခြေအနေ အရပ်ရပ်တို့အပေါ် ၎င်း၏ ရပ်တည်ချက် အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ငြိမ်းချမ်းရေး စကားဝိုင်းဖိုရမ်တွေမှာ တက်ရောက်ခဲ့တဲ့အပေါ် ဝေဖန်ထိုးနှက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအပေါ် ဘာများမှတ်ချက်ပြုလိုပါလဲ။
DNNT ။ ။ အန်တီ့အနေနဲ့က ဒီမိုကရေစီ ထောက်ခံတဲ့ အင်အားစုတွေနဲ့ နီးနီးစပ်စပ်နေခဲ့တဲ့ အစဉ်အလာရှိခဲ့တယ်။ အဲဒီတော့ ဒီမိုကရေစီထောက်ခံသူ အများစု၊ ပြည်တွင်းနေ၊ ပြည်ပနေအများစုက တပ်မတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးကို မလိုလားကြဘူး။ အန်တီတို့က လက်တွေ့အခြေအနေအရ နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ပြည်တွင်းမှာနေတဲ့ နိုင်ငံရေးသမားက တာဝန်အရှိဆုံးလို့ ခံယူတယ်။ လက်တွေ့ကြည့်လိုက်မယ်ဆိုရင် ဒီတိုင်းပြည်မှာရှိတဲ့ သန်း ၅၀ သော ပြည်သူတွေက လောလောဆယ်မှာ တပ်မတော်အစိုးရ အုပ်ချုပ်တာကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံနေရ တာပဲလေ။ အဲဒီတော့ တပ်မတော်အစိုးရ အုပ်ချုပ်စဉ်ကာလအတွင်းမှာ အစိုးရနဲ့ပြည်သူ ဖြစ်ပေါ်နေကျဖြစ်တဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းသာဘူး။ ဆိုတော့ လက်တွေ့မှာ ပြည်သူလူထုနဲ့ တပ်မတော်အစိုးရကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို လိုက်လံဖြေရှင်းပြီးတော့ လူထုအတွက် ပြောဆိုပေးတဲ့ ပြည်တွင်းနေ နိုင်ငံရေးသမားတွေရဲ့ လိုအပ်ချက်က များနေတယ်။ များနေတယ်ဆိုတာက ပြည်သူလူထုရှေ့ကနေ ပြည်သူလူထု လိုအပ်ချက်တွေကို အစိုးရကို ပြောပေး၊ ဆိုပေးမယ့် နိုင်ငံရေးသမား ပြည်တွင်းမှာ ရှားပါးနေတာပေါ့။ တစ်ဖက်ကလည်း ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးအရေးယူခံ ရတာတွေကလည်း ဒီနေ့အထိ ရှိနေဆဲပဲ ဆိုတဲ့အခါကျတော့ အရင်တုန်းက ပြောလေ့ဆိုလေ့ရှိတဲ့ တက်ကြွလှုပ်ရှားသူတွေကတောင်မှ အခု ဒီလေးနှစ်တာ ကာလအတွင်းမှာ မပြောကြမဆို ကြတော့ဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက နှုတ်ဆိတ်သွားတာပေါ့။ အဲဒါက တိုင်းပြည်အတွက် မကောင်းဘူး။ ဒါကြောင့်မို့လို့ ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးသမားတွေက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ပြောပေးဖို့၊ ဆိုပေးဖို့ဆိုတဲ့နေရာမှာ ပြည်တွင်းမှာ အမှန်တကယ် လက်တွေ့အုပ်ချုပ်နေတဲ့ အစိုးရကို၊ အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ကိုယ်တတ်တဲ့ပညာနဲ့ ပြည်သူလူထု အကျိုးရှိမယ်ဆိုလို့ရှိရင် ပူးပေါင်းဆောင် ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်။ ပူးပေါင်းမဆောင်ရွက်ရင် မရတဲ့ အနေအထားတွေလည်း တချို့နေရာတွေမှာ ရှိနေတယ်။ ဒါကြောင့်မို့လို့ များသောအားဖြင့် ပြည်ပမှာနေတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်ပမှာနေတဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသူတွေက ပြည်တွင်းမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု မှန်သမျှကို ေ၀ဖန်ထိုးနှက်ကြတယ်။ သို့သော်လည်းပဲ အန်တီတို့ ဒီဒဏ်တွေကို တွန်းလှန် ရင်ဆိုင်ပြီး တော့ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေ သက်သာလို သက်သာငြား လူထုရဲ့ လိုအပ်ချက်တွေ၊ လူထုခံစားရတာတွေနဲ့ပတ်သက်ပြီး အစိုးရကိုပြောဖို့ တာဝန်ရှိလာတယ်လို့ ယုံကြည်တယ်လေ။ ဒါကြောင့်မို့လို့ အခွင့်သင့်လာတဲ့အခါမှာ Peace Forum လို၊ Peace Talk တို့လို ဆွေးနွေးပွဲတွေမှာ အန်တီတို့ကို လွတ်လွတ်လပ်လပ် ပြောခွင့်ပေးလာတဲ့အခါ အန်တီတို့က လွတ်လွတ်လပ်လပ် ပြောရေးဆိုခွင့်ပေးလာမှုကို အသုံးချ ပြီးတော့ ပြည်သူလူထု လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို အုပ်ချုပ်သူအစိုးရ သိဖို့လုပ်ရမှာ ဖြစ်ပါတယ်။ အန်တီတို့ဆီက လာတဲ့ စကားတွေဟာ တကယ်မူဝါဒချမှတ်တဲ့ ပုဂ္ဂိုလ် တွေအတွက်က နားခါးစရာတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အန်တီဆိုရင် စစ်မှုထမ်းကိစ္စမှာ ပြင်းပြင်းထန်ထန် ဝေဖန်တာ ခံခဲ့ရတယ်။ ဒါပေမဲ့လည်း စစ်မှုထမ်းကိစ္စဟာ ပြည်သူလူထုအနေနဲ့ တကယ်ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲကြီးဖြစ်တယ်။ ဒီအခက်အခဲကြီးက နိုင်ငံတော်အစိုးရက အသိပေး ကြေညာထားသလို ဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုရင် အခက်အခဲမရှိပါဘူး။ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောသလို အောက်ခြေမှာ လက်တွေ့အကောင်အထည် ဖော်တာမျိုးတွေ ဖြစ်မနေဘူး။ ဥပဒေနဲ့ အညီ ဖြစ်မနေဘူးပေါ့။ အဲဒီလိုကိစ္စမျိုးတွေကို တခြားသူတွေလည်း တချို့သော အစည်းအဝေးတွေမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစကားတွေက လူကြီးတွေဆီကို ပေါက်လားဆိုတော့ အန်တီကတော့ ပေါက် တယ်လို့ မထင်ဘူး။ Peace Forum မှာ၊ Peace Talk မှာ အဲဒီကိစ္စတွေကို ပြောခြင်းအားဖြင့် လူကြီးတွေဆီကို တကယ်ပေါက်တယ်။ ဒါကြောင့်မို့လည်း Peace Talk? Peace Forum နောက်ပိုင်းမှာ ဒီကိစ္စတွေကို အထူးသဖြင့် စစ်မှုထမ်းကိစ္စတွေကို စည်းကမ်းတကျ လုပ်လာတာ တွေ့ရပါတယ်။ အရင်ကထက်စာရင် ပိုပြီး စည်းကမ်းတကျ လုပ်လာတာ တွေ့ရပါတယ်။ အဲဒီတော့ ပြည်ပနေ နိုင်ငံရေးသမားတွေ၊ ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးကို လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးတော့ လုပ်နေတဲ့ တက်ကြွလှုပ်ရှားသူတွေကို အပြစ်မမြင်ပါဘူး။ ဒါက သူတို့လုပ်နိုင်တဲ့ လုပ်ငန်းကို လုပ်နေကြတာပေါ့။
အန်တီ့အနေနဲ့ကလည်း ကိုယ့်ရဲ့နိုင်ငံရေး အရင်းအမြစ်ကို သုံးပြီးတော့ ကိုယ်တတ်တဲ့ ဥပဒေပညာနဲ့ ပြည်သူလူထုကို သက်သာရာ သက်သာကြောင်းတွေ ဖန်တီးပေးဖို့ တာဝန်ရှိတယ်လို့ ခံစားတဲ့အတွက်ကြောင့် ဆက်ပြီးတော့ Peace Forum တွေကို တက်နေဦးမှာပဲ။ နောက်ဖိုရမ်တွေလည်း တက်နေဦး မှာပဲ။ တက်ပြီးတော့ ဒီလိုပဲ လူထုရင်ဆိုင်နေရတဲ့ ကိစ္စတွေကို ပြောဆို ဆွေးနွေးသွားမှာပါ။

TREND ။ ။ နိုင်ငံရေးသမားတွေရဲ့ အဓိကတာဝန်က ဘာဖြစ်မလဲ။ ပြီးတော့ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည်ပရောက်သွားတဲ့ နိုင်ငံရေးသမားတွေရဲ့ ရပ်တည် လှုပ်ရှားမှုတွေက ဘယ်လို ကွာခြားလဲ။
DNNT ။ ။ လက်ရှိနိုင်ငံရဲ့ အနေအထားမှာကတော့ နိုင်ငံရေးသမားတွေရဲ့ အဓိကတာဝန်က ပြည်သူလူထုသက်သာချောင်ချိရေးနဲ့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးကို လုပ်ဖို့ အရေးကြီးတယ်လို့ ခံယူထားတယ်။ ပြည်ပရောက်သွားတဲ့သူ တွေကလည်း သူတို့လုပ်နိုင်တဲ့ ဘက်ကနေ လုပ်နေတယ်လို့ မြင်ပါတယ်။ နိုင်ငံရေးသမားအချင်းချင်း ရန်ဖြစ်စရာမလိုဘူး၊ စကားများစရာ မလိုဘူးလို့တော့ အန်တီထင်တယ်။ တစ်ဦးရဲ့ လုပ်ငန်းတွေကို တစ်ဦးက ကန့်ကွက်စရာမလိုဘူးလို့ ထင်တယ်။ နိုင်ငံရေးသမားဆိုတာက ကိုယ်နိုင်တာကို ကိုယ်လုပ်ကြတာပဲပေါ့။ အဲဒီတော့ အဓိက ခြားနားချက်က ပြည်တွင်းနေ နိုင်ငံရေးသမားက ပြည်သူလူထုနဲ့အတူရှိနေလို့ ပြည်သူလူထု ရင်ဆိုင်နေ ရတာကို အတူတူ ရင်ဆိုင်နေရတာ။ ပြည်သူလူထု ခံစားရသလို အတူတူ ခံစားရတာ။ ပြည်သူလူထု ကျပ်တည်းသလို ပြည်တွင်းနေ နိုင်ငံရေးသမားက အမှန်တကယ်ကို ကျပ်တည်းတာ။ ပုဂ္ဂိုလ်ရေးအရ ပြောရရင်တော့ အန်တီ့အနေအထားကတော့ စီးပွားရေးအရရောက ကျပ်တည်းစရာ အကြောင်းမရှိဘူး။ သို့သော်လည်းပဲ ပတ် ဝန်းကျင်မှာ မြင်နေရတယ်လေ။ အဲဒီတော့ ပြည်တွင်းနေ နိုင်ငံရေးသမားတွေက ပြည်သူလူထု အခက်အခဲ မျက်မြင် နေ့စဉ် ကြုံတွေ့နေရတာဖြစ်လို့ လူထုသက်သာရာ သက်သာကြောင်း သူတို့လုပ်ကြ တယ်။ အဲဒီလိုလုပ်ကြတဲ့ အပေါ်မှာ ပြည်ပနေ နိုင်ငံရေးသမားတွေကလည်း အနှောင့်အယှက်ပေးစရာ မလိုဘူး။ ဝေဖန်တိုက်ခိုက်စရာ မလိုဘူးလို့တော့ အန်တီမြင်တယ်။ ခံယူချက်ခြင်း မတူရင်တောင် တစ်ဦးနဲ့တစ်ဦး အငြင်းပွားနေစရာ မလိုဘူး။ ကိုယ့်လမ်းကြောင်းနဲ့ကို အလုပ်လုပ်နေဖို့ပဲ လိုပါတယ်။ အဲဒီနည်းနဲ့ပဲ အန်တီတို့နိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုကို တိုးတက်အောင် လုပ်ဖို့လိုတယ်လို့ မြင်တယ်။
TREND ။ ။ ဝေဖန်ထိုးနှက်တိုက်ခိုက်တွေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရလဲ။
DNNT ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ပကနေ အဓိက ထိုးနှက်တိုက်ခိုက်တာပေါ့။ ပြည်တွင်းမှာလည်း ကိုယ်နဲ့ အရင်းနှီးဆုံး၊ အနီးစပ်ဆုံးနေတဲ့ လူငယ်တချို့ဆိုရင်လည်း ပြင်းပြင်းထန်ထန်။ ပြီးတော့ အန်တီ့ကို စွန့်ခွာသွားတာတွေရှိတယ်။ ဒါတွေကလည်း မျှော်လင့်ပြီးသားဖြစ်လို့ နိုင်ငံရေးသမားတစ်ယောက်အတွက် မဆန်းပါဘူး။ အန်တီ့အနေနဲ့ကတော့ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဥပဒေနဲ့အညီ ဘယ်လိုဖြည့် ဆည်းလို့ရမယ်ဆိုတာ သိနေတယ်။ ဒါက တခြားနိုင်ငံရေးသမားတွေနဲ့ မတူတဲ့အချက်ပေါ့။ ဒါကြောင့် အန်တီက နိုင်ငံရေးလိုအပ်ချက်ကို ဥပဒေနဲ့အညီ တောင်းဆိုတယ်။ ဒါက အန်တီ့ရဲ့ အားသာချက်လည်း ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအရ လိုအပ်ချက်ကို ဥပဒေနဲ့အညီ တောင်းဆိုတယ်။ အန်တီ့အနေနဲ့က ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဥပဒေနဲ့အညီ တောင်းဆိုခဲ့တာ အစိုးရ သုံးဆက်ရှိပါပြီ။ ဒီတော့ ဒီကိစ္စက ဒီအတိုင်းပဲ ဆက်ပြီးတော့ လုပ်သွားရမှာ ဖြစ်တယ်။ အခု ဝေဖန်ထိုးနှက်တဲ့ အထဲမှာ ပြည်တွင်းက လူငယ်တချို့ပေါ့။ အထူးသဖြင့် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အန်တီ့ရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေကို မသိကြတဲ့သူတွေပေါ့။ သူတို့က ပြင်းပြင်းထန်ထန်ကို တိုက်ခိုက်ခဲ့တာလည်း တွေ့ရတယ်။ ဒါက လည်း သူတို့လည်း ပြည်ပနေ အဖွဲ့တချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပါတာပေါ့။ ပုဂ္ဂိုလ်ရေးအရ အန္တရာယ် ပြုတာတွေလည်း ရှိတယ်။ ဒါတွေတော့ မပြောချင် တော့ပါဘူး။ ဒါပေမဲ့ အန်တီ့အနေနဲ့ ဒါတွေကို မျှော်လင့်ပြီးသားဖြစ်လို့ မတုန်လှုပ်ဘူး။ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ ဒီနေ့ဖြစ်နေတဲ့ အခင်းအကျင်းမှာ အန်တီ့အနေနဲ့က အန်တီ့ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီးတော့၊ နိုင်ငံရေးဂုဏ်သိက္ခာကြီးကို ထိန်း သိမ်းပြီးတော့ တပ်မတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုက်လို့ ကိုယ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကြီး ကျသွားမယ်ဆိုပြီးဝောာ့ လူထုရဲ့ ဒုက္ခတွေကို မျက်ကွယ်မပြုနိုင်ဘူး။ ဒါက ရင်ထဲက မှန်ကန်တဲ့ စေတနာပါ။ ဟုတ်ပြီ တပ်မတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေလို့ နိုင်ငံရေး ဂုဏ်သိက္ခာကြီး ကျသွားမယ်ဆိုရင် ကျရင်ကျသွားပါစေ၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ရင်းလိုက်မယ်။ ပြည်သူလူထုရဲ့ အခက်အခဲတွေကိုတော့ အတတ်နိုင်ဆုံး အတိုင်းအတာ တစ်ခုအထိ ပြေလည်စေချင်ပါတယ်။ ပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်တတ်တဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့အညီ တောင်းဆိုတတ်တဲ့ နိုင်ငံရေးသမားတစ်ဦး အနေနဲ့ ရပ်တည်ချင်ပါတယ်။ ဒါကြောင့် အန်တီ့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ရင်းနိုင်တယ်။ ဘာလို့ရင်းမှာ လဲဆိုရင် တိုင်းပြည်က လိုအပ်နေလို့ပဲ။ တိုင်းပြည်က လိုအပ်နေတဲ့ အချိန်မှာ၊ ပြည်သူလူထုက လိုအပ်နေ တဲ့အချိန်မှာ အန်တီတို့က ထွက်ပေးရမယ်၊ ရပ်ပေးရမယ်၊ ပြောပေးရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကြီးကို တည်မြဲအောင်ဆိုပြီးတော့ အဲဒီအလုပ်တွေကို မျက်ကွယ်မပြုနိုင်ဘူး။ ဒါကြောင့် နိုင်ငံရေးဂုဏ်သိက္ခာ ရင်းရင် ရင်းရပါစေ ရင်းတယ်။ လူထုရဲ့ အခက်အခဲဒုက္ခတွေကို အနည်းငယ်မျှ ဖြစ်စေ လျော့နည်းစေချင်တာကတော့ ရင်ထဲကလာတဲ့ စကားတွေပါ။
နောက်တစ်ချက်က အခုလိုမျိုး ပြည်ပနေ အုပ်စုတွေက ပြည်တွင်းနေ နိုင်ငံရေးသမားတွေကို ဝေဖန်တိုက်ခိုက်နေတာဟာ နိုင်ငံတကာကလည်း အထင် သေးစရာ ဖြစ်တယ်။ အခုဆိုရင် မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်နေတဲ့ ပညာရှင်တွေ၊ သံတမန်အသိုင်းအဝိုင်းတွေက ဒီအခြေအနေကို သိတယ်နော်။ အဲဒါတွေက လည်းတော်တော်ကို အံ့သြစရာဖြစ်မိပါတယ်။ သူတို့တစ် တွေကို အန်တီတို့က သွားပြောတာ မဟုတ်ဘူး။ သူတို့မှာ သူတို့ရဲ့ ဝန်ထမ်းတွေရှိတယ်၊ ဗမာဝန်ထမ်းတွေရှိတယ်။ သူတို့က မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်နေကြတာ။ ဒီနေရာမှာ စကားမ စပ်ဖြည့်ပြီး ပြောရမယ်ဆိုရင် အန်တီ့ကို Peace Forum တက်လို့ ဆိုပြီးတော့ Facebook Messenger ကနေ လာပြီးတော့ တစ်တစ်ခွခွ ဆဲတဲ့သူတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ အန်တီက ဘာမှမပြောဘူး။ ဒါတွေကို Community Standard သိတဲ့ သံတမန်အသိုင်းအဝိုင်းက မနေဘူး။ Facebook Team ကို ဖုန်းဆက်တာ၊ ခင်ဗျားတို့ ဒါတွေကြည့်နေကြသလားဆိုပြီးတော့ ဖုန်းဆက်တာ။ ဒါက ဒီမိုကရေစီကို ထောက်ခံပါတယ်ဆိုတဲ့ သံတမန် အသိုင်းအဝိုင်းတွေက ဆက်တာ။ အန်တီ့ကို တစ်ဖက် သတ်ပြောတာ၊ ဆိုတာ၊ ဆဲတာ၊ ထိုးနှက် တိုက်ခိုက်တာကို သူတို့က အရမ်းအံ့သြကြပြီး Facebook Team ကို ဆက်သွယ်ခဲ့တာ။
အဲဒီနောက်ပိုင်း ထူးခြားတာက အန်တီ့ကို Messenger ကနေ ဆဲထားတဲ့ အကောင့်တွေအားလုံးကို Facebook Team က Community Standard နဲ့ ညိပါတယ်ဆိုပြီး အရေးယူလိုက်တယ်လို့ သိရတယ်။ ပြောချင်တာက မြန်မာပြည်က နိုင်ငံရေးသမားတွေအနေနဲ့က ပြည်တွင်းမှာ ရှိမနေဘူးဆိုပြီး Social Media မှာ ငါတို့ လုပ်ချင်တိုင်း လုပ်လို့ရတယ်လို့ မထင်နဲ့။ အရင်လို မဟုတ်တော့ဘူး၊ လုပ်ချင်တိုင်း လုပ်လို့ မရတော့ဘူး။ ဘေးကနေ စောင့်ကြည့်နေတဲ့ သံတမန်အသိုင်းအဝိုင်း ရှိတယ်။ အဲဒီ သံတမန်အသိုင်းအဝိုင်းက ဒါတွေကို မြင်တဲ့အခါကျတော့ ဒီအပေါ်မှာ ပြည်ပမှာရှိနေတဲ့ နိုင်ငံရေးသမားတွေကို အထင်သေးတာပေါ့။ ဒါကြောင့်လည်း သူတို့ကိုယ်တိုင် Facebook Team ကို ဆက်ခဲ့ကြတာ။ အဲဒီလိုမျိုး Community Standard မညီလို့ဆိုပြီး အရေးယူခဲ့တာကလည်း အကောင့်ပေါင်းရာနဲ့ချီ ရှိတယ်လို့တောင် သိရတယ်။

TREND ။ ။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပေါ်တဲ့ နေရာတိုင်းမှာ ဒေသခံလူထုက ဒုက္ခမျိုးစုံ ကြုံရပါတယ်။ ရှမ်းမြောက်က နောင်ချိုတို့၊ မိုးဗြဲတို့ဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေက စိုးမိုးနယ်မြေရဖို့ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြပေမယ့် ရလဒ်ကတော့ ဌာနဆိုင်ရာအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေလည်း ဘေးကြုံရ၊ အိုးအိမ် စည်းစိမ် ပျက်စီး ဆုံးရှုံးခဲ့ရတယ်။ အခုဆိုရင် အဲဒီမြို့နယ်တွေကို မြန်မာ့တပ်မတော် စစ်ကြောင်းက ပြန်လည်သိမ်းယူခဲ့ပြီး တည်ငြိမ်အေးချမ်းအောင် ဆောက်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေအပေါ် ဘယ်လိုရှုမြင်သုံးသပ်လိုပါလဲ။
DNNT ။ ။ အန်တီသိသမျှက ပြီးခဲ့တဲ့ တစ်နှစ်ခွဲ ကာလတွေကတည်းက ဒီမြို့သိမ်းတဲ့ အစီအမံတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူတွေကို အများကြီး တွေ့ခဲ့ တယ်။ တွေ့ခဲ့တယ်ဆိုတာက မြန်မာ့အရေး ဆွေးနွေးပွဲတွေမှာ ကြားသိခဲ့ရတာ။ ဒီကိစ္စတွေက လူသိပ် မသိခဲ့ဘူး။ Social Media မှာ မပျံ့ဘူးပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက မြို့သိမ်းတယ်ဆိုတဲ့ ကိစ္စတွေမှာ နိုင်ငံတကာက ထောက်ခံတယ်ဆိုပြီး မီဒီယာတချို့မှာ တွေ့ခဲ့ရတယ်။ မြို့သိမ်းတဲ့ ကိစ္စတွေကို နိုင်ငံတကာက မထောက်ခံခဲ့ပါဘူး။ မြို့သိမ်းတဲ့ အစီအစဉ်တွေ တစ်မြို့၊ နှစ်မြို့ သိမ်းလိုက်ကတည်းက နိုင်ငံတကာက ပညာရှင်တွေနဲ့ သံတမန် အသိုင်းအဝိုင်းက မေးခွန်းထုတ်ခဲ့ကြတယ်။ မြို့သိမ်းပြီးရင် မြို့ကို တည်မြဲအောင် လုပ်နိုင်တဲ့ စွမ်းရည်ရှိလို့လား၊ မြို့ကို တည်မြဲအောင် ဆက်လက်ထိန်း သိမ်းထားနိုင်တဲ့ Capacity မရှိဘဲနဲ့ မြို့တွေကို သိမ်းမယ် ဆိုလို့ရှိရင် ဒုက္ခရောက်မယ့်သူက ပြည်သူဖြစ်ပါတယ်ဆိုတာကို အန်တီ မှတ်မိသလောက် ပြီးခဲ့တဲ့တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်က စပြီးပြောခဲ့ကြတာ။ အဲဒီလို မြန်မာ့အရေး ဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေကို အွန်လိုင်းပေါ်ကနေ တက်ခဲ့ရတယ်။ အဲဒီမှာလည်း မြို့သိမ်းစီမံ ချက်ကို ရေးဆွဲကြတဲ့ အုပ်စုတွေလည်း တက်ကြမယ်လို့ ထင်ပါတယ်။ ဒါက Zoom နဲ့ တက်ကြတာဆိုတော့ ID တွေက ပြောင်းထားကြတာလေ။ အဲဒီလို မြန်မာ့အရေး အစည်းအဝေးတွေမှာ ပါသင့်တဲ့သူတွေ ပါစေပြီးတော့ လုပ်တာဆိုတော့ အဲဒီအုပ်စုတွေလည်း ပါနိုင်ပါတယ်။ အဲဒီလို အစည်းအဝေးတွေကို နိုင်ငံတကာက ဒီမိုကရေစီကိုထောက်ခံတဲ့ နိုင်ငံခြားသားတွေက အဲဒီမြို့သိမ်းတဲ့ အစီအစဉ်တွေဟာ လူထု ဒုက္ခရောက်ရမယ့် အစီအစဉ်တွေဖြစ်တယ်လို့ ထောက်ပြခဲ့ကြတယ်။ ဒါပေမဲ့ ဒါတွေကို နားမထောင်ဘူး လုပ်တဲ့သူတွေက လုပ်ခဲ့ကြတယ်။ ဒါကတော့ စိတ်မကောင်းစရာပါ။ သေချာနေတဲ့ ကိစ္စကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် လောက်ကတည်းက တောက်လျှောက် အန်တီ့အနေနဲ့ ခိုင်ခိုင်မာမာ ပြော ခဲ့တဲ့ကိစ္စကတော့ လက်နက်ကိုင် တိုက်ခိုက်ခြင်းအားဖြင့် လူထုအတွက် ငြိမ်းချမ်းရေးကို သယ်ဆောင် မပေးနိုင်ပါဘူး။ အစည်းအဝေးတိုင်းမှာ ပြောဖြစ်ခဲ့တယ်။ လက်နက်ကိုင် တိုက်ခိုက်ခြင်းအားဖြင့်တော့ ငြိမ်းချမ်းရေးစကား ပြောလို့မရဘူး။ ငြိမ်းချမ်းရေးစကား ပြောမယ်ဆိုရင် ပြည်သူ လူထုအတွက် စိတ်ရင်းစေတနာအမှန်နဲ့ ဖော် ဆောင်ချင်တယ်ဆိုရင် အားလုံး အပစ်ရပ်ပြီး စားပွဲဝိုင်းမှာ ဆွေးနွေးဖို့လိုတယ်ဆိုတာ အန်တီတို့ တစိုက် မတ်မတ် ပြောခဲ့ပါတယ်။ ပြီးတော့ မြို့သိမ်းတဲ့အစီအစဉ်တွေကို နိုင်ငံခြားသား ပညာရှင်တွေကလည်း ထောက်ခံတယ်၊ ကမ္ဘာကလည်း ထောက်ခံကြတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါဟာ ပြည်သူတွေ ဒုက္ခရောက် ကြရမယ့် ကိစ္စဖြစ်လို့မလုပ်ဖို့ ပညာရှင်တွေက ကြိုပြီးတော့ ထောက်ပြခဲ့ကြတယ်၊ ကြိုပြီးတော့ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
TREND ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မြို့သိမ်းတယ်ဆိုတဲ့ အစီအစဉ်တွေအရ ဒုက္ခရောက် နစ်နာသူက ဒေသခံလူထု ဖြစ်နေတော့ ဒီဖြစ်စဉ်တွေကနေ ဘာသင်ခန်းစာရလိုက်လဲ၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ မြို့သိမ်းအစီအမံတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။
DNNT ။ ။ ဒီဖြစ်စဉ်တွေကနေ လက်နက်ကိုင် တိုက်ခိုက်ခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်းလို့ မရဘူးဆိုတာကို ဒေသခံတွေက နားလည်သွားကြတယ်။ အဲဒါကြောင့် မို့လို့လည်း မြို့သိမ်းတဲ့ အစီအစဉ်ကို အားပေးနေတဲ့သူတွေ၊ နိုင်ငံရေးသမားတွေကို အဲဒီဒေသတွေကို သွားစေချင်တယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်စေချင်တယ်။ တကယ်သွားပြီး တကယ်မြေပြင်က ပြည်သူလူထုအသံတွေကို နားထောင်ကြပါ။ ပြီးရင် မြို့သိမ်းတာက တကယ့်အဖြေမှန် ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ သူတို့ သိလာပါလိမ့်မယ်။ အခုအချိန်လောက်ဆိုရင် ထုတ်ဖော် မပြောကြတာဖြစ်မယ်၊ အဖြေမှန် မဟုတ်ဘူးဆိုတာ သိနေလောက်ပါပြီ။ သင်ခန်းစာတွေ ရနေကြလောက်ပါပြီ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉မ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )