Breaking

အခု တိုက်နေတဲ့အဖွဲ့တွေ တစ်ချိန် စားပွဲဝိုင်းကို ပြန်လာကြရမှာ အဆင်ပြေသွားရင် လက်ဆွဲနှုတ် ဆက်ကြမယ်၊ ယုံကြည်မှု တည်ဆောက်ပြီးရင် အရက်ခွက်၊ ဝိုင်ခွက်တိုက်ကြမယ် ဒီလိုပဲ ဖြစ်လာမှာပါ . . .  ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး စောကြည်လင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ၊ ဩဂုတ် ၁၉

    ပြီးခဲ့သည့် အစိုးရအဆက်ဆက်တို့တွင် ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့မှုများ၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့မှုများနှင့်ပတ်သက်ပြီး NLD လက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး စောကြည်လင်း၏ မြန်မာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထား ပါသည်။

TREND ။        ။ ငြိမ်းချမ်းရေးလိုလားသူ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူ တစ်ဦးအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ် ဘယ်လိုသုံးသပ်မိလဲ။
SKL ။        ။
လက်နက်ကိုင်ပဋိပက္ခက လွတ်လပ်ရေးနဲ့အတူ ပေါ်လာတဲ့ ပဋိပက္ခပါ။ ဒါကလည်း အမှန်ပြောရရင် နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းဆွေးနွေးတာ‌တွေ အဆင်မပြေလို့၊ မရလို့ လက်နက်ကိုင်လမ်းစဉ်ကို သွားကြတာပေါ့။ ကျွန်တော်တို့၊ အဖေတို့၊ အဘိုးတို့ခေတ်က စခဲ့တာဆိုတော့ နှစ်ပေါင်း အတော်ကြာခဲ့ပါပြီ။ နှစ်ပေါင်းကြာနေတဲ့ လက်နက်ကိုင်ပဋိပက္ခက ဒီအတိုင်းပဲ သွားနေတယ်၊ အစိုးရအဆက်ဆက် ဒီလိုပဲ ရန်ဖြစ်လာခဲ့ကြတာ အခုထက်ထိ ရှိနေတယ်။ ဒီအတိုင်းပဲ သွားနေဦးမယ်ဆိုရင်တော့ လူထုပဲ ပိုပြီး နစ်နာနေမှာပါ။ အစတုန်းက သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်း ကဆိုရင် ငြိမ်းချမ်းရေး ပဋိပက္ခ ချုပ်ငြိမ်းဖို့ တော်တော်လေး အဆင်ပြေခဲ့တယ်။ အဲဒီတုန်းကဆိုရင် ငြိမ်းချမ်းရေး ဖိတ်ခေါ်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့စုံပါခဲ့တယ်။ မြောက်ပိုင်းအဖွဲ့တွေတောင် ပါခဲ့တယ်။ ၁၆ ဖွဲ့အထိ NCCT (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့)ကို လုပ်ခဲ့ပြီးတော့မှ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းခဲ့ကြတယ်။ နောက်ဆုံး NCA လက်မှတ်တောင် ထိုးနိုင်ခဲ့တဲ့အထိ တိုးတက်ခဲ့တယ်။ ဒါက အပေါင်းလက္ခဏာ ဆောင်ခဲ့ပြီးတော့ တော်တော်လေးလည်း တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု‌တွေ တည်ဆောက်ခဲ့ရတယ်။
    အဲဒီလို ယုံကြည်မှု‌တွေ တည်ဆောက်နိုင်ဖို့ကလည်း တော်တော်လေးလည်း ခက်ခဲခဲ့ပါတယ်။ အကြိမ်ကြိမ်တွေ့ဆုံပြီးတော့မှ နောက်ဆုံး KNU နဲ့ Bilateral ပေါ့၊ ပြည်နယ်အဆင့် လက်မှတ်ထိုးနိုင်တဲ့ အဆင့်အထိကို ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အနေအထားမျိုး တွေပေါ့။ အဓိက ပြောချင်တာက ယုံကြည်မှုကို ဘယ်လောက်အထိ တည်ဆောက်ခဲ့ရသလဲ ဆိုတာကိုပါ။ နောက်ဆုံး ယုံကြည်မှုတွေ တည်ဆောက် နိုင်ခဲ့ပြီးတော့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ NCA ပေါ်တယ်။ NCA လက်မှတ်ထိုးနိုင်ခဲ့တဲ့အထိ ငြိမ်းချမ်းရေးခရီးက သာယာဖြောင့်ဖြူးခဲ့တယ်။ အဲဒီလို NCA ရေးထိုးခဲ့ပြီး နောက်ပိုင်းမှာ ကရင်ပြည်နယ်ဆိုရင် သေနတ်သံတွေ တိတ်ပြီးတော့ ငြိမ်းချမ်းရေး အသီးအပွင့်တွေနဲ့ ဒေသခံလူထုက တော်တော်လေးကို သဘောကျခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ NLD လက်ထက်မှာ ငြိမ်းချမ်းရေးဟာ တစ်ဆို့မှုတွေ ဖြစ်လာခဲ့တယ်။ ၂၁ ရာစု ပင်လုံဆိုပြီး လုပ်လာတယ်။ ငြိမ်းချမ်းရေးမှာ အရေးအကြီးဆုံးက ယုံကြည်မှုပါ။ ယုံကြည်မှုကို ကျွန်တော်တို့  အလွဲသုံးစား လုပ်ခဲ့ကြတယ်။ ယုံကြည်မှုကို တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့တစ်တွေ မရိုးသားခဲ့ကြဘူး။ မရိုးသားဘူးဆိုတာ အဲဒီတုန်းက နှစ်ဖက်လုံးက မရိုးသားခဲ့ကြတာ။
    နောက်ဆုံးကျတော့ ဒီယုံကြည်မှုတွေက ပျက်ပြယ်သွားပြီးတော့မှ တစ်ဖက်နဲ့တစ်ဖက် သုံးနဲ့လေးလို ကျောချင်းကပ်ပြီး ဝေးရာကိုသွားကြတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ အစတုန်းက NLD ကို  တိုင်းရင်းသား EAO တွေက ယုံကြည်ခဲ့တာ ရှိတယ်။ ဒီမိုကရေစီ ကျတယ်ဆိုပြီး မြင်ခဲ့ကြတာပေါ့။ တကယ်တမ်းကျတော့ ငြိမ်းချမ်းရေးကို ဇောင်းမပေးခဲ့ဘူး။ ဒါက ကျွန်တော့် အမြင်ပါ။ ငြိမ်း‌ချမ်းရေးကို ဇောင်းမပေးတာလည်း ပါသလို၊ သူတို့မှာလည်း သူတို့ အခက်အခဲနဲ့သူ ရှိခဲ့မှာပါ။ ဒါပေမဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းကလို မဟုတ်ဘူး။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိုလုပ်ခဲ့တဲ့ ဦးအောင်မင်းတို့၊ ဦးသိန်းဇော်တို့ အုပ်စုဆိုရင် တကယ်ကို Mandate အပြည့်ရ ထားတဲ့ ပုဂ္ဂိုလ်တွေ၊ NLD လက်ထက်ကျတော့  ငြိမ်းချမ်းရေးဖော်ဆောင်မှု ဥက္ကဋ္ဌကို ဒေါက်တာတင်မျိုး ဝင်းတို့ကိုပေးခဲ့တာ ကျွန်တော်မြင်တာကတော့ သူတို့က EAO တွေရဲ့ သဘောထားကို သိပ်နားမလည်ဘူး၊ EAO တွေရဲ့ အနေအထားတွေကိုလည်း သိပ်နားမလည်ဘူး။ ပြောရရင်တော့ Mandate မရဘူးပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးကြပြီ၊ ထိပ်တိုက်တွေ့ကြပြီဆိုရင် ကျွန်တော်တင်ပြပါဦးမယ် ဆိုတာမျိုးကတော့ ဘယ်လိုမှကို အဆင်မပြေဘူးလေ။ ဦးအောင်မင်းတို့၊ ဦးသိန်းဇော် တို့မှာကျတော့ သမ္မတကြီးရဲ့ Mandate က အပြည့်၊ Full Power ပေးထားတဲ့ သဘောမျိုး ရှိခဲ့တယ်။ အဓိက ပြောချင်တာကတော့ အဲဒီလို အနေအထားတွေကနေ နောက်ဆုံး ၂၀၂၁ ခုနှစ်အထိ ငြိမ်းချမ်းရေးက ပိုပြီး အလှမ်းဝေး သည်ထက် ဝေးသွားတာပေါ့။


TREND ။        ။ USDP နဲ့  NLD လက်ထက်တွေ တုန်းက ငြိမ်းချမ်းရေးဖော်ဆောင်မှု အပါအဝင် EAO တွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့မှု၊ တိုင်းရင်းသာ တွေကို နေရာပေးခဲ့မှု ဒါတွေကို နှိုင်းယှဉ်ပြီး သုံးသပ်ပေးပါဦး။
SKL ။        ။
ကျွန်တော်တို့ NCA စာချုပ်ထဲမှာ ပါဝင်ရမယ့် Stakeholders ကို နိုင်ငံရေးပါတီများလို့ အဓိပ္ပာယ်ဖော်ထားတယ်။ ဒါပေမဲ့ NLD လက်ထက်မှာ တကယ်တမ်း ငြိမ်းချမ်းရေး‌ဆွေးနွေးပွဲ‌တွေတက်တဲ့အခါမှာ အနိုင်ရနိုင်ငံရေးပါတီများဆိုပြီး ဖြစ်သွားတယ်။ အဲဒီမှာကတည်းက သွားပြီ။ အရင်အစိုးရ လက်ထက်တုန်းက အဆင်ပြေပြေရှိခဲ့တဲ့ EAO တွေနဲ့ ယုံကြည်မှုကလည်း ရှေ့တက်မလာဘူး။ ငြိမ်းချမ်း ရေးကို လုပ်တော့လုပ်တယ်။ ငြိမ်းချမ်းရေးက ရှေ့ကိုမရောက်ဘဲနဲ့ အောက်ကို ပြန်လျှောသွားတယ်။ အဲဒီလို‌ဆိုတော့ ကာယကံရှင်တွေက ပိုနာတာပေါ့။ သူတို့ အရင်မျှော်မှန်းထားခဲ့ကြတာတွေ၊ သူတို့ သိထား၊ သူတို့မြင်ထားတဲ့ သူတို့အနာဂတ်က ဘယ်လိုရှိတယ် ဆိုတာတွေ EAO တွေ ရည်မှန်းခဲ့ရင် ရည်မှန်းခဲ့ကြမှာပါ။ ဒါပေမဲ့ EAO အစိုးရလက်ထက်မှာကျတော့ အဲဒီရည်မှန်းချက်တွေ ဘာမှဖြစ်မလာတာ မျိုး တော်တော်များများ ဖြစ်ခဲ့တယ်။ အဲဒါကို ဒါက တပ်မ‌တော်ကြောင့် ဖြစ်တယ်၊ ဘာညာဆိုပြီး မျက်နှာလွှဲ ခဲပစ်ပြောတာမျိုး ကျွန်တော်တို့က လက်မခံဘူး။ သူတို့က အစိုးရပဲလေ။ အဲဒီလို အခြေအနေကနေ နောက်ဆုံးကျတော့ တိုင်းရင်းသားတွေက ဘာဖြစ်လာလဲဆိုရင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုတောင် သိပ်မကြိုက်ချင်တော့ဘူး။ ကျွန်တော့်အမြင်အရ Confederate တောင် အားကျနေပြီ၊ 'ဝ'ကို အားကျနေပြီလို့ မြင်တယ်။ ဒါက အရင်တုန်းက အပ်နဲ့ ထွင်းရမှာကို အခု ပေါက်ဆိန်နဲ့ ပေါက်ရပြီ။ အဲဒီလိုတွေဖြစ်လာပြီ။ အခုဆိုရင် ရွေးကောက်ပွဲလည်း လုပ်တော့မယ်။ အဲဒီလိုနောက်ပိုင်း ပေါ်ပေါက် လာမယ့် အစိုးရတွေအတွက် တကယ့်စိန်ခေါ်မှုတွေ၊ အဲဒီစိန်ခေါ်မှုတွေကို လာမယ့်အစိုးရတွေက ကောင်းကောင်းကို ရင်ဆိုင်ရမယ်။ နိုင်ငံရေး အစာမကြေဘူးဆိုရင် သွားပြီ။ ဒါကြီးက ဖြေရှင်းရလည်း တော်တော်ခက်မယ်။ စလုံးရေးက ပြန်စရမှာ။ အရင်တုန်းကစခဲ့တဲ့ အနေအ ထားနဲ့ အခု ပြန်စရမယ့် အနေအထားက အရမ်းကို ကွာသွားပြီ။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းပဲ ကြည့်ကြည့်၊ မြန်မာ့နိုင်ငံရေး အခင်း အကျင်းပဲ ကြည့်ကြည့် ကွာသွားပြီ။ အားမနာတမ်းပြောရရင် တကယ်တမ်း လုပ်ခဲ့တဲ့သူတွေ ကလည်း သူတို့လည်း လုပ်ခဲ့ကြမှာပါ။ ဒါကို အပြစ်မပြော ပါဘူး။
  ဘယ်အစိုးရမဆို ဒီတိုင်းပြည်ကြီး တိုးတက်အောင် ဘယ်လို လုပ်ရမလဲဆိုတာ အားလုံးက ရင်ထဲမှာ ရှိကြမှာပါ။ သူတို့လည်း သူတို့တတ်နိုင်သလောက် လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ သူတို့မှာ ဘယ်လို အားနည်းချက်တွေ ရှိတယ်‌ဆိုတာ အဲဒီတုန်းက ပြောခဲ့ကြတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ နိုင်ငံရေးကစားတာနဲ့ NLD ခေတ်မှာလုပ်ခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးကစားတာကတော့ တော်တော်ကွာတယ်။ သူတို့လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ လုပ်ခဲ့တာပဲလို့ ပြောမယ်၊ သမ္မတဦးသိန်း စိန်လက်ထက်မှာ ပထမတစ်ကြိမ်ပဲ လုပ်ခဲ့တာပဲ။ ဒုတိယ၊ တတိယ၊ စတုတ္ထ အဲဒါတွေလုပ်ခဲ့တာ ငါတို့လုပ် ခဲ့တာပဲလို့ ပြောမှာပဲ။ ဒါကတော့ အမြင်ပဲလေ။ တကယ်တမ်း အနှစ်သာရက ဘယ်လိုရှိလဲဆိုတာကို ထဲထဲဝင်ဝင် ကြည့်မှပဲ သိမယ်လေ။ ရခဲ့တဲ့ ပြည်ထောင်စုအစိတ်အပိုင်း (၁)တို့၊ (၂)တို့၊ (၃)တို့က ဒီနိုင်ငံကြီးအတွက် အပြောင်းအလဲ ဘယ်လောက်အထိ ရှိခဲ့တယ်။ အဲဒါတွေကို ကြည့်ရင် သိပါတယ်။ ဒါကြောင့် ပြောရင် အမုန်းပွားတာက လွဲလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလိုမျိုးလဲ အမုန်းမပွားချင်ဘူး။ ဒါပေမဲ့ လုပ်တာကိုင်တာကတော့ ဟာကွက်တော့ ရှိတယ်၊ ထဲထဲဝင်ဝင် မရှိဘူး။ ဒီလောက်ပဲ ပြောချင်ပါတယ်။
    ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ NCA ထိုးနိုင်တဲ့အထိ လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါကို ပြန်ထိန်းတာကျတော့ NLD လက်ထက်မှာ မထိန်းနိုင်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မထိန်း နိုင်ဘူးဆိုတာ ပေါ်လွင်တာပဲ။ ဥပမာပြောရရင် အရင်တုန်းက တစ်မတ်ဖိုး ရထားတယ်ဆိုရင် ငါးမူးဖိုး လောက်တော့ ရသင့်တာပေါ့။ တစ်မတ်ဖိုးကနေ ငါးပြား ဖြစ်သွားတယ်လေ။


TREND ။        ။ NLD လက်ထက်မှာ DKBA ကနေ ကိုယ်စားလှယ်အဖြစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖြစ်ခဲ့တယ်လို့ သိရတယ်။ ပါတီအနေနဲ့ ဘာကြောင့် မတက်ရောက်နိုင်ခဲ့တာလဲ ပြောပြပေးပါဦး။
SKL ။        ။
NCA မှာက တရားဝင်နိုင်ငံရေး ပါတီများလို့ ပါတာ။ သူတို့ NLD လက်ထက်မှာကျတော့ အဲဒါကိုဖျောက်ပြီး အနိုင်ရပါတီဆိုပြီး ဖြစ်သွားတာ။ အနိုင်ရပါတီမှ ဆွေးနွေးပွဲတက်ရမယ့် သဘောပေါ့။ အနိုင်ရပါတီဆိုတာ တစ်ခါမှ မကြားဖူးဘူး။ NCA စာချုပ်ထဲမှာ မရှိဘူး။ ပြီးတော့ ဒီအနိုင်ရပါတီဆိုတာက ကိုယ်စား လှယ်တစ်ဦးရှိလည်း အနိုင်ရပါတီထဲ ပါသွားပြီ ဆိုတဲ့သဘော။
    ရွေးကောက်ပွဲမှာ တစ်ဦးနိုင်၊ နှစ်ဦးနိုင် အဲဒီလို အနိုင်ရတာမျိုးပေါ့။ အဲဒီတုန်းက အားလုံးပေါင်းမှ ၂၂ ပါတီလားပဲ မသိဘူး၊ အများကြီးမရှိဘူး၊ အဲဒီတုန်းက NLD က သောင်ပြိုကမ်းပြိုလေ။ ကမ်းပါး ကြီးတွေပြိုတယ်၊ အကုန်လုံးပြိုတယ်လေ။ ကျွန်တော်တို့ ပါတီကလည်း NLD လက်ထက်မှာက ပါတီကိုယ်စား တက်ခွင့်မရှိဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က တရားဝင်နိုင်ငံရေးပါတီအနေနဲ့ သွားလို့ မရခဲ့ဘူးလေ။ ကျွန်တော်တို့က တရားမဝင်ပေါ့ဗျာ။ ကျွန်တော်တို့က တရားမဝင်တဲ့ အကြောင်းအရင်းက ကျွန်တော်တို့က ရွေးကောက်ပွဲမနိုင်လို့။ မနိုင်တော့ တရားမဝင်ဖြစ်သွားတဲ့ သဘောပေါ့ဗျာ။ အမှန်ကတော့ UEC မှာ မှတ်ပုံတင်ရင် တရားဝင်နိုင်ငံ ရေးပါတီပဲလေ။ ဒါပေမဲ့ သူက အနိုင်ရပါတီမှသာ ငြိမ်း ချမ်းရေးပွဲ တက်ရမယ်ဆိုတော့ ကျွန်တော်တို့ပါတီက ဘယ်တက်လို့ရတော့မလဲ။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဆိုတာ NCA လက်မှတ်ထိုးပြီးတာနဲ့ ပြီးသွားတာ မဟုတ်ဘူးလေ။ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ရတယ်။ ဒါက UPDJC ကလုပ်တာ။ ဟိုဘက် JMC ကတော့ အပစ်အခတ်ရပ်စဲတာကို စောင့်ကြည့်ရတာ။ အဲဒီအဖွဲ့နှစ်ဖွဲ့ ရှိ တယ်။ ပြောရမယ်ဆိုရင် ပထမဆုံးအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်က အရင်ဦးဆုံးလုပ်ခဲ့တာ။
    အဲဒီတုန်းက NCA လက်မှတ်ထိုးထားတဲ့ KNU ရော၊ DKBA ရော၊ PC ရော အကုန်လုံးနဲ့ CBO (ရပ်ရွာအခြေပြု လူထုအဖွဲ့အစည်း) ရော၊ CSO ရော၊ နိုင်ငံရေးပါတီတွေရော အကုန်လုံးက မိမိတို့ လိုချင်တဲ့ ကိစ္စ၊ ဆွေးနွေး‌ရမယ့်ကိစ္စ၊ ပေါ်လစီကိစ္စ အဲဒီလိုကိစ္စတွေကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြရတာကိုး။ ကျွန်တော်တို့က ပါတီအနေနဲ့ သွားလို့မရတဲ့ အခါကျတော့ ကျွန်တော်တို့မှာ EAO က သုံးဖွဲ့ရှိတယ်။ EAO တွေရဲ့ Quota ရှိတယ်။ အဲဒီ EAO တွေမှာ တစ်ဖွဲ့ကို ၁၀ ယောက် တက်ရမယ်ဆိုရင် အယောက် ၃၀ ရမယ်။ ဥပမာ EAO တစ်ဖွဲ့က ငါတို့ငါးယောက်ပဲ တက်မယ်။ ကျန်တဲ့ ငါးယောက်ကို ပါတီက ယူ၊ CSO က ယူဆိုတာ မျိုးနဲ့ EAO ပုံစံမျိုး ပါတီတွေက သွားခဲ့ရတယ်။ ဒါ ကြောင့် ကျွန်တော့်ပါတီကလည်း EAO Quota  အရ DKBA ကိုယ်စားလှယ်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ခဲ့ရတာ။


TREND ။        ။ ရွေးကောက်ပွဲကို KNU ဘက်က မလိုလားတဲ့သဘော ပြောထားတဲ့အပေါ် ဘယ်လိုမှတ် ချက်ပြုချင်လဲ။
SKL ။        ။
ရွေးကောက်ပွဲက အတုအ‌ယောင် ရွေးကောက်ပွဲဆိုပြီး ပြောတာပေါ့ဗျာ။ ဒါက အပြောပါပဲ။ တစ်ဖက်နဲ့တစ်ဖက်က ရန်သူလို မြင်နေကြပြီဆိုရင် တစ်ဖက်ကဖြူရင် တစ်ဖက်က မည်းမှာပဲ။ ဟိုဘက်ကဖြူရင် ဒီဘက်က မည်းပေးရမှာပေါ့။ မည်းမပေးလို့မှ မရဘဲ။ ဒါတွေက ဖြစ်တတ်တဲ့ သဘောလို့ပဲ မြင်တယ်။နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတော့ တစ်ဖက်ကလည်း မပျက်ပျက်အောင် ဖျက်မယ်ပေါ့။ အဲဒီ သဘောသဘာဝပဲ။ ရွေးကောက်ပွဲလုပ်ခွင့် မပြုဘူးပြောလည်း သူတို့ဘာလုပ်နိုင်လဲ၊ လုပ်လို့ရတဲ့နေရာ လုပ်မှာပေါ့။ ပဋိပက္ခ ဖြစ်နေတဲ့နေရာ ဘယ်သူက သွားပြီး မဲပုံးထောင်မှာလဲ။ သူတို့ကတော့ အဲဒီလိုပဲ ပြောမှာပေါ့။ လက်ရှိ ကာ/လုံကလုပ်မယ့် ရွေးကောက်ပွဲကို KNU က လုပ်ပါဗျ၊ ထောက်ခံပါတယ်ဗျ ဆိုတာမျိုး ဘယ်သူက ပြောမှာလဲ။ သူတို့ထွက်လာမယ့်စကား ကျွန်တော် တို့က သိပြီးသား။ ဒီတော့ KNU ကတော့ ရွေးကောက်ပွဲကို မလိုလားကြောင်း ပြောမှာပဲ။ အဲဒီလိုပြောမှပဲ ဒီလူတွေက ငါတို့လူပါလား၊ ငါတို့ မဟာမိတ်ကွ၊ ဒါက ငါ တို့ KNU ကွဆိုပြီး တစ်ဖက်က ကျိတ်ပြီးဝမ်းသာနေကြမှာလေ။ အဲဒီလို ကျိတ်ပြီးဝမ်းသာနေကြမယ့် သူတွေလည်း ရှိကောင်း ရှိနေမှာ၊ ဒါကြောင့် ဒီလိုပဲပြောတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက ဖြစ်လေ့ဖြစ်ထဲရှိတဲ့ သဘော သဘာဝတွေက အစိုးရကတော့ ရွေးကောက်ပွဲကို အထမြောက် အောင်မြင်အောင် ကျင်းပ သွားမှာပဲလို့ ယုံကြည်ပါတယ်။


TREND ။        ။ တိုင်းရင်းသား‌တွေဟာ ဖက်ဒရယ်ဆိုတာထက် Confederation တို့၊ Confederate တို့ ဆိုတာမျိုး ပြောလာတယ်၊ အသွင်ပြောင်းလာတယ်ဆိုတော့ ဒါက ဘာကြောင့်လို့ သုံးသပ်မိလဲ။
SKL ။        ။
ကြာလာတော့ လိုချင်တာကို တောင်းဆိုတာ တဖြည်းဖြည်း ကြာလာတဲ့အခါကျတော့ သူတို့ဘက်ကလည်း စဉ်းစားလာတဲ့သဘော ရှိတယ်။ မြင်လာကြတာပေါ့။ ထားလိုက်‌ပါတော့ 'ဝ'ကိုပဲ ကြည့်လိုက်မယ်။ 'ဝ'က ဖက်ဒရယ်စကားကို နားတောင်ထောင်တာ မဟုတ်ဘူး။ သူ့အတွက် ဖက်ဒရယ် ဆိုတဲ့စကားက သူ့အတွက် အရမ်းနိမ့်တယ်။ အဲဒီလို မြင်ထားတာ။ တကယ်တမ်းရနေတာလဲ  'ဝ'ရဲ့ လက်ရှိအနေအထားက Confederate။ ဒါပေမဲ့ 'ဝ'က ပါးတယ်။ ဒီနိုင်ငံက ဘယ်တော့မှ ခွဲမထွက် ဘူး။ အဲဒီလို ပြောထားတယ်။ 'ဝ'တပ်ဖွဲ့ရဲ့ နှစ် (၃၀) ပြည့် အခမ်းအနားမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံက ထိပ်မှာ။ 'ဝ' အလံက အောက်မှာ။ AA က ထွန်းမြတ်နိုင်က Confederation အဆင့်ထက် မနိမ့်သောဆိုတဲ့ စကားကြားမိမှာပါ။ အဲဒီလိုတွေ ဘာကြောင့် အသွင်ပြောင်းလာသလဲ၊ ဘာကြောင့်ဖြစ်ခဲ့တာလဲဆိုရင် စဉ်းစားကြည့်ရင် သိပါတယ်။


TREND ။        ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး လိုလားသူ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတစ်ဦးအနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။
SKL ။        ။
ပဋိပက္ခကြားထဲ အခုလို ရန်ဖြစ်နေတဲ့အထဲမှာကတော့ လူထုပဲ အထိနာနေတာပါ၊ မြေစာပင်တွေ အထိနာတာပေါ့။ အိုးအိမ်စွန့်ပစ် စစ် ဘေးရှောင်တွေဖြစ်၊ မိုးထဲလေထဲ ဆင်းရဲဒုက္ခတွေဖြစ် ဒေသခံပြည်သူတွေ အရမ်းကို သနားဖို့ကောင်းပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် ဘားအံမှာဝောာ့ အေးအေးဆေးဆေးပေါ့။ ဘာပြဿနာမှ မဖြစ်တော့ အေးအေးဆေးဆေး နေလို့ရသေးတာပေါ့။ ကော့ကရိတ်တို့ဘက်မှာ ကျဝော့ာလည်း ရွာတွေ ပျက်စီး၊ အိုးအိမ်တွေပျက်စီး လူတွေလည်း တစ်ကွဲ တစ်ပြားဖြစ်၊ သေတဲ့သူကသေ၊ ငတ်တဲ့သူငတ် ပြောရရင်တော့ အနိဋ္ဌာရုံတွေပဲပေါ့။ ဒါက နိုင်ငံရေး ပြဿနာဗျ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းတာ အမှန်ဆုံးပဲ။ ရှင်းဖို့လည်း ကြိုးစားခဲ့တာပဲ။ ကြိုးစားလို့မရတဲ့အခါ လက်နက်ကိုင်လမ်းစဉ် ရွေးသွားကြတာပေါ့။ နိုင်ငံရေးနည်းနဲ့ မရတော့ စစ်ရေးနည်းနဲ့ သုံးကြတာပေါ့။ ဒါတွေကလည်း ကမ္ဘာမှာလည်း အဲဒီနည်းပဲ ရှိကြတာကိုး။ တခြားနည်းရှိလည်း အဲဒီတခြားနည်း သုံးမလား မပြောတတ်ဘူး။ အဲဒီလိုမျိုးက ရှိနေမှာပါ။ တိုက်နေကြတာပဲ၊ အရင်တုန်းက လည်း တိုက်နေကြတာပဲ။ နောက်ပိုင်းကျတော့လည်း အဆင်ပြေသွားပြီး လက်ဆွဲ နှုတ်ဆက်ကြတာပဲ။ အခုတိုက်နေ ကြတဲ့အဖွဲ့တွေလည်း နောင်တစ်ချိန်မှာ စားပွဲဝိုင်းကိုပဲ  ပြန်လာကြရမှာ။ အဆင်ပြေသွား ပြီဆိုရင် လက်ဆွဲနှုတ်ဆက်ကြမယ်၊ ယုံကြည်မှု တည်ဆောက်ပြီးရင် အရက်ခွက်၊ ဝိုင်ခွက်တိုက်ကြမယ်။ ဒီလိုပဲ ဖြစ်လာမှာပါ။ ဒါတွေက ယုံကြည်မှု တည်ဆောက်ပြီးရင် ဖြစ်လာမယ့်အခြေ အနေကို ပြောပြတာပါ။ အဲဒီလိုမဟုတ်ဘဲ ဒီအတိုင်းပဲ တိုက်နေကြမှာလား။ နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဒီအတိုင်းပဲ တိုက်နေ မလား။ ဒီအတိုင်းနေမယ် ဆိုရင်တော့ ဒီအ တိုင်းပဲ ဖြစ်နေမှာပါ။
    ဒါကြောင့် တိုက်နေခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တစ်ချိန်ချိန်မှာ စားပွဲ ဝိုင်းပေါ် ရောက်လာမှာပါ။ ဖြစ်လည်း ဖြစ်ခဲ့ပြီးပြီ၊ ထပ်ပြီးလည်း ဖြစ်လာနိုင်တယ်။ အဲဒါတွေက အပေးအယူ အနေအထား ရှိတယ်လေ။ အပေးအယူ အနေအထားတွေ မှန်ပြီဆိုရင် ဘာလုပ်မလဲ၊ စစ်တိုက်တာ ပျော်လို့ တိုက်ကြတာမှ မဟုတ်ဘဲ။ အားလုံးက ကိုယ်လိုချင်တဲ့ အနေအထားပေါ့။ ဒီဘက်ကလည်း သူလိုချင်တဲ့အနေ အထားပေးနိုင်တယ်၊ ဟိုဘက်ကလည်း လိုချင်တဲ့အနေ အထားရတယ်ဆိုရင် ပြေပြေလည်လည် ဖြစ်သွားပြီ။ ဒါက ငြိမ်းချမ်းရေးပဲလေ။ အောက်ခြေကတော့ အပေါ်က ခေါင်းဆောင်က တိုက်ဆိုရင် တိုက်ကြတယ်၊ အပေါ်က ခေါင်းဆောင်က မတိုက်နဲ့ဆိုရင်ရပ်မယ်။ အဓိကကတော့ တွေ့ဆုံ ဆွေးနွေးရေးမှာ Stakeholders ဆိုပေမယ့် Allinclusive ကို သိပ်မကြိုက်ဘူး။ ဘာကြောင့်လဲဆိုရင် အပေါ်မှာရှိတဲ့ ခေါင်းဆောင်တွေ ဆုံးဖြတ်ချက်ချနိုင်တဲ့ ပုဂ္ဂိုလ်တွေ အချင်းချင်းတွေ့ကြပြီး လုပ်တယ်ဆိုရင် ပြီးတာပဲ၊ အဆင်ပြေတာပဲ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတာ ခေါင်းဆောင်‌တွေပဲ၊ ဝင်တိုက်နေတဲ့ စစ်သားသုံး သန်း၊ လေးသန်း လက်မှတ်ထိုးတာမှ မဟုတ်ဘဲ။ ဆုံးဖြတ်ချက်ချနိုင်တဲ့ Decision Maker တွေက ဟုတ်ကဲ့ဆိုရင် ဟုတ်ကဲ့ပဲ။ တစ်ခါတလေကျရင် ဖက်ဒရယ်ဒီမိုကရေစီလား၊ ဒီမိုကရေစီ ဖက်ဒရယ်လား အဲဒီဝေါဟာရကို ငြင်းတာကို လေး၊ ငါး၊ ခြောက်လလောက် ကြာ တယ်။ အဲဒါက Allinclusive ကို သုံးခဲ့လို့ပဲ။ အဲဒီလိုပဲ မြင်တယ်။


TREND ။        ။ ပြီးခဲ့တဲ့ နစက အစိုးရလက်ထက် လေးနှစ်ခွဲကျော်ကာလမှာ  ငြိမ်းချမ်းရေးအတွက် ကြိုး ပမ်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ် ချင်ပါလဲ။
SKL ။        ။
ပြောရမယ်ဆိုရင်တော့ အရင် အစိုးရနှစ်ဆက်မှာတုန်းက လုပ်ခဲ့၊ ကြိုးစားခဲ့တာတွေက ခဲလေသမျှ သဲရေကျဖြစ်သွားခဲ့တာ နစကအစိုးကလက်ထက်မှာ အစကနေ ပြန်လုပ်ရသလို ဖြစ်သွားတယ်လို့ မြင်တယ်။ စလုံးရေ စခဲ့ရတာပေါ့။ နစကအစိုးရက လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ လုပ်သွားပါတယ်။ NSPNC တို့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။ ကျွန်တော်ကလည်း နိုင်ငံရေးပါတီအစုအဖွဲ့မှာ Member တစ်ယောက်ပါ။ အဲဒီမှာ ဘာတွေလုပ်ခဲ့ကြရ လဲဆိုရင် NSPNC ဆိုရင် အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဟာကွက်‌တွေ၊ ဒါတွေ ဒီအချက်တွေကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် ပြင်သင့်တယ်ဆိုတာမျိုး အများကြီး ဆွေးနွေးခဲ့ရတယ်။ ပုဒ်မ ၂၆၁ အပါအဝင် ဖြစ်သင့်ဖြစ် ထိုက်တာတွေပေါ့။ သမ္မတကနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို ခန့်အပ်တဲ့ အဆိုပြုတဲ့  ပုံစံမျိုးမလုပ်ဘဲနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မှာပဲ ကိုယ်ခန့်အပ်ချင်တာကို တင်ပြပြီးတော့မှ သမ္မတက ခန့်အပ်တဲ့ပုံစံမျိုး Bottom -Up ပုံစံမျိုး ဖြစ်အောင်ပေါ့။ အဲဒါမှပဲ ဖက်ဒရယ်အနှစ်သာရ၊ တိုင်းရင်းသားတွေလိုချင်တဲ့ အနေအထားလေးကို မက်လုံးပေးနိုင်တာ ပေါ့။ အဲဒီလို ပြင်သင့်တယ်ဆိုတာကို USDP အစိုးရလက်ထက်မှာ NLD က တင်တယ်။ NLD အစိုးရဖြစ်တော့ အဲဒါကို USDP က ပြန်တင်တယ်။ အဲဒီလို တင်ခဲ့ကြပေမယ့် ဖြစ်မလာခဲ့ဘူးပေါ့။ အခု နစကအစိုးရ လက်ထက် NSPNC နဲ့ ဆွေးနွေးမှုတွေကနေ သဘောတူညီချက် ၄၃ ချက် ရထားတာရှိတယ်။ အဲဒီ သဘောတူညီချက် ၄၃ ချက်မှာ အဲဒီအချက်ပါတယ်။ အဲဒါက အနာဂတ်ဖက်ဒရယ်အတွက် ခြေလှမ်း ပေါ့ဗျာ။ နောက် NSPNC ရယ်၊ EAO တွေရယ်၊ စကားပြောထားတာ ရှိသလို NSPNC ရယ်၊ EAO တွေရယ်၊ နိုင်ငံရေးပါတီများအစုအဖွဲ့ သုံးပွင့်ဆိုင် စကားပြောထားတာရှိတယ်။ ဒီကတိကဝတ်‌တွေ ဆွေးနွေးသဘောတူညီထားချက်တွေက လွှတ်တော်ပေါ်လာရင် အကောင်အထည် ဖော်ကြမှာပါ။ လွှတ်တော်မှာ တင်မယ်၊ လွှတ်တော်မှာ အတည်ပြုရမှာပါ။ ပြောရရင်တော့ နစကအစိုးရလက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ငြိမ်းချမ်းရေး စကားဝိုင်းတွေက ပွင့်ပွင့်လင်းလင်း ရှိပါတယ်။ အပြုသဘော ဆောင်ပါတယ်။


TREND ။        ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သီးခြားပြောကြားလိုတာများရှိရင် ဖြည့်စွက်ပြောကြား ပေးပါဦး။
SKL    ။    ။
ငြိမ်းချမ်းရေးက ဘယ်သူမဆို လိုချင်ကြပါတယ်။ အထူးသဖြင့် ပဋိပက္ခကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ ဒေသခံပြည်သူတွေက ငြိမ်းချမ်းရေးကို ပိုလိုချင်ကြတယ်။ အေး‌အေးချမ်းချမ်းနဲ့ ကိုယ့်စီးပွား ကိုယ်ရှာပြီး ကောင်းကောင်းစားရတယ်၊ ကောင်းကောင်းနေရတယ်၊ ကောင်းကောင်း အိပ်ရတယ်ဆိုတာမျိုး လူတိုင်းက လိုချင်ကြတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ နေရာမှာ အရမ်းအခက်အခဲရှိ တယ်ဆိုတာလည်း မှန်ပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ရဲ့ Mindset တွေကို ပြန်ပြင်သင့်ပါပြီ။ Change သင့်နေပြီ။ ကျွန်တော်တို့က Reform တောင် သိပ်မလိုချင်တော့ဘူး။ ပြုပြင်ပြောင်းလဲရေးတွေက အရမ်းကြာတယ်။ Change လိုက်ပါ။
    Change တယ်ဆိုတာက ကိုယ့်ရဲ့ Mindset တွေကအစ အကုန် Change ပါ။ ပါဝင်လာတဲ့ Stakeholdersတွေအားလုံးက အဲဒီလို Mindset တွေ အကုန်လုံး Change လိုက်လို့ရှိရင် အဆင်ပြေသွားပါပြီ။ အေးအတူ ပူအမျှဆိုတာ သီချင်းတောင် ရှိတယ်။ နိုင်ငံတော် သီချင်းမှာလည်း ခွင့်တူညီမျှဆိုတာပါတယ်။ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့မြေ၊ နားထောင်လို့ ကောင်းလိုက်တာ၊ အဲဒီအတိုင်း ဖြစ်စေချင်ပါတယ်။ အဲဒီအတိုင်းဖြစ် တယ်ဆိုရင် ခွင့်တူတယ်၊ ညီမျှတယ်၊ ဝါဒကလည်း ဖြူစင်တယ်‌ဆိုရင် အားလုံးရဲ့ Mindset ထဲမှာ၊ Stakeholders တွေထဲမှာ ဝင်သွားပြီဆိုရင် ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင် ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေး အခု ဒီနေ့တည်ဆောက် ဒီနေ့ရပြီ။ အဲဒီ Mindset ကိုသာ Change ဖို့ လိုအပ်ပါတယ်။ အဲဒီ Mindset ကို Change နိုင်ရင် ငြိမ်းချမ်းရေးက လွယ်သွားပါပြီ။
TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 2

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49687

© 2022 - 2025 News. All Rights Reserved.