၂၀၂၅ ၊ စက်တင်ဘာ ၁၁
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025)၊ တရုတ်ပြည်သူများ၏ ဂျပန်ခုခံ တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများကို တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် အပါအဝင် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA.S)ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ အမြင် သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး အမြင်လေး သိပါရစေ။
KOK ။ ။ ဒီခရီးစဉ်ကတော့ မိတ်ဆွေနိုင်ငံ၊ မဟာမိတ်နိုင်ငံတွေ ပိုရလာတဲ့သဘော တွေ့ရပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုရလာတဲ့သဘော တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီရလာတဲ့ အကူအညီတွေကို တိုင်းသူပြည်သားတွေအတွက် ကောင်းတဲ့ဘက်ကို စီစဉ်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ ဥပမာ ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကိစ္စ၊ ရေကြီးတဲ့ဒဏ်ခံရတဲ့ ပြည်သူတွေကိစ္စ၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းပေးနိုင်တဲ့ အစီအစဉ်တွေ ပိုလုပ်ပေးတာမျိုးပေါ့။ ရလာတဲ့ အကူအညီတွေနဲ့ အဲဒီလိုမျိုး အစီအစဉ်တွေ ပိုလုပ်ပေးနိုင်ရင်တော့ ကောင်းတယ်လို့ ယူဆပါတယ်။ ခရီးစဉ်မှာတော့ ထုံးစံအတိုင်း တရုတ်ကတော့ မြန်မာပြည်ငြိမ်းချမ်းရေးလား၊ တည်ငြိမ်ရေးလား၊ ဖက်ဒရယ်အရေးလား တရုတ်က စိတ်မဝင်စားပါဘူး။ တရုတ်ကတော့ တည်ငြိမ်ရေးရှိဖို့နဲ့ သူ့ရဲ့အကျိုးစီး ပွားတွေ မပျက်မစီးရှိဖို့ သူက စိတ်ဝင်စားတယ်။ အဲဒါကိုလည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က အာမခံလာတာနဲ့ တူပါတယ်။ အဲဒါကြောင့် မြစ်ဆုံပြန်လုပ်မယ်၊ ရထားလမ်းပြန်လုပ်မယ်ဆိုတာတွေ ပြောလာတယ်။ မြစ်ဆုံတို့၊ ရထားလမ်းစီမံကိန်းတွေ ပြန်လုပ်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ လက်နက်ကိုင်ပဋိပက္ခပေါ့။ တိုက်ပွဲတွေ ဖော်ဆောင်နေတာတွေကတော့ ညှိနှိုင်းမှရမယ့် သဘောတော့ ရှိတာပေါ့။ အပြုတ်တိုက်နေကြလို့လည်း ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်နိုင်မယ့် အခင်းအကျင်းကို စဉ်းစားပေးရင်တော့ ပိုပြီးတော့ ကောင်းမယ်လို့ ယူဆတာပေါ့။
TREND ။ ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးကို တရုတ်နိုင်ငံအနေနဲ့ အမြဲထောက်ခံ ရပ်တည်အားပေးလျက်ရှိနေပါတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် မှာပြောကြားခဲ့တာ တွေ့ရပါတယ်။ ဒီလိုတည်ငြိမ်ရေးကနေ မြန်မာပြည် ငြိမ်းချမ်းရေး ဘယ်လိုဆက်သွားသင့်လဲ။
KOK ။ ။ ငြိမ်းချမ်းရေးကတော့ တည်ငြိမ်မှုရှိမှ ဖြစ်လာနိုင်တာပါ။ တည်ငြိမ်မှုရှိဖို့ ငြိမ်းချမ်းမှုရ ဖို့ဆိုတာကလည်း နိုင်ငံရေးအရ စကားပြောမှ တွေ့ဆုံဆွေးနွေးမှ ဖြစ်မယ့်ကိစ္စဆိုတော့ တွေ့ဆုံဆွေး နွေးရေးကို ကနဦး ဦးစားပေးသင့်တယ်လို့ ယူဆတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ကို ဘယ်လိုပုံစံ ရှင်းမလဲဆိုတဲ့ဟာ၊ နောက် ရွေးကောက်ပွဲကလည်း ပြဿနာရှင်းဖို့ လမ်းစတော့ဟုတ်တာပေါ့။ ဒါပေမဲ့ ပြဿနာရှင်းနိုင်တဲ့ အဆင့်တော့ မရောက်ဘူး၊ သို့သော် အကူးအပြောင်းကာလ ရွေးကောက်ပွဲ ဖြစ်နေ တော့ အကူးအပြောင်းကာလကို သွားရမယ့် ရွေးကောက်ပွဲသဘောလည်း ဖြစ်တာပေါ့။ ဒီသဘောကိုလည်းပဲ ရွေးကောက်ပွဲကို ကန့်ကွက်ဆန့် ကျင်တဲ့သူတွေကို နားချဖို့လိုတာပေါ့။ အဲဒီလို နားချမယ်ဆိုရင် ဆွေးနွေးနိုင်မယ့် လမ်းကြောင်းကို ဖွင့်ပေးသင့်တာပေါ့။ ကျွန်တော် အဲဒီလို ယူဆပါတယ်။
TREND ။ ။ မြစ်ဆုံ၊ ရထားလမ်းစတဲ့ စီမံကိန်းတွေ ပြန်လုပ်နိုင်ဖို့ အဲဒီဒေသမှာရှိတဲ့ လက်နက်ကိုင်ပဋိပက္ခ ဖော်ဆောင်နေသူတွေနဲ့ ညှိနှိုင်းရမယ်ဆို တာက ဘယ်လို အခင်းအကျင်းမျိုး ဖြစ်မလဲ။
KOK ။ ။ ကျွန်တော်ထင်တယ်၊ အဲဒီပြဿနာတွေမှာ လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေကို ဦးစားပေးပြီးတော့ သူတို့ဘာလိုချင်လဲ၊ နိုင်ငံရေးအရ ဘယ်အဆင့်မှာ သတ်မှတ်နိုင်လဲ စသည်ဖြင့်ပေါ့ဗျာ။ အနည်းဆုံးတော့ တွေ့ဆုံစကားပြောလိုက်ရင်ရတယ်။ တွေ့ဆုံစကားပြောဖို့ဆိုရင် တိုက်ပွဲတွေ ခဏရပ် ထားရမှာပေါ့။ယာယီအားဖြင့်တော့ ရပ်ထားရမှာပေါ့။ ဥပမာ အပစ်အခတ်ရပ်စဲရေးလို အရင်စီစဉ်ပြီးမှ တွေ့ဆုံဆွေး နွေးရေးက ပေါ်လာလို့ရှိရင် ပိုကောင်းတာပေါ့။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေး အဆင့်တွေကမှ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အဆင့်လိုက် အဆင့်လိုက် လုပ်သွားနိုင်ရင်တော့ ကောင်းပါတယ်လို့ ယူဆပါတယ်။

TREND ။ ။ ယာယီသမ္မတရဲ့ တရုတ်ခရီးစဉ်မှာ ရုရှားသမ္မတ၊ မြောက်ကိုရီးယားနိုင်ငံ့ခေါင်းဆောင်၊ အိန္ဒိယနိုင်ငံဝန်ကြီး ချုပ်စတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ခဲ့တာနဲ့ပတ်သက်ပြီး အမြင်သဘောထား ပြောပြပါဦး။
KOK ။ ။ မြောက်ကိုရီးယားကတော့ မြန်မာပြည်ကို စိတ်ဝင်စားဖို့ အကြောင်းမရှိဘူးလို့ မြင်တယ်။ ပြီးတော့ သူက အာဏာရှင် ၁၀၀ ရာခိုင် နှုန်းရှိတဲ့နိုင်ငံ၊ ရုရှားသမ္မတ ပူတင်ကိုလည်း အာဏာရှင်လို့ ပြောကြားတာကိုး။ မြောက်ကိုရီးယားနဲ့ ရုရှားခေါင်းဆောင်တွေကဝောာ့ သူ့အနေအ ထားနဲ့သူ သူ့တိုင်း ပြည်မှာ ငြိမ်ငြိမ်ဝပ်ဝပ် လုပ်ထားတာ တွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့ လက်နက်ကိုင်ပဋိပက္ခတွေက ရှိနေတယ်။ အရပ်သူအရပ်သားတွေ အိုးအိမ်စွန့်ခွာပြေးရတာ၊ သေကျေ ပျက်စီးရတာတွေရှိနေတယ်။ အဲဒီအခြေအနေ ပြဿနာတွေကို ဘယ်လိုအဖြေရှာပြီးတော့ ဘယ်လိုလျော့နည်းအောင် လုပ်မလဲဆိုတာ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ စဉ်းစားလိမ့်မယ်လို့ မြင်ပါတယ်။ ဆိုတော့ ရုရှားတို့၊ မြောက်ကိုရီးယားတို့လို တိုင်းပြည်ကို နိုင်နိုင်နင်းနင်းလုပ်တဲ့ အဆင့်ရောက်အောင် လုပ်တာတို့ပေါ့။ အထူးသဖြင့် အိန္ဒိယကလည်း အကြံဉာဏ်ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ပူတင်တို့၊ ကင်ဂျုံအန်တို့နဲ့တွေ့တာကို ကျွန်တော်အရေးမထားမိပါဘူး။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနဲ့တွေ့ဆုံတာက ပိုအရေးပါတယ်လို့ မြင်ပါတယ်။ ဝန်ကြီးချုပ်မိုဒီကတော့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တဲ့ အခါကျတော့ တည်ငြိမ်အေးချမ်းမှုရော၊ အပစ်အခတ်ရပ်စဲရေးရော၊ နိုင်ငံရေးဆွေးနွေးပွဲရော ဒီကိစ္စတွေမှာ ပိုပြီးတော့ အကြံပေးနိုင်မယ်၊ ပါဝင်နိုင်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် အိမ်နီးနားချင်းနိုင်ငံကြီး နှစ်ခုဖြစ်တဲ့ တရုတ်ကလည်း ပံ့ပိုးတယ်၊ အိန္ဒိယကလည်း ပံ့ပိုးတယ်ဆိုရင် သိက္ခာရှိတဲ့တွေ့ဆုံဆွေးနွေးပွဲ၊ သိက္ခာရှိတဲ့ အပစ်အခတ် ရပ်စဲရေးကို စတင်နိုင်လိမ့်မယ်လို့တော့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ တရုတ် ကူညီပံ့ပိုးမှုကို ယူပြီးတော့ အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးတာတို့၊ ဘာတို့ စပေးနိုင်ရင် ကောင်းမယ်လို့ ယူဆပါတယ်။ အထူးသဖြင့်တော့ ရွေးကောက်ပွဲမတိုင်ခင်မှာ အပစ်အခတ် ရပ်စဲရေးတချို့ ဖြစ်လာနိုင်ရင်ပေါ့လေ၊ ဒေသအလိုက်သော်လည်းကောင်း၊ အဖွဲ့အစည်း အလိုက်သော် လည်းကောင်း အပစ်အခတ်ရပ်တာမျိုးတွေ ဖြစ်လာရင် ပိုပြီးတော့ အကျိုးရှိလာနိုင်ပါတယ်။ သေကျေပျက်စီးတာတွေ အများကြီး လျော့ပါးသွားနိုင်ပါတယ်။ အပစ်အခတ်ရပ်စဲရေးသာ တချို့ဒေသတွေ ရပ်လိုက်ရင်၊ ရွေးကောက်ပွဲက ဖြတ်သန်းသွားလိုက်ရင် ရွေးကောက်ပွဲပြီးလို့ ပေါ်လာတဲ့အခင်းအကျင်း ကိုလည်း ကြည့်ပေါ့။ အပစ်အခတ်ရပ်စဲရေးဆိုတာက အချိန်မရွေးလည်း ပြန်ပြီး ပစ်ခတ်နိုင်တယ်လေ။ ဒါကြောင့် စောင့်ကြည်လိုက်ရင် ရပါတယ်။ စောင့်ပြီးတော့ ရွေးကောက်ပွဲအလွန်မှာ ဖြစ်ပေါ်လာမယ့် အာဏာခွဲဝေမှုပေါ့၊ ဘယ် လိုဖြစ်လာမလဲ အဲဒီအခင်းအကျင်းကို ကြည့်ပြီးတော့မှ ရှေ့ဆက် တွေ့ဆုံဆွေးနွေးရေးတို့၊ နိုင်ငံရေးဆွေးနွေးပွဲတို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ ဆိုတာတွေကို ဆက်ဖော် ဆောင်သွားသင့်တယ်လို့ ယူဆပါတယ်။ အခြေခံကတော့ အပစ်အခတ်ရပ်စဲထားရင်တော့ ပိုကောင်းပါတယ်။
TREND ။ ။ ယာယီသမ္မတရဲ့ တရုတ်ခရီးစဉ်မှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့နဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒနဲ့ အိမ်နီးချင်း ဦးစားပေးရေး မူဝါဒများရဲ့ အရေးပါတဲ့မဏ္ဍိုင်တစ်ခု ဖြစ်တယ်။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ အလားအလာကောင်းတွေ နှစ်ဦးသဘောတူညီခဲ့ကြတယ်လို့ ဝန်ကြီးချုပ်မိုဒီက ပြောထားတာ ရှိပါတယ်။ ဒီအပေါ် သုံးသပ်ပေးပါဦး။
KOK ။ ။ အိန္ဒိယကတော့ မြန်မာပြည်ကို အရှေ့မျှော်ဝါဒအရ ဦးစားပေးတဲ့အဆင့်မှာ ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ အရွေ့၊ အိန္ဒိယရဲ့ ကုလားတန် စီမံကိန်း၊ ဖောက်လုပ်နေတဲ့ လမ်းတွေကို ထိုင်းအထိ ကိုသွားနိုင်ဖို့ အိန္ဒိယက မျှော်လင့်ပြီးတော့ သူ့ရဲ့ကုန်းတွင်းပိတ် ပြည်နယ်တွေအတွက် ထွက်ပေါက် ကို လုပ်ချင်တာပေါ့။ အဲဒါကလည်း မြန်မာပြည်နဲ့ တိုက်ရိုက် ကြီး ဆိုင်နေတော့ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲ မဲပေးတဲ့ စက်တွေပါကူညီမယ်။ နောက် လုပ်အား၊ ငွေအားပစ္စည်းအား ကူညီမယ်ဆိုတော့ ဒါက ဒီမိုကရေစီနိုင်ငံကြီး တစ် ခုအနေနဲ့ လက်ရှိအနေအထားထက်ကို အပြောင်းအလဲ ကြီးဖြစ်စေမယ့် ရွေးကောက်ပွဲကို အားပေးနေတယ်ဆိုတဲ့ သဘော။ ဒါကြောင့် ကျွန်တော်မြင်တာတော့ သူတို့က ဦး နှောက်ရှိပါတယ်၊ စဉ်းစားတတ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲဖြစ်နိုင်တဲ့ လမ်းစပေါ်နိုင်တဲ့ ရွေး ကောက်ပွဲကို အိန္ဒိယက အားပေးတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင်နေတဲ့ သူတွေအနေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက ဘာကို စဉ်းစားလဲဆိုတာကို ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ယူဆပါတယ်။ နိုင်ငံတကာခေါင်း ဆောင်တွေ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံ့ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခကို မကြိုက်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုးတွေက သူတို့ဆီ ရိုက်ခတ်တယ်လေ။ ထိုင်းဆိုရင် မြန်မာပြည် ပဋိပက္ခဖြစ်ပြီဆိုရင် သူ့ဆီပဲလာပြီးတော့ သွားခိုလှုံ ကြတာကိုး။ နောက်ပြီးတော့ အိန္ဒိယမှာလည်း ဒီလိုပါပဲ။ ချင်းပြည်နယ်ဘက်က၊ ရခိုင်ဘက်က စစ်ဘေး ဒုက္ခသည်တွေအားလုံးက ဘင်္ဂလားတို့၊ အိန္ဒိယတို့ဘက်မှာ သွားခိုလှုံကြတာကိုး။ အဲဒီလိုမျိုး မတည်ငြိမ်ဘူး။ ပြဿနာတွေရှိလာပြီ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိလာ ပြီဆိုရင် အဲဒီလို အိမ်နီးချင်းနိုင်ငံတွေကို သွားပြီး ရိုက်ခတ်တာပေါ့။ စဉ်းစားရတယ်၊ အကုန်အကျများမယ်၊ အချိန်ကုန်တယ်၊ အဲဒီပြဿနာကို ဖြေရှင်းနေရတာက အိမ်နီးနားချင်း နိုင်ငံတွေအတွက် အလုပ်ပိုတာပေါ့။ ဒါကြောင့် သူတို့ကလည်း တည်ငြိမ်အေးချမ်းရေးကို လိုလားကြတဲ့သဘောပါ။ ဒါကြောင့် လေးနှစ်ကျော်၊ ငါးနှစ် ပြည့်ခါနီးမှာ လက်ရှိအုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေက ရွေးကောက်ပွဲကို အစီအစဉ်တစ်ခု ထပ်လုပ်တယ်ဆိုတာကတော့ အပြောင်းအလဲတစ်ခုကို ဦးတည်နိုင်တဲ့ အလားအလာရှိတယ်လို့ တွက်ကြမှာပေါ့။ ရွေးကောက်ပွဲမလုပ်ရင် ဘာလုပ်မလဲ၊ ဒီအတိုင်း ဆက်လက်အုပ်ချုပ်သွားမလား၊ အဲဒါကလည်း လက်မခံနိုင်ကြတဲ့ အခြေအနေဖြစ်တာကိုး။ ဒါကြောင့် ရွေးကောက်ပွဲပုံစံကို ကြားထိုးပြီးတော့ အသွင်ကူးပြောင်းရေးကာလ ရွေးကောက်ပွဲလို့ နိုင်ငံရေးပါတီက ဦးကိုကိုကြီး ပြောနေတာကို ကျွန်တော်ထောက်ခံပါတယ်။ အဲဒီအတိုင်းပဲ ဖြစ်မယ်လို့ ယူဆပါတယ်။
TREND ။ ။ အသွင်ကူးပြောင်းရေးကာလ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ဘယ်လို ခန့်မှန်းသုံးသပ်မိလဲ။
KOK ။ ။ ကျွန်တော်တို့ တွက်တာကတော့ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို မှန်းလို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန်ကာလ၊ ဒေါ်အောင်ဆန်းစုကြည်ကာလ အရွေ့တစ်ခါ။ ဗိုလ်ချုပ်မှူးကြီးရယ်၊ ပါတီဥက္ကဋ္ဌ ဦးခင်ရီရယ်၊ အခုလက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောရယ် အဆိုပါ ပုဂ္ဂိုလ်တွေရဲ့ ရွေးကောက်ပွဲအလွန် အခင်းအကျင်းမှာ ဘယ်လိုလာမလဲ၊ ဘယ်လိုနေရာချ မလဲဆိုတာ ကျွန်တော်တို့ မှန်းလို့မရသေးဘူးဗျ။ မှန်းလို့မရသေးတော့ ကြိုပြောဖို့ ခက်ပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ ရွေးကောက်ပွဲအလွန် အခင်းအကျင်းက လက်ရှိအခင်းအကျင်းထက်တော့ အများကြီးကောင်း နိုင်တယ်လို့ ယူဆပါတယ်။ အများကြီး ကွာခြားနိုင်တယ်လို့ ယူဆပါတယ်။ လက်ရှိ အခင်းအကျင်းမှာတော့ တိုက်ခိုက်မှုတွေ ပျက်စီးမှုတွေက သိပ်များနေတဲ့အခါကျတော့ ဒါတွေကတော့ လက်မခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ရွေးကောက်ပွဲ အလွန်ဆိုရင် ဒီအခြေအနေမျိုး ဆက်မဖြစ်တော့ဘဲနဲ့ အပြောင်းအလဲလေး သက်သောင့်သက်သာများ ဖြစ်လာမလား မျှော်လင့်ရတာပေါ့ဗျာ။ အရွေ့တစ်ခုတော့ ဖြစ်နိုင်ပါတယ်၊ အဲဒီလိုယူဆပါတယ်။
TREND ။ ။ အပြောင်းအလဲ အရွေ့ဖြစ်စေမယ့် ရွေးကောက်ပွဲဖြစ်မြောက်ခဲ့ပြီဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေက ဆက်ရှိနေနိုင်လား၊ အားပျော့သွားနိုင်မလား၊ ဘယ်လိုအခြေအနေ ဖြစ်လာနိုင်လဲ။
KOK ။ ။ လက်နက်ကိုင်ပဋိပက္ခတွေကတော့ ချုပ်ငြိမ်းသွားမှာတော့ မဟုတ်သေးဘူး။ အားနည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ နှစ် ၇၀ မှာ ဘယ်အဖွဲ့မှ ချုပ်ငြိမ်းတာ ကျွန်တော်မတွေ့ဘူး။ ပွားလာတာပဲ ရှိမယ်။ အဖွဲ့တစ်ခုဟာ ငြိမ်သွားတယ်၊ ပျောက်သွားတယ်ဆိုတာ မရှိဘူး။ အဲဒါဆိုတော့ နိုင်ငံရေးအလှည့် အပြောင်းပဲ မူတည်တယ်။ အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်လာဖို့၊ ပစ်ခတ်ရပ်စဲရေးကနေပြီးတော့ ပြည်ထောင်စု တည်ဆောက်ရေးမှာ ဝိုင်းဝန်းပြီးတော့ပါလာဖို့၊ နောက်ပြီးတော့မြောက် ပိုင်းအဖွဲ့တွေလိုပေါ့။ မြောက်ပိုင်းအဖွဲ့တွေက သူတို့ရဲ့နိုင်ငံရေး အခွင့် အရေး၊ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ် ခွင့်လေး ရလာတဲ့အခါကျတော့ အပစ်အခတ်ရပ်စဲရေးကို နည်းနည်းသဘောတူလာတာ တွေ့ရတယ်။ အဲဒီလို မြောက်ပိုင်းကတော့ တရုတ်နယ်စပ်လည်း ဖြစ်တော့ တရုတ်ဖိအားနဲ့ အပစ်အခတ်ရပ်စဲရေးတွေ သဘော တူလာတာက ကောင်းတဲ့လက္ခဏာပါ။ အိန္ဒိယနယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း အဲဒီလို ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော်က မျှော်လင့်ပါတယ်။ အဲဒီလိုဖြစ်လာရင်တော့ ကျွန်တော်တို့က ပူးပေါင်းဆောင် ရွက်ရေးကို ပိုပြီးတော့ ဦးတည်နိုင်တာပေါ့။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကိုတော့ စောင့်ကြည့်သင့်တဲ့ လုပ်ငန်းတစ်ရပ်လို့တော့ ကျွန်တော် ပြောနိုင်ပါတယ်။
TREND ။ ။ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကရော ရွေးကောက်ပွဲကို စောင့်ကြည့်သင့်လား။
KOK ။ ။ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စောင့်ကြည့်သင့်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကို ဆန့်ကျင်နေတယ်ဆိုရင် သူတို့ဘာရမလဲ၊ လက်ရှိ အုပ်ချုပ်တဲ့သူက ရွေးကောက်ပွဲမလုပ်ဘဲနဲ့ နစကတို့၊ ကော်မရှင်တို့ အဲဒီလို လုပ်ပြီးတော့ ဆက်အုပ်ချုပ်လို့ ရနေတာပဲ။ အခုကတော့ ငါးနှစ်သက်တမ်း ရှိလာပြီ၊ ရွေးကောက်ပွဲကို ဆက်ဖော်ပြီ။ အကယ်၍ ရွေးကောက်ပွဲ မရှိဘူး၊ မလုပ်ဘူးဆိုရင် ငါးနှစ်၊ ၁၀ နှစ်၊ အနှစ် ၂၀ ဒီလိုပဲ လုပ်သွားတယ်ဆိုရင် ဘယ်လိုဖြစ်မလဲ၊ တိုင်းပြည်က။ အဲဒါကိုလည်း နိုင်ငံကြီးတွေက စိုးရိမ်တာနဲ့ တူပါတယ်။ ဒါကြောင့် ခပ်မြန်မြန် ဖြတ်ချင်တဲ့အတွက် ဒီငါးနှစ်နဲ့ ရွေးကောက်ပွဲပေါ်လာတာလို့ သုံးသပ်မိတယ်။ ဒါကို နားလည်မယ်ဆိုရင်တော့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ရလဒ်ကို စောင့်ကြည့်ပြီးမှ လှုပ်ရှားသင့်တယ်လို့ ယူဆပါတယ်။
TREND ။ ။ လက်ရှိအခြေအနေကတော့ KNU တို့၊ NUG တို့ အပါအဝင် ရွေးကောက်ပွဲ မလိုလားတဲ့၊ လက်မခံတဲ့ အနေအထားတွေ ရှိပါတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်မယ်၊ မပျက်ပျက်အောင် ဖျက်မယ်ဆိုပြီး ပြောနေတာတွေလည်း ရှိနေတော့ ဒီအပေါ် အမြင်သဘောထား ပြောပြပါဦး။
KOK ။ ။ အဲဒီပြောတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်က မေးချင်တာပါ။ ရွေးကောက်ပွဲကို ဖျက်ပြီးရင် ဘာလုပ်မလဲ၊ မေးချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုပ်ခဲ့သလို အုပ်ချုပ်တဲ့သူက ပုံစံတစ်မျိုးပြီး တစ်မျိုးပြောင်း အုပ်ချုပ်သွားရင်ရော ဘာဖြစ်မလဲ၊ နိုင်ငံကြီးတွေက သူ့ကို ထောက်ခံနေကြပြီ။ အဲဒါကိုလည်း သတိချပ်ဖို့လိုပါတယ်။ အဲဒါကြောင့် အပြောင်းအလဲတစ်ခုကို ကိုယ်ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး၊ အခြေအ နေအရ ပေးလာတာကိုလည်း လက်မခံဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီလိုပဲ နှစ်ဖက်ပဋိပက္ခကို ကြီးထွားအောင် လုပ်ပြီးတော့ ထွေ/အုပ်တို့၊ ရွေးကောက်ပွဲမှာ ပါဝင်ကူညီတဲ့သူတွေကို တစ်ဖက်က လိုက်သတ်မယ်၊ တစ်ဖက်ကလည်း ရွေးကောက်ပွဲကာကွယ်တဲ့ ဥပဒေနဲ့ တစ်ခါပြန်ရှင်းမယ်၊ လူသတ်ပွဲတွေပဲ လုပ်နေကြမယ်ဆိုရင် တိုင်းပြည်က ဘယ်ဘက်ကမှ နိုင်မှာလည်း မဟုတ်ဘူး။ ဘယ်ဘက်ကမှ ပြန်ကောင်းလာမှာ မဟုတ်ဘူး။ ဒါတော့ အတွေ့အကြုံအရ ကျွန်တော် ပြောရဲပါတယ်။ ဒါကြောင့် ညှိနှိုင်းဆွေးနွေးခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းက အကောင်းဆုံးပဲ။ အပေးအ ယူလုပ်ပြီးတော့ ဆွေးနွေးရင် အကောင်းဆုံးပဲလို့ ယူဆပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို မူအားဖြင့် ဆန့်ကျင်တယ်၊ တရားမဝင်ဘူး ပြောတာတွေက နိုင်ငံရေးအရ ဆန့်ကျင်တာက တော်သေးတယ်။
ရွေးကောက်ပွဲကို အကြမ်းဖက်ပြီးတော့ ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး သတ်ဖြတ်တာကတော့ သိပ်ပြီးတော့ ဘောင်မဝင်ဘူးဗျ။ ဒါက ရွေးကောက်ပွဲကို ထိခိုက်မှာလည်း မဟုတ်သလို လူတွေ သေကျေတာပဲ အဖတ်တင်လိမ့်မယ်ဗျ။
ဒါကြောင့် ရွေးကောက်ပွဲမှာပါတဲ့ နိုင်ငံရေးပါတီတို့၊ အမတ်လောင်းတို့ကို ရန်ရှာလို့ရှိရင် အဲဒီဟာ က ပိုပြီးတော့ ဆိုးရွားတဲ့ အခြေအနေမျိုး ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေက လုံး၀ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။
TREND ။ ။ ရွေးကောက်ပွဲဖြစ်မှာကို ဘာကြောင့် မလိုလားကြတာလဲ။
KOK ။ ။ ရွေးကောက်ပွဲ မလိုလားဘူးဆိုတာက ရွေးကောက်ပွဲပြီးလို့ ဖြစ်ပေါ်လာမယ့် အခင်းအကျင်းမှာ သူတို့ ရင်ဆိုင်တိုက်ခိုက်ဖို့ ပိုခက်ခဲသွားမယ်၊ အပြစ်တင်ရှုတ်ချဖို့ ပိုခက်သွားမယ်ဆိုတာကို စိုးရိမ်တာပါ။ အခုလို ခပ်ကြမ်းကြမ်းရမ်းရမ်း ဗုံးကြဲတာတို့၊ လက်နက်ကြီးပစ်တာတို့ လုပ်နေတာက ဆန့်ကျင်တဲ့သူတွေအတွက် ကောင်းတဲ့ လက္ခဏာလေ၊ တိုက်လို့ကောင်းတယ်၊ ပြောလို့ကောင်းမယ်။
အကယ်၍ ရွေးကောက်ပွဲပြီးလို့ အခင်းအကျင်းဟာ တရားဝင်မှုအရရော နိုင်ငံတကာပါဝင်မှုအရရော တစ်မျိုးဖြစ်သွားရင် ဆန့်ကျင်ဘက်အဖွဲ့တွေဘက်မှာ အကြောင်းပြချက် ကြီးကြီးပြစရာ နည်းသွားနိုင်တယ်လေ။ အခုက တိုက်ကြခိုက်ကြတယ်၊ လူတွေသေတယ်၊ ရွာတွေ ပျက်စီးတယ်၊ ပြောလို့ကောင်း တယ်လေ။ ရွေးကောက်ပွဲပြီးရင်တော့ ပြောလို့မကောင်းဘူး ဖြစ်သွားမယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရပ်မယ်၊ စစ်မှု ထမ်းကိစ္စလည်း ရပ်မယ်။ တစ်ခုခုပေါ့လေ၊ ပြဿနာတွေ ရပ်မယ်၊ စီးပွားရေးကလည်း ပြန်ကောင်းလာမယ်၊ လူထုကလည်း ပြန်ပြီး ချောင်လည်လာမယ်ဆိုရင် ဆန့်ကျင်တဲ့သူက ဘာကိစ္စဆန့် ကျင်လဲဆိုတာ အကြောင်းပြလို့ မရတော့ဘူးလေ။ ဒါကြောင့် သူက အကြောင်းပြလို့ကောင်းအောင် အခုလို ရမ်းနေတာ ကြမ်းနေတာကိုပဲ ဆန့်ကျင်ဘက်အဖွဲ့တွေအတွက် အကြောင်းပြချက် ဖြစ်နေတဲ့ အခါကျတော့ ရွေးကောက်ပွဲကိုပါ ရောပြီးတော့ ဆန့်ကျင်နေတာလို့ ယူဆပါတယ်။ ပဋိပက္ခဖြစ်လေ ကြိုက်လေ၊ တစ်ဖက်ကရမ်းလေ ဆန့်ကျင်ဘက်အဖွဲ့တွေအတွက် လက်ညှိုးထိုးလို့ ကောင်းလေပေါ့။ လူ့အခွင့်အရေး ဖောက်နေပါပြီ။ စစ်ရာဇဝတ်မှု ကျုးလွန်နေပါပြီ။ ကုလသမဂ္ဂမှာ သွားအော်လိုက်၊ ဟိုနိုင်ငံအော်လိုက်၊ ဒါပေမဲ့ ဘယ်သူမှ နားမထောင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက နှစ်ဖက်ရှိတာကိုး။ အဲဒီဗုံးကြဲတဲ့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့တွေက သိမ်းထားတဲ့ နေရာတွေ၊ အဲဒီနေရာကို သူသွားကြဲ တယ်ဆိုတာက သူ့ကို ဆန့်ကျင်တဲ့သူကို သူသွားပြီးတော့ တိုက်မှာပဲ။ အဲဒီလို လက်နက်ကိုင်ပဋိပက္ခ ဖြစ်တဲ့နေရာတွေမှာ မြေစာပင်ဖြစ်တာတော့ ပြည်သူတွေပေါ့။ ဒါကြောင့် မြေစာပင်တွေကို ကယ်တင်ဖို့၊ မြေစာပင်တွေရဲ့ အခက်အခဲကို နားလည်ဖို့ဆိုရင် ရွေးကောက်ပွဲပဲရှိတယ်။ မြေစာပင်တွေကို မသနားဘူး၊ မြေစာပင်ကိုပဲ ချနင်းမယ်ဆိုရင်လဲ နင်းကြပေါ့ဗျာ။ အဲဒီလိုမျိုးပဲ ကျွန်တော်ပြော ချင်တယ်။
TREND ။ ။ နိုင်ငံတော်အစိုးရက KNU ကို မတရားအသင်းအဖြစ် ကြေညာတယ်၊ အကြမ်းဖက်အုပ် စုအဖြစ် သတ်မှတ်ကြေညာလိုက်တဲ့အပေါ် NCA နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်သူ တစ်ဦးအနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်ချင်ပါလဲ။
KOK ။ ။ KNU က ၂၀၂၁ ထဲကိုက NCA က ထွက်သွားပြီ။ NCA ပျက်ပြီလို့လည်း ပြောတယ်။ နောက်တော့ လက်နက်ကိုင် တိုက်တာပေါ့။ NCA က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို NCA ပျက်ပြီဆိုပြီး ပြန်တိုက်တာပေါ့။ ပြန်တိုက်တာလည်း လေးနှစ်လောက်ရှိပြီ။ NCA ပျက်ပြီဆိုပြီးတော့ ပြန်တိုက်ပေမယ့် အစိုးရက ဘာမှမကြေညာဘူး။ အခုကြေညာလိုက်တာက ကျွန်တော်ကြည့်တာတော့ အခု သုံး၊ လေးလအတွင်းမှာ KNU က ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ပေါ်လစီ အကြမ်းစားတွေ Hard liner ? Hard line တွေ အကြီးအကျယ်ချတယ်။ ကြေညာချက်ထုတ်တယ်၊ အရေးယူမယ်ပြောတယ်။ အမျိုးမျိုးသော ရွေးကောက် ပွဲ ဆန့်ကျင်တဲ့ဟာကို KNU က သူ့ပေါ်လစီဖြစ်အောင် လုပ်ပြီးတော့ အမျိုးသားရေးဆိုတဲ့အမြင်တွေ ပါလာတယ်။ အစိုးရကလည်း ဒါက များသွားတယ်လို့ ယူဆမယ်ထင်တယ်။ ရွေးကောက်ပွဲကို ဆန့်ကျင် တယ်ဆိုတာကို KIO တို့လို ပါးပါးနပ်နပ် မပြောဘူး။ နောက်ပြီးတော့ NUG ဆိုရင် ဆန့်ကျင်ကြဆိုတာမျိုး စာထုတ်တယ်။ ဒါပေမဲ့ အရေးယူမယ် ဘာလုပ်မယ်ဆိုတာမျိုး သိပ်မပါဘူး။ ဒါပေမဲ့ KNU ထုတ်ပြန်တာ တွေက Hard line နည်းနည်း ဆန်တဲ့အခါကျတော့ သတိပေးတဲ့အနေနဲ့ မတရားအသင်းဖြစ်ခြင်းနဲ့ အကြမ်း ဖက်အဖွဲ့အစည်းဖြစ်ခြင်းကို ပြန်ပြီးတော့ ခေါင်းစဉ်တပ်လိုက်တာနဲ့ တူပါတယ်းကော။ ရွေက်ပွဲအပေါ်မှာ ထားတဲ့ ပေါ်လစီတွေကို ထောက်ပြချင်တဲ့အနေနဲ့ အဲဒီနှစ်ချက်ကို ပြန်လုပ်လိုက်တာနဲ့ တူပါတယ်။ အဲဒီလို သုံးသပ်မိပါတယ်။
TREND ။ ။ မတရားအသင်းအဖြစ်၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် KNU သတ်မှတ်ခံလိုက်ရပြီး နောက်ပိုင်း သက်ရောက်မှုက ဘာဖြစ်မလဲ၊ ဖြည့်စွက် ပြောကြားပေးပါဦး။
KOK ။ ။ သက်ရောက်မှုအနေနဲ့ကတော့ မတရားအသင်း ဖြစ်တဲ့အတွက် KNU နဲ့ ပတ်သက်ပြီးတော့ ပေါင်းသင်းဆက်ဆံတဲ့သူတွေ၊ သွားရောက်တွေ့ဆုံ ဆွေးနွေးတဲ့သူတွေ၊ မဟာမိတ်တွေ၊ ထိုင်းအရာရှိတွေ၊ KNU နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့သူတွေက ဥပဒေကြောင်းအရ ငြိစွန်းသွားတာပေါ့။ ဥပမာ ထိုင်းက ဗိုလ်ချုပ်တစ်ယောက်က KNU ကို သွားတွေ့ ဆွေးနွေးမယ်ဆိုရင် မတရားအသင်းနဲ့ ဆွေးနွေးတယ် ဆိုပြီး ပုဒ်မ ၁၇ (၁) မတရားအသင်းပုဒ်မနဲ့ ငြိသွားနိုင်တယ်။ တစ်ခုခုအ ရောင်းအဝယ်လုပ်တယ်ဆိုရင် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူလို့ရတာပေါ့။ ဒါကြောင့် အကြမ်းဖက်ဥပဒေတွေ၊ မတရားအသင်းဥပဒေတွေနဲ့ ထိန်းချုပ်လို့ ရသွား တာပေါ့။ အဲဒီလို သက်ရောက်မှု ရှိတယ်လို့ မြင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )