မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(MCCPMD)ဗဟိုအလုပ်အမှုဆောင် ဦးဇေယျဖြိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၄ ဩဂုတ် ၁

ဈေးကွက်အတွင်း ဆေးမပြတ်စေရန် အရောင်းစင်တာများ ဖွင့်လှစ်ရောင်းချပေးနေ၊ ဝမ်းရောဂါနှင့် ပတ်သက်သည့် ဆေးဝါးများလည်း ပစ္စည်းမပြတ်စေရန် ဆောင်ရွက်ပေးနေ

    မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြည်သူများ ဈေးကွက်တွင် ဆေးပစ္စည်းပြတ်လပ်မှုမရှိစေရန် ဆေးနှင့် ဆေးပစ္စည်းအရောင်းစင်တာများကို ဖွင့်လှစ် ၍ ရောင်းချပေးလျက်ရှိသည်။ ယင်း အရောင်းစင်တာများမှာ ပန်းဘဲတန်းမြို့နယ်တွင် အရောင်းစင်တာ (၁)၊ နဝဒေးရုပ်ရှင်ရုံဝင်းအတွင်းတွင် အရောင်းစင်တာ(၂)နှင့် ပဲခူးတိုင်းတွင် အရောင်းစင်တာ(၃) ဖွင့်လှစ်ကာ ဆေးကုမ္ပဏီတိုက်ရိုက် ရောင်းချပေးလျက်ရှိကာ အဆိုပါ အရောင်းစင်တာဖွင့်လှစ်ခြင်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD)ဗဟိုအလုပ်အ မှုဆောင် ဦးဇေယျဖြိုးနှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ နဝဒေးမှာပြသတဲ့ ဆေးဝါးနဲ့ဆေး ပစ္စည်းအရောင်းပြပွဲအကြောင်းလေး ရှင်းပြပေးပါဦး။
UZYP    ။    ။
ကျွန်တော်တို့ နဝဒေးရုပ်ရှင်ရုံပြပွဲ ပြခန်းမှာ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်ဝယ် ရေးဝန်ကြီးဌာနရယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းက ဦးဆောင်ပြီးတော့ ပြခန်းပေါင်း ၅၀ ကျော်ကို ကုမ္ပဏီ တိုက်ရိုက်အနေနဲ့ ခင်းကျင်းပြသ ရောင်းချပေးတာ ဖြစ်ပါတယ်။ အခုနဝဒေးက ဒုတိယမြောက်စင်တာပါ။ ပထမစင်တာက ပန်းဘဲတန်းမှာ ၁၇ ရက်က နေစပြီး ဖွင့်လှစ်ပြသနေပါတယ်။ အရောင်း စင်တာ(၃)ကိုတော့ ပဲခူးတိုင်းမှာ ဒီနေ့ကနေ စတင်ပြီးတော့ ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ ပထမအကြိမ်ရောင်းချတဲ့ ပြပွဲမှာလည်း ဆေးကုမ္ပဏီပေါင်း ၅၀ ကနေ ၁၀၀ ကြား ပါဝင်ပါတယ်။ စင်တာသုံးခုလုံးမှာဆိုရင် ကုမ္ပဏီပေါင်း ၂၀၀ နီးပါး ရှိပါတယ်။


TREND    ။    ။ ပြပွဲအနေနဲ့ ပြသရောင်းချပေးတဲ့ အဓိကရည်ရွယ်ချက်လေး ပြောကြားပေးပါဦး။
UZYP    ။    ။
အဓိကရည်ရွယ်ချက်က သုံးစွဲသူပြည်သူတွေ ဆေးဝါးတွေ ဝယ်ယူတဲ့အခါမှာ လွယ်ကူအောင်ရယ်၊ နောက်တစ်ခါ သုံးစွဲသူပြည်သူတွေက ဒီမှာ ကုမ္ပဏီအများကြီးကနေ ဝယ်ယူတာဖြစ်တဲ့အ တွက် လိုချင်တဲ့ ဆေးကိုပိုမိုရရှိ လွယ်ကူအောင်လို့ ရည်ရွယ်ပါတယ်။


TREND    ။    ။ အခုလို မိုးရာသီမှာ နှစ်စဉ်ဆေး ပြတ်လပ်မှုတွေ ကြုံတွေ့နေတာတွေ ဖြစ်နေတာဆိုတော့ အနာဂတ်မှာ ဒီ့ထက်ပိုမိုတွင်တွင်ကျယ်ကျယ် ရောင်းချ ဖို့ရော အစီအစဉ်ရှိလား။
UZYP    ။    ။
ဟုတ်ကဲ့။ ကျွန်တော်တို့က အရောင်းစင်တာတွေ တိုးချဲ့ဖို့နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီးတော့ ခင်းကျင်းပြသသွားဖို့ အစီအစဉ်ရှိပါတယ်။ 


TREND    ။    ။ သုံးစွဲသူပြည်သူတွေ အနေနဲ့ရော အခုလိုပြပွဲကို ကုမ္ပဏီတွေက တိုက်ရိုက်ရောင်းချပေးတဲ့ အပေါ် ဘယ်လို Comment လေးတွေ ပြန်ရလဲ။
UZYP    ။    ။
ဝယ်ယူသုံးစွဲသူတွေအနေနဲ့လည်း ပြပွဲနဲ့ပတ်သက်တဲ့ တုံ့ပြန်မှုက အရမ်းကောင်းပါတယ်။ တခြားဝေးလံတဲ့နေရာ မှော်ဘီ၊ တိုက်ကြီး ဘက်ကနေ လည်း လေ့လာပြီး လာရောက်ဝယ်ယူတာတွေ ရှိတယ်။ပြည်သူကိုတော့ ကျွန်တော်တို့က မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက လူမှုရေးအဖွဲ့ အစည်းဖြစ်တဲ့အတွက် ဆေးကုမ္ပဏီကို အမြဲတမ်းတိုက် တွန်းနှိုးဆော်နေတာတွေရှိပါတယ်။ မိမိတို့ လက်ရှိဂိုထောင်မှာရှိတဲ့ ဆေးတွေကို ပြည်သူ့အကျိုးကို ရှေ့တန်းတင်ပြီးတော့ ပစ္စည်းရှိသလောက် ဆေးတွေကိုရောင်းချ ပေးဖို့အတွက် ပြောပေးနေပါတယ်။ တချို့ဆေးတွေကတော့ ဈေးကွက်ထဲမှာ ပြတ်လပ်တာတွေ ရှိပါတယ်။အဲ့ဒါကြောင့် လိုအပ်ချက်ရှိရင် ကျွန်တော်တို့ စင်တာတွေမှာလည်း လာရောက်ဝယ်ယူနိုင်ပါတယ်။


TREND    ။    ။ ဆေးအမျိုးအစားပေါင်း ဘယ်လောက်ပါဝင်သလဲဆိုတာကို ပြောပြပေးပါဦး။
UZYP    ။    ။
ဆေးတွေကတော့ အမျိုးအစားပေါင်း ထောင်ဂဏန်းလောက်ရှိမယ်။ ဆီးချို၊ သွေးတိုး စတာတွေကိုလည်း ဆေးကုမ္ပဏီတွေက စစ်ပေးတာတွေ လည်းရှိပါတယ်။ ပြည်သူတွေအနေနဲ့ ဆေးဝယ်ယူရာမှာ ခက်ခဲနေရင် ဆေးအသင်းကို တိုက်ရိုက်ဖုန်းဆက်ပြီးတော့ မေးမြန်းနိုင်ပါတယ်။ ဆေးတွေကိုတော့ လိုအပ်ချက်ပေါ်မူတည်ပြီးတော့ စင်တာသုံးခုလုံးက ဖွင့်လှစ်ရောင်းချပေးမှာ ဖြစ်ပါတယ်။


TREND    ။    ။ ဈေးကွက်ထဲမှာ ဆေးဈေးနှုန်းက မြင့်တက်နေတော့ ဒီမှာဝယ်ယူရင် ဈေးနှုန်းအနေနဲ့ ဘယ်လိုကွာခြားမူရှိလဲ။
UZYP    ။    ။
ဒီမှာ ကုမ္ပဏီကနေပြီးတော့ တိုက်ရိုက်ရောင်းချတာ ဖြစ်တဲ့အတွက် တချို့ဒေသတွေနဲ့ မြို့နယ်တွေမှာထက်တော့ ဈေးသက်သာမှာ ဖြစ်ပါတယ်။ ယုံကြည်ပါတယ်။ ဈေးနှုန်းထက်ဝက်လောက်အထိ သက်သာမလားဆိုတာကတော့ ကုမ္ပဏီတစ်ခုနဲ့ တစ်ခုပေါ်မှာပဲ မူတည်ပါတယ်။


TREND    ။    ။ နောက် စင်တာတွေမှာ အထူးအစီအစဉ်အနေနဲ့ ဆောင်ရွက်ထားမှုလေးတွေရှိရင် ပြောပြပေးပါဦး။
UZYP    ။    ။
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက ကိုဗစ်ကာလမှာလည်း ဆေးအရောင်းစင်တာတွေမှာ ပြည်သူတွေ ဆေးရှာရလွယ်ကူအောင် ဆေးပစ္စည်းတွေ တစ်စုတည်း ဝယ်ယူနိုင်အောင်လို့ စီစဉ်ခဲ့တဲ့ အတွေ့အကြုံတွေရှိပါတယ်။ လက်ရှိပြသနေတဲ့ ပြခန်းတွေမှာလည်း အရင်ပြခန်းတွေနဲ့ မတူတာက Health စင်တာလေးတွေ ဖွင့်လှစ်ထားပါတယ်။ Health စင်တာတွေမှာ အသင်းဝင်ဆေးကုမ္ပဏီတွေက ဆရာဝန်တွေက အလှည့်ကျအနေနဲ့ သုံးစွဲသူပြည်သူတွေဆေးတွေ ဝယ်ယူတဲ့အခါမှာ မရှိခဲ့ရင် အနီးစပ်ဆုံးတူညီတဲ့ ဆေးကို လမ်းညွှန်ပေးတာ၊ ဝိုင်းဝန်းကူညီ ရှာဖွေပေး တာ။ ဆေးအကြောင်း သိချင်တာလေးတွေကို ဖွင့်လှစ်ပေးထားပါတယ်။ ဆေးရှားပါးနေရင်လည်း ပြခန်းရဲ့ Health စင်တာကနေပြီးတော့ အခုဒီမှာပြသတဲ့ စာရင်းတွေကို စာရင်းပြုစုထားပါတယ်။ မိမိရှာဖွေနေတဲ့ဆေးကို အလွယ်တကူ ကူညီဆောင်ရွက်ပေးနေပါတယ်။


TREND    ။    ။ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအနေနဲ့ ဒီနှစ်ထဲမှာ ဘာတွေများ ဆောင်ရွက်ထားတာတွေ ရှိသေးလဲ။ ရှိရင်လည်း ရှင်းပြပေးပါဦး။
UZYP    ။    ။
ပြည်သူတွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီးတော့ သုံးစွဲသူတိုက်ရိုက်ရောင်းချတဲ့ ပြခန်းတွေကိုတော့ လိုအပ်ချက်ပေါ်မူတည်ပြီးတော့ ဆက်လက်ပြသသွားဖို့ အစီအစဉ်ရှိပါတယ်။


TREND    ။    ။ ဈေးကွက်ထဲမှာ ဆေးပစ္စည်းဈေးတက်တာ၊ ပစ္စည်းပြတ်လပ်တာတွေ ဖြစ်နေတဲ့အတွက် ဒီအပေါ်မှာ ဆရာ့အမြင်လေးပြောပြပေးပါဦး။
UZYP    ။    ။
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းကတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ NGO ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ အသင်းဝင် ဆေးကုမ္ပဏီတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးဖို့အတွက်နဲ့ မိမိတို့ လက်ဝယ်ရှိသမျှ ဆေးအကုန်နီးပါးကို သုံးစွဲသူ ပြည်သူ့အကျိုး ရှေးရှုပြီးတော့ ရောင်းချပေးဖို့ တိုက်တွန်းနှိုးဆော်တာတွေ၊ နောက် စုပေါင်းအစည်းအဝေးတွေ ခေါပြီးတော့ တိုက်တွန်းနှိုးဆော်တာတွေ အမြဲတမ်းပြုလုပ်ပေးနေပါတယ်။


TREND    ။    ။ ဒီနှစ်ထဲမှာရော ဆေးဝါးပြတ်လပ်တဲ့ ဆေးပစ္စည်းဘယ်နှမျိုးလောက် ရှိခဲ့လဲ။
UZYP    ။    ။
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း လက်အောက်မှာ ဆေးကုမ္ပဏီပေါင်း တစ်ထောင်နီးပါးရှိတယ်။ နောက်တင်သွင်းတဲ့ နိုင်ငံချင်းကလည်း မတူကြဘူး။ တင်သွင်းတဲ့ ဆေးဝါး အမျိုးအမည်တွေ မတူညီတာတွေရှိတယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကုမ္ပဏီတစ်ခုနဲ့တစ်ခု တစ်သမတ်တည်းတော့ မရှိနိုင်ဘူး။ တစ်ခါတလေ ဆေးဝါးပြတ်လပ်မှုတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ဒီအပေါ်မှာ အသင်းအနေနဲ့ကတော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ကျန်မာရေးဝန်ကြီးဌာနတို့ကို တင်ပြတိုက်တွန်းပြီးတော့ အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးနေတာတွေ ရှိပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း အမြဲတမ်း ကျွန်တော်တို့ အသင်းတွေရဲ့ တင်ပြ ချက်တွေ ကို လိုလိုလားလားနဲ့ ဆောင်ရွက်ပေးနေတာ တွေရှိပါတယ်။ ဒါတွေကို ပြန်လည်ပြီးတော့ ကုမ္ပဏီတွေကို ပြန်လည်ရှင်းလင်းပြော ကြားပေးနေတာတွေ ဆောင်ရွက်နေပါတယ်။


TREND    ။    ။ လက်ရှိဖြစ်ပွားနေတဲ့ ဝမ်းရောဂါနှင့်ပတ်သက်ပြီး ဆေးဝါးမပြတ်လပ်အောင် ဘယ်လိုမျိုး ဆောင်ရွက်မူတွေ ရှိပါသလဲ။
UZYP    ။    ။
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအနေနဲ့ကတော့ မိုးတွင်းကာလမှာဖြစ်ပွားနေတဲ့ ဝမ်းရောဂါနဲ့ပတ်သက်လို့လည်း ဆေးကုမ္ပဏီတွေကို တိုက်တွန်းနှိုးဆော်တာတွေ၊ ဆေးဝါးတွေ မပြတ်လပ်အောင် ထားရှိဖို့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ လမ်းညွှန်းမှုနဲ့ ဆေးဝါးပြင်ဆင်မှုတွေ ကျွန်တော်တို့က ထပ်ဆင့် ကျန်မားရေးနဲ့ပတ်သက်ပြီး နှိုးဆော်တာတွေ အမြဲတမ်း ပြုလုပ်ပေးနေ ပါတယ်။


TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UZYP    ။    ။
ကျွန်တော်တို့ကို အခုလို သုံးစွဲသူ ပြည်သူတွေကို ဆေးကုမ္ပဏီတွေကနေ တိုက်ရိုက် ဆေးဝါးရောင်းချတဲ့ပွဲကြီး ဖြစ်မြောက်အောင် လမ်းညွှန်မှုပေးတဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အနီးကပ် ပံ့ပိုးပေးတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနတို့ကို သုံးစွဲသူ ပြည်သူတွေအစား မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက ကျေးဇူးတင်ရှိပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 331

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43076

© 2022 - 2025 News. All Rights Reserved.