သင်္ကြန်မိုးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နောက် ၁၀ နှစ်၊ အနှစ် ၁၀၀ လည်း ပြောလို့မကုန်ပါဘူး ဟု ပြောကြားသည့် အဆိုတော် မေရွက်ဝါနှင့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးနှင့်ပတ်သက်၍ အမှတ်တရ မေးမြန်းမှု

  ၂၀၂၄ ဧပြီ ၁၁

 "သင်္ကြန်မိုးကို အလားတူရိုက်နိုင်ကြလားဆိုတော့ မရိုက်နိုင်ကြဘူး။ အလားတူ သီချင်းတွေကလည်း နောက်ဆယ်ချီ၊ ရာချီပြီးတော့လည်း အောင်မြင်နေဆဲ၊ အောင်မြင်နေဦးမှာပဲ။ ဒီလိုသီချင်းတွေကို ကျော်ပြီးတော့ သင်္ကြန်သီချင်းတွေထပ်ပြီး အောင်မြင်ဖို့ကလည်း အိပ်မက်လို့ ပြောချင်ပါတယ်။ တကယ်လည်း ကောင်းခဲ့ပြီး တကယ်လည်း အနှစ်သာရရှိတဲ့ သီချင်းတွေပါ။ ဒါကြောင့် သင်္ကြန်မိုးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နောက် ၁၀ နှစ်၊ အနှစ် ၁၀၀ လည်း ပြောလို့မကုန်ပါဘူး"ဟု ပြောကြားသည့် အဆိုတော် မေရွက်ဝါနှင့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးနှင့်ပတ်သက်၍ အမှတ်တရ မေးမြန်း မှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND ။        ။ သင်္ကြန်မိုး ရုပ်ရှင်ကားကြီးထဲမှာ ကိုယ်တိုင်ပါဝင်ပြီး သရုပ်ဆောင်တာလည်း ဖြစ်တဲ့အတွက် ဒီဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး အမှတ်တရစကားလေး ပြောပေးပါဦး။
MYW   ။        ။
သင်္ကြန်မိုးနဲ့ပတ်သက်ပြီး ရုပ်ရှင်ကလည်း အထိုက်အလျောက် အရမ်းကောင်းတဲ့ ရုပ်ရှင် ဖြစ်သွားတယ်။ ဂန္ထဝင်စံတင်လောက်တဲ့ကား ဖြစ်တဲ့အတွက် အန်တီတို့က အသက်အရွယ်အရ ပျောက်ကွယ်သွားပြီးတော့ နောင်လာနောက်သားတွေ၊ နောက်နှစ်ပေါင်း ဆယ်ချီ၊ ရာချီအထိက ဒီကားကြီးက ရှိနေဦးမှာပဲ။ အဲ့ဒီအတွက်လည်း သင်္ကြန်မိုးမှာ ပါဝင်တဲ့ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေ အကုန်လုံးကိုလည်း ကိုယ်က လေးလည်း လေးစားတယ်။ အားလုံးအတွက်ကို သူတို့နည်းတူ ဂုဏ်ယူမိပါတယ်။
    အဲဒီချိန်တွေတုန်းက သီဆိုမှုက ကိုယ့်ကို ပရိသတ်က လက်ခံနေတာ ဖြစ်တဲ့အတွက်ကြောင့် ရိုက်ကူးနေတဲ့အချိန်မှာ ကိုယ့်ရဲ့မျက်နှာကို ထွက်ပြလို့မရဘူး။ မျက်နှာထွက်ပြတာနဲ့ အောက်က ပရိသတ်တွေက အန်တီ့ကို သီချင်းတွေ တောင်းဆိုကြတယ်။ အန်တီတို့က ရိုက်ကူးတဲ့အခါမှာ ညဘက်တွေလည်း ရိုက်ရတယ်။ အဲဒီလို ညဘက်ရိုက်ရင် သိုသိုသိပ်သိပ် နေရတယ်။ ပရိသတ်တွေ့လိုက်တာနဲ့ အောက်စီဂျင် ဆိုပါတို့၊ ကိုကို ကောလိပ်ဂျင် ဆိုပါတို့၊ မီးရထား မေရွက်ဝါ ဆိုပါတို့ တောင်းဆိုကြတာ။ သင်္ကြန်မိုး မရိုက်ခင် တစ်နှစ်၊ နှစ်နှစ် လောက်က မန္တလေးမှာ အောက်စီဂျင် တေးစီးရီးနဲ့ အောင်မြင်ထားတာလေ။ ကိုယ့်မျက်နှာမြင်တာနဲ့ ရှူတင်ရိုက်ကွင်းဆိုတာကို မေ့ထားပြီး အောက်ကနေ သီချင်းတောင်းဆိုကြတယ်။ အဲ့ဒါတွေကတော့ ဘဝရဲ့အမှတ်တရတွေ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတွေ၊ အတွေ့အကြုံတွေက ရယ်ဖို့လည်း ကောင်းတယ်၊ ပျော်ဖို့လည်း ကောင်းတယ်။ ဒီလိုအဖြစ်အပျက်၊ အတွေ့အကြုံက ဒီဘက်ခေတ်မှာ ပြန်မရနိုင်တော့ဘူး။ အဲ့ဒီတုန်းက ရိုးသားသော အချစ်တွေနဲ့ ပရိသတ်က ချစ်ကြတာ။ အခုခေတ်ကတော့ အရောင်စုံတယ်၊ ကာလာစုံတယ်။ ဟိုဘက်ခေတ်ကတော့ အဖြူရောင်ပဲ။ အဲ့ဒီအဖြူရောင် စိတ်ဓာတ်လေးတွေနဲ့ ဆုံခဲ့၊ ကြုံခဲ့ရတော့ အန်တီတို့ကတော့ ကျေနပ်တယ်။ အဲ့ဒီခေတ်က ပုံမှန်လေးသွားတာနဲ့ ကိုယ့်ပရိသတ်က ချစ်နေတာ ဆိုတော့လေ။ ဒီဘက်ခေတ်မှာ သင်္ကြန်မိုးလို ရုပ်ရှင်ဇာတ်ကားကြီးကို မရိုက်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငွေအင်အား၊ အချိန်၊ လူအင်အား၊ နောက်လူတွေရဲ့ အတတ်ပညာ၊ အသိပညာ စွမ်းပကားတွေ အကုန်လုံး စောစောကပြောတဲ့ ဖြူစင်တဲ့စိတ်ဓာတ်လေးတွေပေါ့။ ပြောမယ်ဆို အားလုံးက မနက် ၉ နာရီဆိုရင် မိတ်ကပ် လိမ်းပြီးသွားပြီ။ ဒီနေ့ ကိုယ့်ရှူတင်ပါပါ၊ မပါပါ။ ဒါရိုက်တာ၊ ထုတ်လုပ်သူ အကုန်လုံးရဲ့ စိတ်ဓာတ်လေးတွေ၊ စည်းကမ်းရှိတာပေါ့။ 
    မေသန်းနု ရိုက်နေပေမယ့် မေရွက်ဝါ အလကား မနေရဘူး။ ကြည့်ရမယ်။ မေရွက်ဝါ ရိုက်နေရင် မေသန်းနု အလကား မနေရဘူး၊ ဒေါ်ခင်သန်းနု ရိုက်နေရင်လည်း ကြည့်ရမယ်။ ကိုယ့်ရဲ့အသိပညာ၊ အတတ်ပညာ ဖလှယ်တဲ့အနေနဲ့ အားလုံးက ကြည့်ရတယ်။ အဲဒီလိုမျိုး တစ်ပြေးညီပဲ။ ရိုးသားကြတယ်၊ ဖြူစင်ကြတယ်။ ကားထဲမှာ ခင်စိုးပိုင်၊ သီတာသိမ့် အကုန်လုံး ပါကြတာပဲ။ အားလုံးက တစ်ပြေးညီပဲ ဘုန်းကြီးကျောင်း တစ်ခုမှာ သမီးရယ် အန်တီဝါတို့ တစ်လကြာတယ်။ တစ်လကြာတဲ့အချိန်မှာ ဖြူစင်တဲ့ အချစ်တွေနဲ့ ခွဲခွာကြမယ့် အချိန်ကြတော့ မျက်ရည်တွေ ဝဲနေတာ။ ဒီဘက်ခေတ်နဲ့ကတော့ တခြားစီပဲ။ ရိုက်ကူးရေးတွေကတော့ ကိုယ့်ထက်တတ်ကျွမ်းတဲ့ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေက ဦးဆောင်ပြီး လုပ်သွားတာပဲ။ ကိုယ်ကတော့ သူတို့ရဲ့ စည်းမျဉ်း၊ စည်းကမ်းအတိုင်း ဒါလုပ်ရမယ်ဆိုရင် ကိုယ်က ဆရာသမားတွေရဲ့ အားပေး လမ်းညွှန်မှုကို နာခံရင်းနဲ့ စည်းကမ်းရော၊ စိတ်ဓာတ်ရော အားလုံးညီ ညာဖြောင့်ဖြောင့် ဝိုင်းဝန်းပံ့ပိုးတဲ့အတွက်ကြောင့် ဒီကားကြီးက လုံး၀ဂန္ထဝင်မြောက်တယ်ဆိုတာကို အစက ပြောသလို နောက်နှစ်ပေါင်း ဆယ်၊ ရာချီပြီးတော့လည်း ကွယ်ပျောက်သွားမှာ မဟုတ်ဘူး။ သင်္ကြန်မိုးကို အလားတူ ရိုက်နိုင်ကြလားဆိုတော့ မရိုက်နိုင်ကြဘူး။အလားတူ သီချင်းတွေကလည်း နောက်နှစ်ပေါင်း ဆယ်၊ ရာချီပြီးတော့လည်း အောင်မြင်နေဆဲ၊ အောင်မြင်နေဦးမှာပဲ။ ဒီလိုသီချင်းတွေကို ကျော်ပြီးတော့ သင်္ကြန်သီချင်းတွေထပ်ပြီး အောင်မြင်ဖို့ကလည်း အိပ်မက်လို့ ပြောချင်ပါတယ်။ တကယ်လည်း ကောင်းခဲ့ပြီး တကယ်လည်း အနှစ်သာရရှိတဲ့ သီချင်းတွေပါ။ ဒါကြောင့် သင်္ကြန်မိုးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နောက် ၁၀ နှစ်၊ အနှစ် ၁၀၀ လည်း ပြောလို့ မကုန်ပါဘူး။ 

TREND ။        ။ ဒီရုပ်ရှင်ကားကြီးကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မောင်တင်ဦး (ပါပါကြီး)နဲ့ ပတ်သက်ပြီးတော့ အမှတ်တရလေးတွေလည်း ပြောပေးပါဦး။
MYW ။        ။
ါပါကြီးက သူ့ရဲ့လုပ်ငန်းပေါ်မှာ သိပ်ချစ်၊ သိပ်ရိုသေပြီးတော့၊ သိပ်လေးစားတာ။ ပြီးတော့ သူက အနုပညာရှင် အကုန်လုံးအပေါ်မှာ ကိုင်တွယ်တာ နူးညံ့တယ်၊ အော်တာဘာမှမရှိဘူး။ အပြုံးလေးနဲ့ ဘယ်လိုလုပ်ရမလဲ။ မရရင် ကိုယ့်ဘာသာ ကျိတ်ပြီးတော့ အခါခါ လေ့ကျင့်။ လူမြင်ကွင်း ရှေ့ကြမှ ပါပါကြီးက အော်တာတို့၊ ငေါက်တာတို့ မလုပ်ချင်ဘူး။ လုပ်လည်း မလုပ်ခဲ့ဖူးဘူး။ သူပြောတဲ့ အပေါ်မှာ အားလုံးက အားနာပြီးတော့ ငါ အမှားမရှိအောင် လုပ်ရမယ်ဆိုပြီး တစ်ပြေးညီစိတ်ထဲမှာ သွင်းလိုက်တာ။ သွင်းလိုက်တဲ့အတွက် အမှားလည်း နည်းတယ်။ အပြုံးလေးနဲ့ ပြောလိုက် တဲ့အတွက် ကြောက်ရမယ့်အစား ရိုသေတာပေါ့။ လေးစားတာပေါ့။ ဒါက ပါပါကြီးရဲ့ သူ့မှာ မမြင်ရတဲ့ ဆရာ သမား စွမ်းအင်လို့ ခေါ်တာပေါ့နော်။ သိပ်နှမြောဖို့ ကောင်းတယ်။ ဒီလိုပညာရှင်တွေ အစောကြီးကြွေလွင့် သွားတာ။ ဦးတာဆိုလည်း ဒီလိုပဲ။ ငါဟာ ဇော်ဝမ်းပဲ ဆိုပြီးမနေဘဲ။ အကုန်လုံးပေါ်မှာ သားရင်း၊ သမီးရင်းလို မေတ္တာအပြည့်ပေးပြီးတော့ ရိုက်ကူးပေးတယ်။ အဲဒီထဲမှာ နည်းနည်းဆိုးတာက မေရွက်ဝါက နည်းနည်းဆိုးတယ်။ ဘာဆိုးတာလဲဆိုရင် အစကတည်းက သင်္ကြန် တွင်းမှာရိုက်မယ်လို့ စပြောက တည်းက သူက မဏ္ဍပ်တွေမှာ သင်္ကြန်သီချင်းဆိုချင်လို့၊ သူက ရှူတင်ထမင်းစား နားတော့မယ်ဆိုရင် သူက မေသန်းနုကို သွားသွားစွဲခေါ်ပြီး သီချင်းသွားဆိုတယ်။ အဲဒီချိန်တုန်းက မေရွက်ဝါကို လူသိတယ်။ မေသန်းနုက မင်းသမီးအသစ်ဆိုတော့ မေရွက်ဝါသီဆိုတဲ့ အခါမှာ မေသန်းနုက တွဲတွဲပြီးတော့ ကရတာ။ များသောအားဖြင့် ရွှေဆိုင် အကြီးတွေက မဏ္ဍပ်တွေ ထိုးတော့ သူတို့ကဖိတ်တာ။ မေရွက်ဝါနဲ့ မေသန်းနု ပထမရက်ပဲ၊ နောက်ရက်ကြတော့ ဖုန်းတွေဆက် ပြီးတော့၊ ဖုန်းဆက်တယ်ဆိုတာ 'ဘုန်းကြီးကျောင်းက ဖုန်းကိုဆက်ပြီးတော့နော်' အဲဒီတုန်းက ဟန်းဖုန်းတွေ မပေါ်သေးဘူးလေ။ သူတို့ဆီက ကားတွေ လာကြိုပေးတာ။ အဲဒီတော့ မဆင့်ကို လက်တို့ပြီးတော့ သွားရအောင် ကားရောက်နေပြီဆိုရင် ဒိုင်လျှိုလေး ထွက်ထွက်သွားရတာ။ ပြန်လာလို့ နောက်ကျရင် ပါပါကြီးက ဆူပြီးတော့ ခေါင်းကိုပါ ခေါက်တာ။ အဲဒီအချိန်ကတည်းက မဆင့်က မန္တလေးနဲ့ ဝမ်းဆက်က ယနေ့အချိန် အထိပဲ။ အဲ့ဒါတွေက မမေ့နိုင်ကြဘူးနော်။

TREND။        ။ အဲ့ဒီကားပြီးတော့ နောက်ပိုင်းမှာ အားလုံးကလည်း ယနေ့အချိန်အထိ အပြောများတာ မြခက်က ပျောက်သွားတယ်။ ယနေ့အချိန်အထိပဲဆိုတော့ အန်တီဝါတို့နဲ့ရော အဆက်အသွယ် ရသေးလား။
MYW ။        ။ မြခက်နဲ့က အဆက်အသွယ် မရတော့ဘူး။ မြခက်နဲ့က ကျန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်က ဘာအဆက်အသွယ်ရှိလဲဆိုရင် ရန်ကုန်ကို ခဏလာတာ။ ဘယ်လို ဘယ်လိုသတင်းရလဲ မသိဘူး။ သူက ဘုရားကျောင်းရဲ့ တရားဓမ္မဟောတဲ့သူအဖြစ် လုပ်နေတာလေ။ နယ်မှာဆိုတော့ သူက အနုပညာနဲ့ပတ်သက်ပြီး ဘာမှမလုပ်တော့ဘူး။ စွန့်လွှတ်ခဲ့တာ။ ဒါပေမဲ့ သင်္ကြန်မိုး လာနေသ၍ မြခက်ကတော့ မြခက်ပဲ။ သင်္ကြန်မိုးက အရှိန်မပျက်ဘူး။ ခေတ်လူငယ်တွေအထိ စွဲကျန်နေတာ။ ယနေ့ခေတ်လူငယ်တွေအထိ သီချင်းတွေပါ ထပ်ဆင့်ပြီးတော့ ပံ့ပိုးပေးတော့ ပိုပြီးတော့ ခိုင်မြဲသွားတယ်။ မြခက်နဲ့ လွန်ခဲ့တဲ့ ကိုးနှစ်၊ ၁၀ နှစ်ဝန်းကျင်မှာ မဂ္ဂဇင်းတစ်ခုက တွေ့လို့ ချက်ချင်းအရေးပေါ် စီစဉ်တယ်။ မြခက်ရယ်၊ နွယ်နွယ်ရယ်၊ ဝါဝါရယ်။ ကိုထွေးရယ်၊ ကိုငြိမ်းမောင်ရယ်။ သင်္ကြန်မိုး အုပ်စုတွေ အဲဒီချိန်မှာ ဦးတာတော့ ဆုံးသွားပြီ။ ရိုက်လိုက်ရသေးတယ်။ အဲ့ဒီတုန်းက သူပြောပြတယ်။ သူ အနုပညာ မလုပ်တော့ဘူး၊ ဒါတောင်မှ အားနာလို့တဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေ အကုန်လုံးက ရိုက်ကြမယ် ဆိုလို့ ဦးဇင်ဝိုင်း၊ ဦးနေအောင်၊ အန်တီဝါ၊ မဆင့်နဲ့ မြခက်ရယ် ငါးယောက် ရိုက်လိုက်သေးတယ်။ အဲ့ဒီက တည်းက မြခက် အစပျောက်သွားတာ ယနေ့အထိ ပြန်မတွေ့တော့ပြန်ဘူး။ အမှန်တကယ်က သူ့ရဲ့ကာရိုက်တာက သူနဲ့ အရမ်းလိုက်ဖက်ပြီးတော့ နောက်ထပ် ဇာတ်ကားတွေ ဆက်ရိုက်လို့ ရသေးတယ်နော်။ ဒါပေမဲ့ သူက အိမ်ထောင်လည်း ကျသွားတယ်။ နောက် အလှမ်းဝေးသွားတယ်။

TREND ။        ။ အခုချိန်အထိ လူမှုကွန်ရက်တွေမှာ ခေတ်စားနေတဲ့ ကိုငြိမ်းမောင်ပေါ့။ သူဆိုရင် ကလေးတွေကအစ ပြောနေတာ ကြားရတယ်နော်။
MYW ။        ။
ကိုငြိမ်းမောင်က အန်တီတို့ဒီဘက်ခေတ်မှာ ခေတ်စားနေတာပေါ့။ တကယ်လည်းပဲ စန္ဒရားငြိမ်းမောင်ဆိုတာ ဟိုဘက်ခေတ်၊ ဟိုဘက်အခါတုန်းက မြို့မငြိမ်းလေ။ မြို့မငြိမ်းရဲ့ဘ၀ တစ်စိတ်တစ်ဒေသကလည်း သင်္ကြန်မိုးနဲ့ သက်ဆိုင်နေတာ ဆိုတော့လေ။ ခေတ်အဆက် ဆက်မှာတော့ ကိုငြိမ်းမောင် ကတော့ တွင်ကျယ်နေဦးမှာပါပဲ။ အန်တီနုကလည်း ကိုယ်တို့ ချစ်ခင်ပြီး လေးစားအားကျရတယ်။ အန်တီဝါတို့ ဘယ်လိုမှ လိုက်မမီနိုင်ပါဘူး။ အလှအပက အစပေါ့။ အန်တီဝါက သီချင်းဆိုတဲ့နေရာမှာသာ ပရိသတ်ကို ကျကျနန ခမ်းခမ်းနားနား တင်ဆက်နိုင်တာ။ သရုပ်ဆောင်ကြတော့ အားနည်းတယ်။ ပါပါကြီးက ဦးဇာဂနာနဲ့ သုံးကားလောက် မင်းသမီးအနေနဲ့ ရိုက်မယ်လို့ ကမ်းလှမ်းသေးတယ်။ မရိုက်ဖြစ်လိုက်ဘူး။
TREND ။        ။ ကျေးဇူးတင်ပါတယ်။

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၃) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 318

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43071

© 2022 - 2025 News. All Rights Reserved.