၂၀၂၄ ဇွန် ၂၇
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇွန် ၁၉၊ ၂၀ ရက်များတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲများတွင် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘော တူညီချက်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည်ဟု သုံးသပ်ယူဆရသည့် အဆိုပြုချက်များနှင့် ပတ်သက်၍ နှစ်ဖက်အဆိုပြုချက်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ရက်တာ ဆွေးနွေးပွဲ၌ နှစ်ဖက်ဆွေးနွေးချက်များအရ ရရှိလာသည့် သဘောထားများအား သဘော ထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြကြောင်း သိရသည်။ ယင်းအခြေအနေအပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေများနှင့်ပတ်သက်၍ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဌေးအောင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဆက်သွယ် မေးမြန်းခြင်း...
TREND ။ ။ NSPNC ကော်မတီနှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေလေး ဦးစွာပြောပြပါဦး။
UHA ။ ။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီများအစုအဖွဲ့က ပြင်ဆင်လိုတဲ့အချက်တွေ နောက် NSPNC ဘက်က ပြင်ဆင်လိုတဲ့အချက်တွေကို နှစ်ရက်တာ ဆွေးနွေးခဲ့ကြတာပါ။ ပြင်ဆင်လိုတဲ့ အချက်တွေကတော့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာဆိုရင် ကျွန်တော်တို့ နိုင်ငံရေးပါတီများအစုအဖွဲ့က တင်သွင်းတာက ဥပမာ ပုဒ်မ ၂၈၈ လို ဟာမျိုးပေါ့။ ဘာကြောင့် ပြင်ဆင်သင့်တယ်ဆိုတာမျိုး အကျိုးအကြောင်းလေးတွေနဲ့ တင်သွင်းကြတာပေါ့။ NSPNC ဘက်က တင်သွင်းတဲ့အချက်တွေကလည်း ဒီလိုပါပဲ။ ပြင်ဆင်လိုတဲ့ အချက်တွေကို တင်သွင်းကြတာပါ။ အသေးစိတ်ကတော့ ဘယ်လိုဆိုတာ ပြောလို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ သဘောတူထားတဲ့အချက်တွေဆိုတော့ အပြင်ကို ထုတ်ပြောလို့ မရသေးဘူး။ ပြင်ဆင်လိုတဲ့ အချက်တွေကို ဟိုဘက်က တင်သွင်းတယ်။ ဒီဘက်က တင်သွင်းတယ်၊ ညှိနှိုင်းဆွေးနွေးချက်တွေ သဘောတူညီမှု ယူကြတာပေါ့။
TREND ။ ။ ဒီနှစ်ရက်တာ တွေ့ဆုံမှုက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရတယ်။ တွေ့ဆုံမှုရဲ့ ရလဒ်အနေနဲ့ ဘာဖြစ်မလဲ။
UHA ။ ။ ကောင်းပါတယ်။ အခုလို တွေ့တာ။ ကျွန်တော်တို့ နိုင်ငံအတွက်ကို ကောင်းအောင် ဘယ်လိုတည်ဆောက်ကြမယ်။ ဒီဘက်က သဘောထားတွေ ဘယ်လိုရှိလာတယ်ဆိုတာ သိရတယ်။ ဆိုတော့ ကောင်းတဲ့ရလဒ်တွေ ထွက်ပါတယ်။ NSPNC ဘက်ကလည်း တော်တော်ပျော့ပျောင်းလာ တာတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာလေးတွေရှိတယ်။ အဲဒါကျတော့ နိုင်ငံအတွက် ပိုကောင်းတာပေါ့။ တချို့တွေက ပြောကြတယ်။ တံခါးပိတ်ပြီး သူတို့လိုချင်တာကို ပြောတယ်၊ ဆွေးနွေးခိုင်းတယ်ပေါ့။ အဲဒီလို မဟုတ်ပါဘူး။ NSPNC ဘက်ကလည်း အကုန်လုံး ပွင့်ပွင့်လင်းလင်း တွေ့ပြီးမှ ဆွေးနွေးခိုင်းတာပေါ့။ ဆွေးနွေးမှု အခြေအနေက ကောင်းတယ်။ ပြီးခဲ့တဲ့ကာလတွေထက်တောင်မှ အခုက ပိုလို့တောင် ကောင်းပါတယ်။ နိုင်ငံရေးပါတီများဘက်ကလည်း ဆွေးနွေးချက်တွေက ပိုပြီးတော့ ကောင်းလာပါတယ်။ လက်ရှိတိုင်းပြည်ရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေလေးတွေကိုလည်း နိုင်ငံရေးပါတီများဘက်က ပြောကြပါတယ်။ သူတို့ဘက်က လုပ်ပေးနိုင်တာရှိရင် လုပ်ပေးဖို့ပေါ့။ နယ်မြေအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာပေါ့။ ပါတီတွေက သူတို့နဲ့သက်ဆိုင်တဲ့ နယ်မြေတွင်းမှာ ဖြစ်နေတဲ့ ပြဿနာလေးတွေ ပြောကြ၊ ဆိုကြတာပေါ့။ NSPNC ဘက်ကလည်း ဟိုတုန်းက ခြေ/ဥပြင်ဆင် ရေးနဲ့ပတ်သက်ပြီး တပ်မတော်သားအစုအဖွဲ့က တင်သွင်းထားတဲ့ အချက်အ လက်တွေကို အဓိက ပြောသွားတာ ဖြစ်ပါတယ်။ အခုက ဟိုတစ်ခေါက် ဆွေးနွေးတာထက်ကို ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးကြတာတွေ ပိုတွေ့ရတယ်။ သူတို့ဘက်ကလည်း ဖွင့်ပေးတယ်။ အဓိကကတော့ နံပါတ်တစ် ပထမနေ့မှာ အာဂျင်ဒါ ညှိပေးတယ်။ ဒီဘက်က နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက် ထည့်ချင်တာ တွေကိုလည်း Agenda မှ ထည့်လို့ရတယ်။ ဘာတွေဆွေးနွေးချင်တယ်ဆိုတာ ပြောလို့ရတယ်။ ဒါက အပိတ်ဆွေးနွေးတာ မဟုတ်ဘူး၊ အဖွင့်ဆွေးနွေးတာပေါ့။ ဒါကြောင့် အခုဆွေးနွေးချက်တွေက ပိုပြီးတော့ကောင်းလာပါတယ်။ အဓိကကတော့ နိုင်ငံအ တွက်ကို ရှေးရှုပြီးတော့ ဆွေးနွေးကြတာပါ။

TREND ။ ။ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ဖွဲ့စည်းခဲ့တာနဲ့ လက်ရှိလေးဦးက ဦးဆောင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
UHA ။ ။ အခုက UPDJC (ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ)ရယ်လို့တော့ ခေါင်းစဉ်တပ်လို့ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ UPDJC ဆိုရင် UPDJC ရှိရမယ်။ UPDJC ကို တင်ပြရမယ်။ အဲဒါကို အသိအမှတ်ပြုရမယ်။ အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေ ရှိတယ်လေ။ အခုကျတော့ နိုင်ငံရေးပါတီ ၄၇ ပါတီရဲ့ကိုယ်စား အလုပ်အဖွဲ့ဆိုပြီးဖွဲ့တာပေါ့။ ဖွဲ့တယ်ဆိုတာကလည်း ဖွဲ့စည်းပုံအရဆိုရင်တော့ ဟိုတုန်းက UPDJC မှာ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်ပေါ့။ ဒုဥက္ကဋ္ဌ တစ်ယောက်၊ အတွင်းရေးမှူး တစ်ယောက် အဲဒီလိုမျိုး ထားတာရှိပါတယ်။ ကျွန်တော်တို့ ပြန်ဆွေးနွေးတဲ့အခါကျတော့ ကျွန်တော်တို့ထဲမှာလည်း ခေါင်းဆောင်ဖြစ်ထိုက်သူတွေ ရှိတဲ့အခါကျတော့ အားလုံးက လေးဦးကို ခေါင်းဆောင်အဖြစ် ထားလိုက်ကြတာပေါ့။ ဆန္ဒမဲလည်း မခွဲတော့ဘူး၊ ၁၆ ပါတီရဲ့ သဘောထား မှတ်ချက်ယူပြီးတော့မှ ခေါင်းဆောင်လေးဦးကို ပြန်ရွေးလိုက်တာပါ။ သူတို့ ခေါင်းဆောင်လေးဦးကို တွေ့ဆုံပွဲတစ်ကြိမ်သွားတိုင်း တစ်ဦးကို ခေါင်းဆောင်အဖြစ်ထားပြီး လှည့်သွားမှာပါ။ အခု ဒီတစ်ပတ် က USDP က ဒေါက်တာအောင်မြတ်ဦးက ခေါင်းဆောင်ဖြစ်တယ်။ နောက်တစ်ပတ်ကျရင်တော့ ပါတီမှတ်ပုံတင်ကျထားတဲ့ ဒေါက်တာအေးမောင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အဲဒီလိုမျိုး လှည့်ပြီးသွား မှာပါ။ အခုနောက်ပိုင်း နှစ်လ တစ်ကြိမ်တွေ့ဖို့တော့ အကြမ်းဖျင်းတော့ လျာထားကြတာပေါ့။ အဲဒီ ခေါင်းဆောင်လေးဦးကလည်း အလှည့်ကျ သွားကြမှာပါ။
TREND ။ ။ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေ တွေနဲ့ပတ်သက်ပြီး ပြောပြနိုင်သလောက် ပြောပြပါဦး။
UHA ။ ။ ကျွန်တော်တို့ နိုင်ငံရေးအရ ဘယ်လို အဖြေရှာကြမလဲဆိုတဲ့ တဖြည်းဖြည်း ချဉ်းကပ်နိုင်အောင်တော့ နိုင်ငံရေးပါတီများအစုအဖွဲ့က ကြိုး စားသွားမှာပါ။ အခုက နိုင်ငံရေးအခန်းတွေပျောက် နေတယ်။ နိုင်ငံရေးဘောင်တွေ ပျောက်နေတယ်ပေါ့။နိုင်ငံရေးဘောင်က ကျဉ်းသွားတာတောင် မဟုတ်ဘဲ၊ ပျောက်သွားသလို ဖြစ်နေတဲ့အခါကျတော့ ပြန်ပြီးတော့ ရှိလာပြီးမှ ကျယ်လာအောင်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံသားတိုင်း နိုင်ငံချစ်အောင်ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒါကို ဘယ်လိုလုပ် ကြမလဲဆိုတဲ့ အခန်းကဏ္ဍတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး ဘောင်ကျယ်အောင်တော့ နိုင်ငံရေး ပါတီတွေကနေပြီးတော့မှ အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။
TREND ။ ။ တိုင်းပြည် မတိုးတက်တာဟာ လက်နက်ကိုင်တွေ များနေတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
UHA ။ ။ လက်နက်ကိုင်ပြဿနာရှိတဲ့ နေရာတိုင်းကတော့ တိုးတက်မှုမရှိဘူး။ ဒါကတော့ ထုံးစံပါပဲ။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်ပေါ့။ တိုင်းရင်းသားလက်နက်ကိုင်ရယ်လို့တော့ ပြောလို့မရဘူး။အဲဒီ လက်နက်ကိုင်တွေက တိုင်းရင်းသားတွေကို ကိုယ်စားပြုလားဆိုတော့ ကိုယ်စား မပြုပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေပေမယ့်လည်း သူတို့လုပ်တာက သူတို့ ကိုယ်ကျိုးအတွက်ပဲလုပ်နေကြတာ။ မြန်မာပြည်မှာက လက်နက်ကိုင်တွေက ကိုယ်ကျိုးစီးပွား ရှာကြတာ များပါတယ်။ အမှန်တကယ်ကတော့ နိုင်ငံအတွက်ကို လုပ်ပေးကြမယ်၊ လူမျိုးအတွက် လုပ်ပေးကြမယ်ဆိုရင် ပြဿနာက ဒီလောက်အထိ ကြီး ထွားလာမှာ မဟုတ်ဘူး။ ပြည်သူတွေလည်း ဒီလောက်အထိ နစ်နာဆုံးရှုံးစရာမရှိပါဘူး။ အခုက လက်နက်ကိုင်ပြီးမှ တိုင်းရင်းသားလူမျိုးစုကို ဗန်းပြတယ်။ နောက်ပြီးတော့ ကိုယ်ကျိုးစီးပွားရှာကြတယ်။ ဒါကြောင့် တိုင်းပြည်က ဆင်းရဲတွင်းနက်လာ တာဖြစ်တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ဒီအတိုင်းပါပဲ။ လက်နက်ကိုင် ပြဿနာရှိတဲ့ နိုင်ငံတိုင်းက ဘယ်တော့မှ မတိုးတက်ပါဘူး။

TREND ။ ။ နိုင်ငံရေးဘောင် ပြန်ကျယ်လာအောင်၊ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်အောင် ဘယ်လို ဆက်သွားကြမလဲ။ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ကြသူတွေ အားလုံးက ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးပမ်း လုပ်ဆောင်သင့်လဲ။
UHA ။ ။ အဓိက နိုင်ငံရေးဘောင် ပြန်ကျယ်လာအောင်ဖို့က လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းမှ ဖြစ်မှာ။ လက်နက်ကိုင် ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊ ဘယ်လို ချုပ်ငြိမ်းအောင် လုပ်ကြမလဲ။ အခု ပြည်သူတွေ ဘယ်လိုဒုက္ခ ရောက်နေတယ်။ နောက်လက်နက်ကိုင်ပြဿနာအတွင်းမှာ နိုင်ငံတော်က ဘယ်လောက်နစ်နာနေသလဲဆိုတာ လုပ်ပြီးမှ ဘယ်လိုလမ်းကြောင်းကနေ သွားမလဲဆိုတာ အဖြေရှာကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလုပ်နေတဲ့ လုပ်ငန်းစဉ်ကလည်း အဲဒီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့ ကြိုးစားနေတာပါ။ အခု ပထမအကြိမ် တွေ့ဆုံတဲ့အခါကျတော့ ဖြစ်သင့် ဖြစ်ထိုက်တာလေးတွေ၊ လုပ်သင့်လုပ် ထိုက်တာလေးတွေကို ပြောဆိုဆွေးနွေးခဲ့ကြတာပေါ့။ သူတို့ ဘက်ကလည်း ဆွေးနွေးချက်တွေ ရှိပါတယ်။ အဓိကကတော့ ကျွန်တော်တို့က ဆွေးနွေးချက်တွေကို အပြင်မပေါက်ကြားဖို့ တာဝန်ရှိတယ်။ ဆွေးနွေးနေဆဲ အခြေအနေမှာ ဒါတွေက ပေါက်ကြားတာမျိုးလည်း မဖြစ်သင့်ဘူးပေါ့။ မပြီးခင် ပေါက်ကြားသွားရင်လည်း မကောင်းဘူးလေ။ အဲဒီတော့ နိုင်ငံရေး ဘောင်ကျယ်လာအောင် ကျွန်တော်တို့ နိုင်ငံရေးသမားတွေ စွန့်စားရပါမယ်။ မစွန့်စားလို့မရပါဘူး။ ဘာလို့လဲဆိုတော့ လက်နက်ကိုင်ပြဿနာဟာ တစ်နိုင်ငံလုံး ဒုက္ခခံစားနေကြရပြီလေ။ ဒီလို ဒုက္ခခံစားနေကြရတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမှ ဒီလိုဒုက္ခတွေရောက်မှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုး စားရမယ်၊ စည်းရုံးရမှာပေါ့ဗျာ။ အချိန်တော့ ယူရမှာပေါ့။
TREND ။ ။ နိုင်ငံရေးဘောင်ကျယ်လာအောင် နိုင်ငံရေးသမားတွေက စွန့်စားရမယ်ဆိုတော့ ဘယ်လို နည်းလမ်းတွေနဲ့ ဒါကို အကောင်အထည်ဖော်နိုင်မလဲ။
UHA ။ ။ ကျွန်တော်တို့နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေမှာပေါ့၊ ဥပမာဆိုရင် နိုင်ငံရေး ပါတီတွေကို UEC က ကန့်သတ်ထားတာလေးတွေရှိတယ်။ နိုင်ငံတကာသံရုံးတွေနဲ့ တွေ့ဖို့ဆိုတဲ့ ကိစ္စပေါ့။အဲဒါလေးတွေလည်း ဖြေလျှော့ပေးသင့်တယ်ဆိုတဲ့ ကဏ္ဍလေး တွေကိုလည်း ပြောကြတယ်။ နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံရေးပါတီတွေအနေနဲ့ လူထုကြားထဲမှာ နိုင်ငံရေးဟောပြောပွဲ တွေ ဖြစ်လာနိုင်အောင် ဆောင်ရွက်ချင်တယ်။ အဲဒီကဏ္ဍလေးတွေ လုပ်လာနိုင် ပြီဆိုတော့ တဖြည်း ဖြည်းနဲ့ လူထုသဘောပေါက်လာရင် နိုင်ငံရေးဘောင်က ပြန်ကျယ်လာမှာပေါ့။ အခုက ပုဂ္ဂိုလ်ရေးအ မုန်းတရားနဲ့ နိုင်ငံကြီးကို ဖျက်ဆီးသလိုဖြစ်နေတာ။ နိုင်ငံကို မချစ်ကြဘူး။ လူပုဂ္ဂိုလ်ကိုပဲ ချစ်ကြတယ် ဆိုတဲ့သဘောတရားလို ဖြစ်နေကြတာပေါ့။ အဲဒီမှာ နိုင်ငံကိုချစ်တတ်အောင် ကျွန်တော်တို့က နိုင်ငံရေးသမားတွေက ပြောပေး၊ ဆိုပေးရမှာ။ အဲဒီအတွက်ကို နိုင်ငံရေး ဟောပြောပွဲတွေ လိုအပ်တာပေါ့။ ဟောပြောပွဲတွေ ဆိုရင်တော့ သက်ဆိုင်ရာရဲ့ခွင့်ပြုချက်၊ UEC ရဲ့ ခွင့်ပြုချက်တွေလိုမှာပေါ့။ ကျွန်တော်တို့ စဉ်းစားထားတာက ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့ပေါ့။ အလွှာပေါင်းစုံပါဝင်တဲ့ ပညာရှင်တွေပါမယ်၊ အနုပညာရှင်တွေလည်းပါမယ်၊ နိုင်ငံရေးသမားတွေလည်းပါမယ်။ အဲဒီလိုမျိုးစုဖွဲ့ပြီး ကော်မတီလေး တစ်ခုဖွဲ့ပြီးတော့မှ နိုင်ငံရေးဟောပြော ပွဲလေးလုပ်ပေးနိုင်ရင် ပိုကောင်းလိမ့်မယ်လို့ လူထုကြားထဲမှာ မျှော်လင့်ထားတာပေါ့။ အဲဒီအချက်ကိုလည်း ဆွေးနွေးဖြစ်ပါတယ်။ သူတို့ကလည်း အဲဒီအချက်ကို သဘောကျပါတယ်။ ဒါပေမဲ့ ဒီလိုကြားထဲမှာ ဟောပြောဖို့ဆိုတာက အချိန်အခါကြည့်ပြီး ပြောကြဆိုကြ ရမယ့်ကိစ္စပေါ့။ အခုက လက်နက်ကိုင်ထားတဲ့သူတွေက အမုန်းတရားပဲရှိနေတာလေ။ နေရာတိုင်းမှာက လုပ်ကြံလို့ ရနေတဲ့အခြေအနေဆိုတော့ အဲဒီလိုနိုင်ငံရေးဟောပြောပွဲ လုပ်နေတယ်ဆိုတာသိရင်၊ လာလုပ်ကြံသွားတယ်ဆိုရင်လည်း လူထုကြောက်သွားတယ်ဆိုရင် နိုင်ငံရေးက နောက်ပြန်ဆုတ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က သတိထားပြီးမှ လှုပ်ရှားရမယ့် အတိုင်း အတာပေါ့။
TREND ။ ။ လက်ရှိ စစ်ရေးပဋိပက္ခ၊ စစ်ဘောင်ကျယ်နေတဲ့ အပေါ်ကိုရော ဘယ်လိုသုံးသပ်မိလဲ။
UHA ။ ။ စစ်ဘောင်ကျယ်နေတယ်။ ဒီစစ်ဘောင်က အမုန်းတရားနောက်ကွယ်မှာ လူငယ်တွေကို အသုံးချပြီးမှ လက်နက်ကိုင် ခေါင်းဆောင်ပိုင်းတွေက ကိုယ်ကျိုးစီးပွားရှာနေတဲ့အခါကျတော့ သူတို့ အကျိုးစီးပွား ဖြစ်ထွန်းနေတာကိုး။ အဲဒီတော့ စစ်ဘောင်က ကျယ်သည်ထက် ကျယ်နေတာပေါ့။ နေ့စဉ်တက်လာတဲ့ သတင်းဓာတ်ပုံတွေအရ အခုတိုက်ပွဲတွေရှိသမျှ အားလုံးမှာက ရှေ့တန်းမှာသေနေ တာတွေက လူငယ်တွေလေ။နောက်ကွယ်က အကျိုးစီးပွားဖြစ်ထွန်းနေတာက လက်နက်ကိုင်ခေါင်း ဆောင်တွေချည်းပဲ။ လူငယ်တွေကတော့ အသုံးချခံဖို့အတွက် ရှေ့တန်းမှာ သေနေကြရတာပေါ့။ တိုက်ပွဲတစ်ပွဲဖြစ်ပြီဆိုရင် ရှေ့မှာ သေနေကြတာတွေက လူငယ်တွေချည်းပဲ။ နောက်ပြီး အခုတိုင်းရင်း သားခေါင်းဆောင်တွေ ကြည့်လိုက်လေ၊ အသက်(၇၀)ကျော်လည်း ပင်စင်မသွားသေးဘူး၊ (၈၀) ကျော်လည်း ပင်စင်မသွားသေးဘူး။ သေတဲ့အထိပဲ ခေါင်းဆောင်လုပ်နေကြတာ။ KNU မှာတော့ အဘိုးမူတူးစေးဖိုးတို့ အနားယူသွားတာရှိတယ်။ ပြန်လည်ရွေးချယ်ရေးတွေ လုပ်တာတွေ့ရတယ်။ တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ကြည့်ကြည့်ပါ။ အသက်(၈၀)ကျော်လည်း မနားသေးဘူး။အဲဒါက သူတို့အတွက် အကျိုးစီးပွား ဖြစ်နေတဲ့အခါကျတော့ သေနတ်ကို အသေဆုတ် ကိုင်ထားကြတယ်။ နောက်ပြီးတော့ အခု ဝမ်းနည်းစရာကောင်းတာက တိုက်ပွဲမှာ ကျဆုံးသွားတဲ့ လူငယ်လေးတွေရဲ့ခန္ဓာကိုယ်မှာ တော်တော်များများမှာ ဆေးပြားတွေပါနေတာ တော်တော်လေး ဆိုးတယ်ဗျ။ သူတို့ခန္ဓာကိုယ်မှာ ဆေးပြားတွေပါ ပါနေတယ်။ အဲဒါက တော်တော်ဆိုးတယ်။ ဆေးကျွေး ခိုင်းတယ်ဆိုတာက တိရစ္ဆာန်ကိုခိုင်းတာနဲ့ တူနေတယ်။ အဲဒါက တွေ့ရှိချက်တွေပေါ့။ သူတို့အဖွဲ့အစည်းရပ်တည်ဖို့က တခြားမြေပေါ်မြေအောက် သယံဇာတ ထုတ်ရောင်းတာရှိတယ်။ ပြီးတော့ အခွန်အတုတ်တွေကောက်ပြီး လုပ်တာရှိတယ်။ အခု မူးယစ်ဆေးဝါး ကိစ္စဆိုတာက လည်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ လူငယ်တွေရဲ့ ခန္ဓာကိုယ် တော်တော်များများမှာ ဆေးပြားတွေ တွေ့နေတယ်ဆိုတဲ့ သတင်းလေးပို့လာလို့ ပြောပြတာပါ။ လက်တွေ့ ကြုံခဲ့တဲ့သူတွေ ပြောပြချက်အရ သိရတာပေါ့။ အခု သေနေတာတွေကလည်း သောက်သောက်လဲဆိုတော့ စိတ် မကောင်းဘူးပေါ့။ ဒါကြောင့် လူငယ်တွေတော်တော် များများ နိုင်ငံရေးနားလည်သွားကြပြီဆိုရင်တော့ ဒါမျိုးတွေကို လူငယ်တွေ သိမြင်လာကြမယ်။ အဓိက နိုင်ငံချစ်တတ်အောင်ပေါ့။ နိုင်ငံချစ်တတ်အောင် ကြိုးစားရပါ လိမ့်မယ်။ နိုင်ငံကို ချစ်သွားပြီဆိုရင် လူငယ်တွေက အခု ငါ ဒီအလုပ်လုပ်လိုက်ရင် ငါ့နိုင်ငံနစ်နာမယ်၊ အဲဒီလို နစ်နာမယ်ဆိုရင် မလုပ်ဘူးဆိုတဲ့ ခံယူချက်၊ အတွေးအခေါ်တွေ ရှိသွားပြီဆိုရင်တော့ နိုင်ငံတိုးတက်လာ မှာပါ။ နိုင်ငံသားတိုင်းဟာ နိုင်ငံချင်စိတ်ရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် စစ်ဘောင်ကျဉ်းအောင် ကတော့ နိုင်ငံရေးဘောင်ကျယ်လာအောင် ကြိုးစားရမှာပေါ့။ ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ရဲ့သားနဲ့ အာဃတတရားတွေ တော်တော်လေး ကြီးနေကြတယ်။ အဲဒီအခါကျတော့ ဒီအာ ဃတတရားတွေနဲ့ အမုန်းတရားတွေ ပြေပျောက်အောင် အဓိကပြောကြဆိုကြရမှာပေါ့။ အမုန်းတရား ပြေပျောက်သွားရင်တော့ စစ်ဘောင်က ကျဉ်းသွားမှာပေါ့။
TREND ။ ။ လက်နက်ကိုင်အဖွဲ့တွေ မြို့တွေ တိုက်ခိုက်ပြီး သိမ်းတယ်၊ ထိန်းတယ်ဆိုတဲ့ အခြေအနေ တွေနဲ့ပတ်သက်ပြီး ဘယ်လိုလေ့လာသုံးသပ်မိလဲ။
UHA ။ ။ အခုက အုပ်ချုပ်ရေးကဏ္ဍတွေမှာ ပြဿနာတက်နေကြတယ်လေ။ စစ်တိုက်လို့ တစ်ပတ်တည်းနဲ့ နိုင်ရင်နိုင်သွားမယ်။ တစ်လတည်းနဲ့နိုင်ရင် နိုင်သွားမယ်။ ဒီတိုင်းပြည်ကို အုပ်ချုပ်ဖို့ အင်မတန်ခက်ခဲပါတယ်။ ဥပမာပြောရရင် အာဖဂန်လိုပေါ့။ အမေရိကန်တိုက်လိုက်တာ ဘယ် လောက်မှမကြာဘူး။ ဒါပေမဲ့ နှစ်ပေါင်း ၂၀ သူအုပ်ချုပ်တာ အုပ်ချုပ်လို့မရဘူး။ အီရတ်လည်း အမေရိ ကန်တိုက်လိုက်တာ ခဏလေးပဲ။ တစ်လတောင်မကြာဘူး။ အီရတ်လည်း ဒီနေ့အထိ မငြိမ်သေးဘူးလေ။ အခုလည်း ဒီလိုပဲ ကိုးကန့်တို့၊ ပလောင်တို့ သူတို့ဒေသကို စစ်တိုက်လို့နိုင်သွားတယ်။ ဒါပေမဲ့ အဲဒီ ဒေသကို သူတို့ တည်ငြိမ်အောင် အုပ်ချုပ်ဖို့ခက်ခဲပါလိမ့်မယ်။ အဲဒီမှာ လူမျိုးရေးပြဿနာတွေ ပေါ်လာနိုင်တယ်။ အဲဒီတော့ စစ်တိုက်ရတာလွယ်တယ်။ အုပ်ချုပ်ရတာ အင်မတန်ခက်ခဲပါတယ်။ ရုပ်သံတစ်ခုကြည့်လိုက်ရတယ်။ KIA နဲ့ ပလောင်တို့ နယ်မြေလုတဲ့ ကိစ္စစကားများကြတာ တွေ့ရတယ်။ ဒါကတော့ ဖြစ်လာမှာပဲ။ "လက်နက် ကိုင်အဖွဲ့တွေက လက်နက်နဲ့တိုက်ရင် နယ်မြေချဲ့ထွင်လို့ ရတယ်ဆိုတဲ့ ခံယူချက်တွေရှိနေတော့ သူတို့အချင်းချင်းလည်း သေနတ်နဲ့ ဖြေရှင်းကြမှာပဲ။ နဂိုကတည်းက သေနတ်နဲ့ ဖြေရှင်းပြီး နယ်မြေချဲ့လာကြတဲ့သူတွေလေ။ နယ်မြေ အာဏာနဲ့ပတ်သက်လာရင်၊ ပိုင်ဆိုင်မှုနဲ့ပတ် သက်ရင် ရန်သူတွေဖြစ်လာကြတာပေါ့။ အဲဒီတော့ ဘယ်လိုမှ ငြိမ်းချမ်းမှာမဟုတ်ဘူး။ အခုကိုးကန့်တို့၊ ပလောင်တို့မြို့တွေ သိမ်းတယ်ဆိုတာ ရှစ်လကျော်လာပြီလေ။ ဒီနေ့အထိ အုပ်ချုပ်ရေး ယန္တရား ကောင်းကောင်း မဖော်ဆောင်နိုင်သေးဘူး။ နယ်မြေတည်ငြိမ်အောင် မတည်ဆောက်နိုင်သေးဘူး။ ဒါကြောင့် စစ်ပွဲသာ နိုင်အောင်တိုက်နိုင်ပေမယ့် အုပ်ချုပ်ဖို့က အရမ်းခက်ခဲပါတယ်လို့ ပြောတာ။ အခုကတော့ လူထုက တော်တော်ဒုက္ခရောက်နေလို့ သူတို့ကို မုန်းလာကြပါပြီ။ ဒီရက်ပိုင်းပဲ သတင်းတစ်ခု ကြည့်လိုက်ရတယ်။ ရွာတစ်ရွာမှာ ပလောင်တပ်က အခြေချမယ်ဆိုတော့ ရွာကလူတွေက ဆန္ဒပြကြတယ်။ ဒါက တော်တော် သတ္တိကောင်းတယ်လို့ ပြောရမယ်။ လက်နက်တွေကိုင်ပြီး ကားတွေနဲ့ ပလောင်စစ်သားတွေ ရွာထဲဝင်လာလို့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြကြတာ။ ရွာနာမည်တော့ သေချာမသိရဘူး။ သူတို့ရွာက ပလောင်တပ်ကို လက်မခံဘူး၊ ရွာကို မလာစေချင်လို့ ဆန္ဒပြကြတာပေါ့။ သူတို့လာတော့ စစ်ဖြစ်မယ်ဆိုတာသိတော့ ရွာသားတွေက မလိုချင်ဘူးလေ။စစ်ဖြစ် ရင် ရွာပဲနာတာလေ။ အခု ဖြစ်နေတာက ရွာမှာ စစ်ဖြစ်ရင် ရွာပဲနာတာလေ။ အဲဒီ အိုးအိမ်တွေဖြစ်အောင် ပြည် သူတွေက ဘယ်လောက်ကြိုးစားခဲ့ရလဲ။ စီးပွားရေး အဆင်မပြေဘူးဆိုရင် အိမ်တစ်လုံးဖြစ်အောင် ဆောက်ဖို့က ၁၀ နှစ်လောက်ကြာလည်းဖြစ်ချင်မှ ဖြစ်တာလေ။ ပျက်စီးသွားတော့ ခဏလေးနဲ့ ပျက်စီးသွားတာ။
TREND ။ ။ ကချင်ပြည်နယ် ဒေသတွင်းအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်း မှုတွေနဲ့ပတ်သက်ပြီးရော ဘယ်လိုအနေအထား လေ့လာတွေ့ရှိရလဲ။
UHA ။ ။ အခုဗန်းမော်ခရိုင်၊ မြစ်ကြီးနား ခရိုင်တို့ဘက်မှာတော့ တိုက်ပွဲတွေ တော်တော်များများ ဖြစ်နေတယ်။ ဒါကတော့ သူတို့ စစ်ပွဲဖြစ်ရတဲ့ အကြောင်းရင်းကလည်း KIA ဘက်ကပြောတော့ တပ်မတော်ကို အပြုတ်တိုက်နေတာပေါ့။ ဒါပေမဲ့ အပြုတ်တိုက်လို့ မရပါဘူး။ မြို့ရွာကျေရုံကလွဲလို့ အပြုတ်တိုက်လို့မရပါဘူး။ နောက်ပိုင်းမှာ ဒါတွေက ဆွေးနွေးညှိနှိုင်းမှုနဲ့ပဲ အဖြေရှာသွားရမှာပါ။ အခုက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်လိုက်တယ်။ အကုန်ဒုက္ခရောက်ကုန်တယ်။ ဘယ်သူ့ အတွက်မှလည်း အကျိုးမရှိဘူး။ နိုင်ငံအတွက်လည်း အကျိုးမရှိဘူး။ ဟိုဘက်ကလည်း အကျိုးမရှိဘူး။ အခု ချင်းရွှေဟော်ဂိတ်တွေ ပိတ်သွားတယ်၊ နမ့်ခမ်းလမ်းတွေ ပိတ်သွားတယ်။ တရုတ်နယ်စပ်ဂိတ်တွေ ပိတ် သွားတယ်၊ တီးတိန်လမ်းတွေ ပိတ်သွားတယ်။ အားလုံး ဟိုဘက်ဒီဘက် ဒုက္ခရောက်ကြတာပေါ့။ ပလက်၀ လမ်းကြောင်း ပိတ်သွားတယ်ဆိုရင် ရခိုင်တွေပိုပြီး ဒုက္ခရောက်တယ်။ နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းတွေ သူတို့လိုက်တိုက်ပြီးမှ သိမ်းနေတာ။ ကချင်ပြည်နယ် မှာဆိုရင် နယ်စပ်ဂိတ်တွေ အကုန်လုံးက KIA က ထိန်းထားတာ။ ကန်ပိုက်တီးဂိတ်ရော၊ လွယ်ဂျယ်ဂိတ်ရော နယ်စပ်ဂိတ်တွေ ပိတ်သွားတော့ သူတို့ အကျိုးရှိလားဆိုတော့ သူတို့လည်း အကျိုးမရှိဘူး။ ကုန်စည်စီးဆင်းမှု ပျက်စီးသွားတာပဲ ရှိတယ်။ ကုန်ဈေးနှုန်းတက်တယ်ဆိုတာ အဲဒီကိစ္စတွေ အများကြီးပါတယ်။
TREND ။ ။ လက်နက်ကိုင်ပြဿနာတွေ၊ ပဋိပက္ခတွေ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့နဲ့ နိုင်ငံရေးဘောင် ပြန်ကျယ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါဦး။
UHA ။ ။ အခု လက်နက်ကိုင်တော်လှန်နေ တဲ့သူတွေက သူတို့ရဲ့ခံယူချက်က အာဏာရှင် အစိုးရ ပြတ်ကျရေးဆိုတဲ့ ခံယူချက်နဲ့သူတို့က တိုက်နေတာပေါ့။ ဆိုတော့ နိုင်ငံတကာမှာ တော်လှန်ရေး အောင်မြင်တဲ့ နိုင်ငံတွေကို ပြန်ကြည့်ပြီး သုံးသပ်ရရင် ခေါင်းဆောင်မှု အောက်မှာ တစ်ခုတည်းလုပ်ပြီးမှ ညီညွတ်ပြီးတိုက်လို့ အောင်မြင်တာပေါ့။ ဥပမာတရုတ်၊ တရုတ်က မော်စီတုံးက ချန်ကေရှိတ်ကို တိုက်လို့ အောင်မြင်သွားတယ်။ ဒါလူထုထောက်ခံမှု အပြည့်ရတာလေ။ လူထုထောက်ခံမှုရအောင် မော်စီတုံးက စည်းရုံးခဲ့တယ်။ သူ့ပါတီမူဝါဒကို ကောင်းကောင်း ချမှတ်နိုင်ခဲ့တယ်။ အဲဒီလိုမျိုးနဲ့ သူ့တော်လှန်ရေးတစ်ရပ်ကို အောင်မြင်အောင် သူကြိုးစားခဲ့တာပေါ့။ နောက် ကျူးဘားကို ပြန်ကြည့် မယ်ဆိုရင်လည်း လူထုထောက်ခံမှု အပြည့်ရအောင် လုပ်ပြီးမှ သူအောင်မြင်လာတာ တွေ့ရတယ်။ ယနေ့ အာဏာရှင်ကို တိုက်ပါတယ်ဆိုတဲ့ လက်နက်ကိုင်တွေက သူတစ်လူငါတစ်မင်းနဲ့ ပြည်သူကို နှိပ်စက်ဖို့ပဲ ဖြစ်နေကြတယ်။ ပြည်သူထောက်ခံမှုရဖို့ မပြောနဲ့ပေါ့။ နောက်တစ်ခါ သူတို့ပေါင်းရတဲ့ ပြည်သူရဲ့ထောက်ခံမှုသာ ရကောင်းရလိမ့်မယ်၊ တကယ့်ပြည်သူ့အစစ်အမှန်တွေ၊ ရိုးသားတဲ့ ပြည်သူ တွေရဲ့ ထောက်ခံမှုတော့ သူတို့ ဘယ်တော့မှ ရလာမှာမဟုတ်ဘူးလို့ သုံးသပ်ချင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )