သစ္စာဖောက်တယ်ပြောရအောင် ကျွန်မက ပါတီကိုနောက်ဆုံးအချိန်ထိ ပါတီတာဝန်ကိုဆောင်ရွက်ပေးခဲ့တာလေ - ဒေါ်စန္ဒာမင်း နှင့် ဆက်သွယ်မေး မြန်ခြင်း

၂၀၂၅ ၊ ဩဂုတ် ၃၀

  ယခင် NLDပါတီ၏ ဗဟိုကော်မတီဝင်အဖြစ်ဆောင်ရွက်ပေးခဲ့ပြီး ဥပဒေအရ ပါတီမရှိတော့သည့်နောက်ပိုင်း တရားဝင်နိုင်ငံရေးပါတီလမ်းကြောင်းပေါ်သို့ရောက်ရှိစေရန် NDFပါတီသို့ဝင်ရောက်ခဲ့ပြီးယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်စန္ဒာမင်းနှင့်ဆက်သွယ်မေးမြန်းမှုကိုဖော်ပြလိုက်ရပါသည်။

TREND   - ဒေါ်စန္ဒာမင်း အနေနဲ့ ၁၉၈၈ခုနှစ်လောက်ကစပြီး နိုင်ငံရေးနယ်ပယ်ကို စတင်လျှောက်လှမ်းခဲ့တယ်လို့သိရပါတယ်။ခုချိန်မှာ ၁၉၈၈ခုနှစ်နဲ့ဆက်နွယ်သော နိုင်ငံရေးပါတီ အချို့ရှိနေသော်လည်း NDFပါတီကို ဝင်ရောက်ရတဲ့အကြောင်းလေးသိပါရစေ။

DSDM -   NDFဆိုတာကလည်း ကျွန်မပြောရရင် NLD ရဲ့ မိတ်ဖက်ပါတီပါပဲ။ ကျွန်မအတွက်ကတော့ ဘယ်ပါတီပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။၈၈တုန်းက သူငယ်ချင်းတွေက သူဟာနဲ့သူအစွမ်းပြကြပါစေဆိုပြီး ကျွန်မက စဥ်းစားထားတာပါ။ဒ ါကြောင့်လည်း သူတို့ထဲကိုမဝင်ပဲလုပ်ဆောင်တာပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့မှာလည်း သူတို့ရဲ့အစွမ်းတွေရှိတယ်လေ သူတို့အစွမ်းတွေရှိတဲ့အတွက် ၈၈ တွေလည်း သူတို့ အစွမ်းတွေ သူတို့ပြကြပါစေ။ ကျွန်မတော့ ဒီမိုကရက်တစ်ပါတီအနေနဲ့ နဂိုကတည်းကိုကသွားနေတာဖြစ်တဲ့အတွက် ဒီမိုကရက်တစ်ပါတီကိုပဲပူးပေါင်းတာပါ။ နောက်တစ်ခုကတော့ ကျွန်မ သူတို့ရဲ့ခေါင်းဆောင်ပိုင်းနဲ့ပူးပေါင်းဆောင်ရွက်ကြည့်လိုက်တော့ သူတို့ရဲ့စိတ်ဓါတ်တွေက အစွန်းမရောက်ဘူးပေါ့။ အစွန်းမရောက်တာကို ကျွန်မလက်ခံတယ်။ နောက်ကျွန်မက Revolutionကိုမကြိုက်ဘူး။Revolutionနဲ့ သွားတဲ့ပါတီမျိုးလည်းမဖြစ်ချင်ဘူး။ ဒါကြောင့် Evolutionနဲ့သွားတဲ့ပါတီကို လက်ခံတယ်။ဒီပါတီက Evolution နဲ့သွားတဲ့ပါတီလို့လက်ခံထားတယ်။ ဒါကြောင့်မို့ ကျွန်မက ဒီပါတီနဲ့လက်တွဲဖြစ်တာပါ။

TREND  -   ဒေါ်စန္ဒာမင်းအနေနဲ့ တရားဝင်နိုင်ငံရေးလမ်းကြောင်းကိုစတင်ပြီလို့ ကြေညာတဲ့အချိန်မှာ မူလပါတီဝင်ဟောင်းတွေက ဝေဖန်တိုက်ခိုက်လာကြတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

DSDM-  ဘာမှမပြောချင်ပါဘူး။ သူတို့ကလေထဲကဝေဖန် နေတာပါ။ တကယ်တမ်းကြတော့ ကိုယ့်ရဲ့ပါတီတည်တံ့ခိုင်မြဲရေးအတွက် အပြင်မှာမြေပြင်ဆင်းပြီးတော့ လက်တွေ့လုပ်တဲ့လူက တစ်ယောက်မှထွက်လာတာ မဟုတ်ဘူး။ ကျွန်မတို့ကမူလပါတီရဲ့ အကျိုးကိုနောက်ဆုံးချိန်ထိသစ္စာရှိစွာနဲ့လုပ်ပေးခဲ့တာ။ အဲ့ဒီဝေဖန် နေတဲ့သူတွေက လေထဲကနေ ဝေဖန်ပြီးတော့ တစ်ယောက်မှ မြေပြင်ထွက်ပြီးလုပ်ပေးခဲ့တာမဟုတ်ဘူး။ကိုယ့်ပါတီ တည်တံ့ခိုင်မြဲရေးအတွက် ကိုယ့်ပါတီရဲ့မူဝါဒအတိုင်း ရပ်တည်ပြီး လုပ်ခဲ့တဲ့လူတစ်ယောက်မှမရှိဘူး။ ကြိုက်သလောက်ဝေဖန်ကြပါစေ ဒါကလေ ထဲမှာပဲပျောက်သွားပါလိမ့်မယ်။

TREND - ဒေါ်စန္ဒာမင်းရဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကိုသိပါရစေ။

DSDM- ကျွန်မကတော့ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် တစ်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ ရှိပါတယ်။ ဘယ်နေရာကနေဝင်ပြိုင်ရမလဲဆိုတာကတော့ ပါတီကနေ ချထားပေးပါ့မယ်။ခုချိန်ထိတော့ ကျွန်မက မြို့နယ်ကိုမသတ်မှတ်ထားသေးဘူး။ပါတီကချထားပေးတဲ့မြို့နယ်ကိုဝင်ပြိုင်လိုက်မယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်လို့ စဥ်းစားထားပါတယ်။ ဘာကြောင့်လည်ဆိုတော့ ကျွန်မ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပဲလုပ်ခဲ့တော့ ပြည်သူ့လွှတ်တော်ကိုပဲ​ ကျွမ်းကျင်ပါတယ်။

TREND - ခုနောက်ပိုင်းမှာ ရွေးကောက်ပွဲအပေါ် ကန့်ကွက်တဲ့အသံတွေလည်း ထွက်လာတဲ့အပေါ်မှာရော ဘာများပြောချင်ပါသလဲ။

DSDM-  ရွေးကောက်ပွဲအပေါ် ကန့်ကွက်တဲ့လူတွေရှိသလို ထောက်ခံတဲ့လူတွေလည်းရှိပါတယ်။ ကန့်ကွက်တဲ့လူတွေကရော တိုင်းပြည်အတွက် ဘယ်လောက်ဆောင်ရွက်ခဲ့လဲဆိုတာ ပြန်စဥ်းစားကြဖို့လိုပါတယ်။ ကျွန်မတို့နိုင်ငံက ခုလို အဘက်ဘက်မှာ အားနည်းနေတဲ့အချိန်မှာ ကျွန်မတို့က ကိုယ်တိုင်းပြည်အတွက် အရွေ့တစ်ခုအတွက် မစွမ်းဆောင်သင့်ဘူးလား။ လေထဲကနေဝေဖန်နေတာတွေဟာ အလုပ်မဖြစ်ဘူလေ။ အဲ့ဒီတော့ တကယ်သာ တိုင်းပြည်အပေါ်စေတနာရှိတယ်ဆိုရင် ကိုယ်တိုင်ဝင်ရောက်ဆောင်ရွက်လိုက်ပါလားလို့ ပြောချင်ပါတယ်။ ဝေဖန်နေမယ့်အစားပေါ့။

TREND - ဒေါ်စန္ဒာမင်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်စုကြည်ကလည်း ပြည်တွင်းမှာ ဥပဒေအရ အရေးယူခံထားရဆဲဖြစ်ကြောင့် ဒေါ်စန္ဒာမင်းအနေနဲ့ တရားဝင်နိုင်ငံရေးလမ်းကြောင်းပေါ်ကိုရောက်လာတဲ့အခါမှာ သူ့အတွက် ဘာများဆောင်ရွက်ပေးသွားဖို့ရှိပါသလဲ

DSDM - ကျွန်မလွှတ်တော်ထဲကို အရင်ရောက်အောင်ကြိုးစားရအုံးမယ်။ လွှတ်တော်ထဲကိုရောက်သွားပြီးတဲ့အခါကျတော့မှ ကျွန်မတို့​က ခေါင်းဆောင်တစ်ယောက်အတွက်ရယ် မဟုတ်ပါဘူး အကျဥ်းကျနေသူအားလုံးအတွက် ထည့်စဥ်းစားပေးရမှာပါ။ ဘယ်လိုတွေဆောင်ရွက်ရမယ်ဆိုတာ လွှတ်တော်ထဲရောက်မှသာလျှင် ကျွန်မတို့က ဆောင်ရွက်ပေးလို့ရမှာပါ။ ဒါကြောင့် လွှတ်တော်ထဲရောက်အောင် ကျွန်မကို အရင်ပို့ပေးပါလို့ ပြောချင်ပါတယ်။

TREND- ခုလို NDFပါတီထဲကို ဝင်ရောက်သွားတာကို ဒေါ်အောင်ဆန်းစုကြည်သာဆိုရင် ဘယ်လိုမှတ်​ချက်ပေးမယ်လို့ မျှော်လင့်ပါသလဲ။
DSDM-  
ကျွန်မ NDFပါတီဝင်တာ ဒေါ်အောင်ဆန်းစုကြည်သာဆိုရင် ရှုံချတာ ကန့်ကွက်တာမျိုးတွေ လုပ်မှာမဟုတ်ဘူး။ သူ့ရဲ့သဘောထားက ဘယ်နေရာကပဲဖြစ်ဖြစ် တိုင်းပြည်အတွက်ကို ဆောင်ရွက်နေတယ်ဆိုရင် သူကျေနပ်မှာပဲ။ ဘာဖြစ်လို့လည်ဆိုတော့ ကျွန်မနမူနာပြောမယ်။ကျွန်မတို့ ၈၈ တွေ ထောင်ကနေထွက်လာ တော့  ဒေါ်အောင်ဆန်းစုကြည်က ကျွန်မကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဝင်ပြိုင်မလားဆိုပြီးတော့ ခေါ်ပြီးမေးလိုက်တယ်။ကျွန်မကတော့  တစ်ရက်ပဲအချိန်ယူပြီး နောက်နေ့မှာ ချက်ချင်းအဖြေပေးလိုက်တယ်။ကျန်တဲ့ ၈၈ ကလူတွေကတော့ သူ​တို့အခြေအနေကို စောင့်ကြည့်ပါအုံးမယ် ဆိုပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဝင်ကြဘူးပေါ့နော်။ အဲ့ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ဟုတ်ပြီ ဒါဆိုရင်လည်း တိုင်းပြည်အတွက် သူပြောတဲ့လွှတ်တော်ကိုယ်စားလှယ်မလုပ်ဘူးဆိုရင်လည်း အဲ့ဒီတုန်းက NLDကနေပြီးတော့ ၈၈အတွက်နေရာချထားပေးတယ်လေ။ ဝင်မလုပ်ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကရတယ် ပူးပေါင်းဆောင်ရွက်မှုမရှိရင်လည်း ဘာပြဿနာမှမရှိဘူး။ ကိုယ်ကြိုက်တဲ့နေရာကနေ  ယုံကြည်ချက်ရှိရင် ပါတီတစ်ခု​ထောင်ပြီး ဆက်လက်ဆောင်ရွက်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ ခုပါတီမရှိ​တော့ဘူးဆိုတော့ ကျွန်မတို့အိမ်မှာ ငုတ်တုတ်ထိုင်နေမယ့်အစား တစ်နေရာကနေပြီး တိုင်းပြည်တာဝန်ထမ်းဆောင်နေမယ်ဆိုရင် ဒါကို ဘယ်သူကမှအပြစ်မပြောပါဘူး။

TREND- ဒေါ်စန္ဒာမင်းရဲ့ ပါတီအကူးအပြောင်းသတင်းတွေမှာ ထူးခြားတဲ့မှတ်ချက်တွေက သစ္စာဖောက်တယ်လို့ ပြောကြတဲ့အပေါ် ဘာများမှတ်ချက်ပေးလိုပါသလဲ။

DSDM- သစ္စာဖောက်တယ်ပြောရအောင် ကျွန်မက ပါတီကို နောက်ဆုံးအချိန်ထိ ပါတီတာဝန်ကိုဆောင်ရွက်ပေးခဲ့တာလေ။ ပြောတဲ့လူတွေက နောက်ဆုံးအချိန်ထိ ပါတီတာဝန်ကို ဘာထမ်းဆောင်ခဲ့လို့လဲ ကျွန်မကပြန်မေးလိုက်ချင်ပါတယ်။

TREND -ခုလိုဖြေကြားပေးတဲ့အတွက်​ကျေးဇူးတင်ပါတယ်။

(ထူးမြတ်)

Total Views ~ 84

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52232

© 2022 - 2025 News. All Rights Reserved.